မြောက်ဦးဆေးရုံဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားသူတွေ ဆေးကုသဖို့ အခက်အခဲရှိနေ

“ရှိစုမဲ့စုငွေလေးတွေ ဆေးရုံဗုံးကြဲတော့ ပါသွားကြပြီလေ၊ ဘာမှ မပြန်မရကြဘူး။ အသက်တွေတောင် ပေးလိုက်ကြရတာ။ အဲလိုဆိုတော့ တချို့လူနာတွေမှာဆိုရင် လူနာစောင့် တောင် မလိုက်နိုင်တော့ဘူး”

၂၃၊ ဒီဇင်ဘာ။

အရပ်သားပြည်သူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်၊ သေဆုံးခဲ့ရတဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ ဗုံးကြဲခံရမှုကြောင့် ဆေးဝါးပစ္စည်းတွေများစွာ ပျက်စီးခဲ့ရပြီး ဒဏ်ရာရလူနာတွေမှာ ဆေးဝါးကုသဖို့ ငွေကြေးအပါအဝင် ဆေးဝါးလိုအပ်ချက်တွေ ရှိနေပါတယ်။

“ဆေးဝါးအပြည့်စုံဆုံး ဆေးရုံတခု ပျက်သွားပြီ၊ ဘာမှ မကျန်ခဲ့ဘူးဆိုတော့ လူနာတွေအတွက် အခက်အခဲရှိတာပေ့ါ၊ ဆေးဝါးအခက်အခဲ၊ နောက်လူနာတွေမှာ စရိတ်စကတွေ စားဖို့သောက်ဖို့တွေ အခက်အခဲရှိတယ်” လို့ မြောက်ဦး ဆေးရုံဗုံးကြဲခံရမှုထဲ မိသားစုဝင်အချို့ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ မြောက်ဦးမြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ဟာ မြောက်ဦးပြည်သူ့ဆေးရုံကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပေါင်ငါးရာဗုံး နှစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေ စုစုပေါင်း ၃၄ ဦး သေဆုံးပြီး ၈၀ ဝန်းကျင် ဒဏ်ရာရခဲ့တာပါ။

အဲဒီဒဏ်ရာရသွားခဲ့သူ ၈၀ ဝန်းကျင်ကို အာရက္ခတပ်တော်(AA)ကျန်းမာရေးဌာန အပါအဝင် လူမှုကူညီရေးအသင်း အဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ဘေးလွတ်မယ့်လို့ ယူဆရတဲ့ ယာယီဆေးပေးခန်းတွေမှာ ဆေးဝါးကုသပေးနေတာ ဖြစ်ပါတယ်။

အဲဒီ ယာယီဆေးခန်းတွေမှာ ဆေးဝါးနဲ့ ဆေးဝါးပစ္စည်း လိုအပ်ချက်တွေ ရှိတဲ့အတွက် အကူအညီပေးကြဖို့ AA ကလည်း ထုတ်ပြန်တောင်းဆို ထားပါတယ်။ “ရှိစုမဲ့စုငွေလေးတွေ ဆေးရုံဗုံးကြဲတော့ ပါသွားကြပြီလေ၊ ဘာမှ မပြန်မရကြဘူး။ အသက်တွေတောင် ပေးလိုက်ကြရတာ။ အဲလိုဆိုတော့ တချို့လူနာတွေမှာဆိုရင် လူနာစောင့် တောင် မလိုက်နိုင်တော့ဘူး” လို့ ဒေသတွင်း လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

ဆေးရုံဗုံးကြဲခံရမှုအတွင်း မိခင်၊ အစ်မနဲ့ ခဲအိုဖြစ်သူတို့ သေဆုံးသွားခဲ့ရပြီး ဖခင်ဖြစ်သူဆေးရုံတက်ကုသမှုခံနေရဆဲ ဖြစ်တဲ့ မြေပုံမြို့နယ် ပြိုင်းတောချေကျေးရွာမှ မသိန်းသိန်းစိုးကလည်း ဖခင်ဆေးဝါးကုသဖို့နဲ့ မိသားစုစားဝတ်နေ ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“ဖေဖေတယောက်တည်းပါ ဆေးရုံမှာ၊ အမေတို့ကို သင်္ဂြိုလ်နေရတော့ မသွားနိုင်ဘူး၊ အမေတို့ သေသွားတာကို လည်း အဖေကမသိသေးတော့ မသွားရဲတာ။ အခက်အခဲကတော့ အကြွေးတပုံနဲ့ ကျန်ခဲ့တာပေ့ါ။ အခုစားဖို့တောင် မလွယ်ဘူး” လို့ မသိန်းသိန်းစိုးက ပြောပါတယ်။

အရပ်သားပြည်သူ ရာဂဏန်းထိ ထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့ စစ်တပ်ရဲ့ မြောက်ဦးဗုံးကြဲမှုဟာ လူသားမျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ဥရောပသမဂ္ဂ(EU)၊ ဥရောပကော်မရှင်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်၊ ဝန်ကြီးတွေက ထုတ်ပြောထားကြပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်ဘက် လူနေကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုစိပ်လာတာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို AA နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက တအာင်းတပ်(TNLA)နဲ့ ကိုးကန့်တပ် (MNDAA)တွေကတော့ စစ်တပ်နဲ့ အပစ်ရပ်ထားကြပါတယ်။ အဲဒီလိုရှမ်းမြောက်မှာ အပစ်ရပ်နေတာကြောင့် စစ်ကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွင်း လေကြောင်းအားကိုးကာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်၊ ဖိအားပေးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ရခိုင်မှာ တကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၁၃ ရက် ထိ နှစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ၁၀၀၅ ဦး သေဆုံး ပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။