နိုင်ဂျီးရီးယားမှာ အိုင်အက်စ်နှိမ်နင်းရေး စီမံကိန်း စတင်လိုက်ပြီလို့ ထရမ့်ပြော

Truth လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ သမ္မတထရမ့်ရဲ့ ရေးသားချက်ထဲမှာ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒ ထွန်းကားလာတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

၂၆၊ ဒီဇင်ဘာ။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အိုင်အက်စ်အဖွဲ့အပေါ် အမေရိကန်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၅ရက်နေ့မှာ ပြောပါတယ်။

ထရမ့်က အိုင်အက်စ် အဖွဲ့ကို အကြမ်းဖက် အမှိုက်သရိုက်တွေလို့ ဖော်ပြခဲ့ပြီး အဆိုပါအဖွဲ့ဟာ အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်တွေကို အဓိက ဦးတည်ပြီး ရက်စက်စွာ သတ်ဖြတ်နေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်စစ်တပ်ဟာ “ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှု အမြောက်အမြားကို ဆောင်ရွက်ခဲ့တယ်”လို့ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှုကို ဆိုကိုတို ပြည်နယ်က နိုင်ဂျီးရီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အာဖရိက စစ်ဌာနချုပ်က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဆွတ် မိုင်တာမာ တူဂါက အဆိုပါစစ်ဆင်ရေးဟာ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားတဲ့ ပူးပေါင်းစစ်ဆင်ရေး တခုဖြစ်ပြီး ဘယ် ဘာသာတရားနဲ့မှ သက်ဆိုင်မှုမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းက Truth လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ သမ္မတထရမ့်ရဲ့ ရေးသားချက်ထဲမှာ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒ ထွန်းကားလာတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးထဲ့တဲ့ နိုဝင်ဘာလမှာ အိုင်အက်စ် စစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းဖို့အတွက် နိုင်ဂျီးရီးယားမှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အမေရိကန်စစ်တပ်ကို ထရမ့်က အမိန့်ပေးခဲ့ပါတယ်။

ထရမ့်ဟာ သူစွပ်စွဲထားသလိုမျိုး အသတ်ခံရတဲ့ ဖြစ်စဉ်တခုချင်းစီကို အထောက်အထားနဲ့ တိတိကျကျ မပြောထားပေမဲ့ သူ့ကို ထောက်ခံတဲ့ အမေရိကန် လက်ယာယိမ်း အသိုင်းအဝိုင်းတွေကြားထဲမှာတော့ ဒီလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ပျံ့နှံ့နေတာပါ။

တချိန်တည်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်က နိုင်ဂျီးရီးယားအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ကြာသပတေးနေ့က ပြောကြားထားပါတယ်။ သူက ဆက်ပြီး “ပျော်ရွှင်ဖွယ် ခရစ္စမတ် ဖြစ်ပါစေ” လို့လည်း  X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ပဋိပက္ခဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေကတော့ ခရစ်ယာန်နဲ့ မွတ်စလင်ဦးရေ အချိုးအစား ခန့်မှန်းခြေ အညီအမျှနီးပါး ရှိတဲ့ နိုင်ဂျီးရီးယားမှာ မွတ်စလင်ထက် ခရစ်ယာန်တွေ ပိုအသတ်ခံနေရတယ်ဆိုတဲ့ ယူဆချက်ဟာ အထောက်အထားမရှိဘူးလို့ မှတ်ချက်ပြုကြပါတယ်။

Ref – BBC