
“နေ့စားအလုပ်လုပ်ပြီး ပေးကြတယ်၊ ပြီးရင် ရှိစု၊ မဲ့စု စုထားတာလေးတွေ ရောင်းပေးကြရတယ်။ ညနေ ဆန်ဝယ်ဖို့ မရှိရင်တောင် အဲလောက်မပူဘူး၊ ဒီစစ်မှုထမ်းကြေးအတွက်ကိုပဲ ပိုက်ဆံအဓိကပူနေရတဲ့အနေအထား၊ ကျေးရွာနေ ပြည်သူတွေအတွက်ကျတော့ လေးငါးသောင်းဆိုတာလည်း တန်ဖိုးကြီးတယ်လေ”
၂၀၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာ အရင်က စစ်မှုထမ်းကြေးကို နှစ်လတကြိမ်သာ ပေးနေခဲ့ကြရာကနေ အခုအခါ လစဉ်ပေးနေကြရပြီး ဒေသခံတွေမှာ ဆန်ဖိုးထက် စစ်မှုထမ်းကြေး မပေးနိုင်မှာကို ပိုကြောက်နေကြရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
“အရင်ကတော့ နှစ်လခြား တခါ၊ လခြားနဲ့ ပေးရတာ၊ အခုကျတော့ လတိုင်းပေးရတော့ ရွာကလူတွေ အဆင်မပြေ ကြတော့ဘူး။ တလတခေါက်ကိုမှ တအိမ်ကို အနည်းဆုံး လေးသောင်းခွဲကနေစတယ်၊ တချို့အိမ်တွေကို တသိန်း နီးပါးထိ ပေးရတယ်။ ဝန်ပိလာတယ်” လို့ ဘိုကလေးမြို့နယ် သူဇာ၀ကျေးရွာအုပ်စုမှ လူငယ်တဦးဖြစ်တဲ့ ကိုဇော်က ပြောပါတယ်။
ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာအုပ်စုအားလုံးနီးပါးမှာ အဲဒီလိုမျိုး စစ်မှုထမ်းကြေးကို လစဉ်ဆက်တိုက် ကောက်လာတာဖြစ်ပြီး ဆယ်လဝန်းကျင်ရှိနေပြီဖြစ်ကာ လစဉ်ပုံမှန်မပေးရင် ဖမ်းဆီးမယ်၊ စစ်မှုထမ်းပို့မယ်စတဲ့ ပြောဆိုခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“အချို့ကျတော့ ကိုယ့်သားသမီးတွေ ပါသွားမှာစိုးလို့ လူသာ စားစရာမရှိရင် နေပါစေ၊ စစ်မှုထမ်းကြေးကိုကျတော့ ဖြစ်အောင် ပေးကြရတယ်။ အကုန်လုံး ဘယ်သူမဆို ပေးရတာ။ လယ်သမားပဲဖြစ်ဖြစ် နေ့စားပဲဖြစ်ဖြစ် အ ကျုံးဝင်တဲ့လူဟူသမျှ ပေးရတယ်” လို့ ကိုဇော်က ပြောပါတယ်။
အဲဒီလိုအခြေအနေမှာ ဒေသခံပြည်သူတွေဟာ ထမင်းနပ်မှန်စားသောက်နိုင်ဖို့အရေးအတွက် စစ်မှုထမ်းကြေးပုံမှန် ပေးနိုင်ဖို့ကိုသာ အာရုံစိုက်နေကြရပြီး အချို့ဆိုရင် စစ်မှုထမ်းကြေးပေးနိုင်ဖို့ အတိုးနဲ့ချေးငွေတွေ ယူနေကြရတယ် လို့ ဆိုပါတယ်။
“နေ့စားအလုပ်လုပ်ပြီး ပေးကြတယ်၊ ပြီးရင် ရှိစု၊ မဲ့စု စုထားတာလေးတွေ ရောင်းပေးကြရတယ်။ ညနေ ဆန်ဝယ်ဖို့ မရှိရင်တောင် အဲလောက်မပူဘူး၊ ဒီစစ်မှုထမ်းကြေးအတွက်ကိုပဲ ပိုက်ဆံအဓိကပူနေရတဲ့အနေအထား၊ ကျေးရွာနေ ပြည်သူတွေအတွက်ကျတော့ လေးငါးသောင်းဆိုတာလည်း တန်ဖိုးကြီးတယ်လေ” လို့ ဘိုကလေးမြို့နယ်မှ နောက် ထပ် အမည်မဖော်လိုသူ လူငယ်တဦးက ပြောပါတယ်။
အဲဒီစစ်မှုထမ်းကြေးကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ ကောက်ခံနေတာဖြစ်ပြီး စစ်မှုထမ်းအစားထိုး ငှားရမ်းဖို့စရိတ်ထက် ပိုတဲ့ငွေတွေကို အုပ်ချုပ်ရေးအဖွဲ့က ဖြတ်ယူနေကြတယ် လို့လည်း ဒေသခံပြည်သူတွေက ပြောကြပါတယ်။
“သူတို့ စားတာတွေ ရှိလားဆိုတော့ အရင်တုန်းက ဓနိမိုး၊ ထရံကာနဲ့နေတယ်၊ အခုဆိုရင်တော့ တိုက်တွေ ဘာတွေတောင် ဆောက်နေနိုင်ပြီ” လို့ သူဇာ၀ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ဝင်တွေရဲ့ အခြအနေနဲ့ ပက်သက်လို့ ကိုဇော်က ပြောပြပါတယ်။
စစ်မှုထမ်းကြေးဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့် အသက်အရွယ် ရှိနေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့ လစဉ်ကြေးဖြစ်ပြီး စစ်မှုထမ်း လိုက်ပါမယ့် သူတွေကို ငှားရမ်းဖို့အတွက် ကောက်ခံတဲ့ ငွေကြေး ဖြစ်ပါတယ်။
ဒါပေမယ့် စစ်မှုထမ်း လိုက်သွားသူတွေကို ကျပ်သိန်းတရာ ပေးရရင် ပိုတဲ့ငွေကြေးတွေဟာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးတွေအိတ်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။
“အုပ်ကြီးတွေ၊ နယ်မြေခံစစ်ဗိုလ်တွေပဲ ချမ်းသာသွားတာ။ ဒီဘက်မှာ အဲဒီလို ချမ်းသာသွားတဲ့သူတွေ အများကြီးပါ၊ တလမှာ စစ်မှုထမ်းဖို့ တယောက်လိုရင် သိန်းတရာကျော်လောက်ပဲ ပေးရတာ။ ရွာတွေက ကောက်လို့ သိန်းရာချီရ တယ် အဲဒါကို အကုန်အိပ်ထဲထည့်ကြတယ်” လို့ ဖျာပုံမြို့နယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ပြောပါ တယ်။
အုပ်ချုပ်ရေးမှူးတွေဟာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်း၊ ကျေးရွာရပ်ကွက်တိုင်းမှာ စစ်မှုထမ်းစရိတ်လို့ဆိုပြီး လစဉ်ငွေကြေးကောက်ခံနေတာဖြစ်ပြီး လူတဦးအတွက် အနည်းဆုံး ကျပ်သုံးသောင်းကနေ တသိန်းခွဲလောက်ထိ ကောက်ခံကာ ငွေကြးမထည့်နိုင်သူ မိသားစုတွေဟာ စစ်မှုထမ်းပါသွားတာ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် တိမ်းရှောင်ကြရတာတွေ ရှိနေပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါး စျေးကောင်းမရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေ ကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားသို့ ပွဲစားတွေဆီကတဆင့် ထွက် သွားကြရပြီး လမ်းခုလပ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
နိုင်ငံအဝှမ်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အား များစွာဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ့် ဥပဒေတရပ်ကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၂၀ ထိ ရှိခဲ့ပြီဖြစ်ပါတယ်။