
မြောက်ကိုရီးယားဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းတွေအပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
၂၉၊ ဒီဇင်ဘာ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့က တာဝေးပစ် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေ ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာ
KCNA ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ဒုံးကျည်ပစ်ခတ်မှုဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအင်အား ခိုင်မာမှုနှင့် တန်ပြန်တိုက်ခိုက်ရေး အသင့်အနေအထားကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားသည်။
၂၀၂၆ အစောပိုင်းမှာ ကျင်းပမယ့် အာဏာရပါတီရဲ့ ညီလာခံ မတိုင်ခင် စစ်ရေးနဲ့ စီးပွားရေးပါ တိုးတက်နေပြီဆိုတဲ့ အချက်ကို အလေးပေးဖော်ပြဖို့အတွက် ဆက်တိုက်အားစိုက်လုပ်ဆောင်နေတဲ့ ကင်ဂျုံအွန်းရဲ့ လှုပ်ရှားမှုတွေထဲမှာ ဒီဒုံးကျည်ပစ်ခတ်မှုလည်း ပါဝင်ပါတယ်။
KCNA ရဲ့ အဆိုအရ ခရုစ်ဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ပင်လယ်ပြင်ပေါ်မှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း တိတိကျကျ ပျံသန်းသွားပြီး ပစ်မှတ်ကိုလည်း တည့်တည့်ထိမှန်ခဲ့တဲ့အတွက် ကင်ဂျုံအွန်းဟာ အတိုင်းထက်အလွန် ကျေနပ်အားရနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစစ်ဆင်ရေးအင်အားကို အကန့်အသတ်မရှိ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ကင်မ်က ပြောခဲ့ပါတယ်၊။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက တနင်္ဂနွေနေ့ မနက် ၈ နာရီဝန်းကျင်မှာ ပြုံယမ်းမြို့အနီး ဆူနန်ဒေသကနေ ခရုစ်ဒုံးကျည်အမြောက်အမြား ပစ်ခတ်မှုကို ထောက်လှမ်းမိခဲ့ကြောင်း တနင်္လာနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းတွေအပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
အဆိုပါ အပြုအမူတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ နှစ်သစ်ကူးကာလမှာ ထပ်မံပြီး ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိတဦးရဲ့ ပြောစကားကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းဌာနက ဖော်ပြထားပါတယ်။
Ref – Reuters