လာမယ့် ငါးနှစ်အတွင်း မြောက်ကိုရီးယားက မစ်ဇိုင်းထုတ်လုပ်မှု မြှင့်တင်မယ်

လက်နက်အင်အားကို မြှင့်တင်ဖို့ မစ်ဇိုင်းတွေနဲ့ အမြောက်ကျည် ထုတ်လုပ်မှု ကဏ္ဍက အဓိကကျတယ်လို့ ကင်မ်က ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

၂၆၊ ဒီဇင်ဘာ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်အတွင်း နိုင်ငံရဲ့ အဓိက လက်နက်ခဲယမ်းထုတ်လုပ်တဲ့ နေရာတွေဆီ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကင်ဂျုံအွန်းအနေနဲ့ ကိုယ်တိုင်ကြီးကြပ်မှုတွေ ပြုလုပ်ပြီးနောက်  လာမယ့် ငါးနှစ်တာကာလအတွင်း နိုင်ငံရဲ့ ဒုံးကျည်ထုတ်လုပ်မှုတွေကို ဆက်လက်တိုးမြှင့်သွားဖို့ အချက်ပြခဲ့ပါတယ်။

လက်နက်အင်အားကို မြှင့်တင်ဖို့ မစ်ဇိုင်းတွေနဲ့ အမြောက်ကျည် ထုတ်လုပ်မှု ကဏ္ဍက အဓိကကျတယ်လို့ ကင်မ်က ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ကင်ဂျုံအွန်းဟာ နိုင်ငံရဲ့ အဓိက လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံတွေကို အရင်ကထက် ပိုမိုခေတ်မီလာအောင်နဲ့ နည်းပညာပိုင်း အဆင့်မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ မူကြမ်းစာတမ်းတွေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီမူကြမ်းတွေကိုတော့ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကျင်းပမယ့် မြောက်ကိုရီးယားရဲ့ ပါတီညီလာခံဆီကို တင်ပြမှာ ဖြစ်ပြီး ညီလာခံကနေ နောက်ထပ် ငါးနှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ချမှတ်ပေးသွားမှာပါ။

ကြာသပတေးနေ့က ကင်မ်ဟာ သူ့ရဲ့ အာဏာဆက်ခံမယ့်သူလို့ ယူဆရတဲ့ သမီးဖြစ်သူကိုခေါ်ပြီး တန်ချိန် ၈,၇၀၀ ရှိတဲ့ နျူကလီးယား ရေငုပ်သင်္ဘောကြီး တည်ဆောက်တဲ့စက်ရုံကို သွားကြည့်ခဲ့သလို တာဝေးပစ် ဒုံးကျည်တွေ ပစ်ခတ်မှုမှာလည်း ကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။

Ref – Reuters