
“ရေနံသာမှာက စစ်သားအင်အားနည်းတယ်။ အများဆုံး ၅ ယောက်ပဲရှိတာ။ ရဲတွေများတာ။ အခု အဲရဲတွေကို ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြောင်းသုံးတာ”
၂၆၊ဒီဇင်ဘာ။
ပုသိမ် – မုံရွာကားလမ်းနဲ့ ငသိုင်းချောင်း – ဂွ လမ်းပိုင်းက ရေနံသာစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်ဟာ ဒီဇင်ဘာလ ၂၆ ရက်ကစတင်ပြီး ရွေးကောက်ပွဲကျင်းပမယ့် မဲရုံ တွေဆီကို ပြောင်းရွှေ့ခြင်းခံခဲ့ရပါတယ်။
“မနေ့ညက ပစ္စည်းတွေသိမ်းတယ်။ အခုမနက် အသီးသီးထွက်ကြရတယ်” လို့ ရေကြည်မြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ ရေနံသာဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲတွေဟာ ကျုံပျော်မြို့နယ်ထဲက မဲရုံတွေဆီကို အဓိကပြောင်းရွှေ့သွားကြတာပါ။
ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းမှာ နာမည်ကျော်ကြားတဲ့ ရေနံသာစစ်ဆေးဂိတ်ဟာ ရဲအင်အားကို အဓိကအသုံးပြုပြီး အရပ်သားပြည်သူတွေရဲ့ ဖြတ်သန်းသွားလာခြင်းနဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်း တွေအပေါ် တားဆီး ပိတ်ဆို့နေတာပါ။
“ရေနံသာမှာက စစ်သားအင်အားနည်းတယ်။ အများဆုံး ၅ ယောက်ပဲရှိတာ။ ရဲတွေများတာ။ အခု အဲရဲတွေကို ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြောင်းသုံးတာ” လို့ သူကဆက်ပြောပါတယ်။ ဒီစစ်ဆေးရေး ဂိတ်မှာဆိုရင် ရေကြည် ၊ ကုန်းပြင် ၊ ငါးသိုင်းချောင်း ၊ အသုတ် အစရှိတဲ့ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအဖြစ် ထားရှိပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ လမ်းဆုံမှာရှိတဲ့ ရေနံသာ စစ်ဆေးရေးဂိတ်ဟာ ဒေသခံတွေကိုသာ ဖြတ်သန်းခွင့် ပေးထားပြီး တခြားဒေသက လာသူတွေကို ဖြတ်သန်းခွင့် ပေးမထားပါဘူး။
ဒါ့ပြင် စားနပ်ရိက္ခာနဲ့ စက်သုံးဆီသယ်ဆောင်တာကိုလည်း ရေနံသာစစ်ဆေးရေးဂိတ်က အထူးကြပ်မတ် ပါတယ်။ “အိမ်စားဖို့လောက်ဆိုရင်တော့ မပြောဘူး။ များရင်တော့ ထောက်ခံစာနဲ့သယ်ရတယ်” လို့ ငသိုင်းချောင်းမြို့မှာ နေထိုင်သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေနံသာစစ်ဆေးရေးဂိတ်က ရဲတွေအပြင် ရေကြည်စခန်းက ရဲတပ်ဖွဲ့ဝင် အများအပြားလည်း ကျုံပျော်မြို့နယ်ထဲက ကျေးရွာတွေ ဆီမှာရှိတဲ့ မဲရုံတွေကို သွားရောက် စောင့်ရှောက်ပေး နေရတယ်လို့ ရဲတပ်ဖွဲ့ မိသားစုဝင်က ပြောပါတယ်။ “ဒီနေ့ကစပြီး သုံးရက်ကြာမယ်လို့ ပြောတယ်” လို့ သူကဆိုပါတယ်။
ကျုံပျော်မြို့ပေါ် ရပ်ကွက်တွေမှာ ရဲတွေလက်နက်အပြည့်နဲ့ ကြိုတင်မဲကောက်နေတာ တွေ့ရတယ်။ မြို့ထဲကိုလည်း ကင်းလှည့်နေတယ်။ ရွာတွေဘက်တော့ မသိသေးဘူး”လို့ ကျုံပျော်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲ ပထမအသုတ်ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့နယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။