
အမေနဲ့ ယောက်ဖအလောင်းကို သုသာန်က နေရတယ်။ ကျွန်တော့်ညီမကိုတော့ မူဆလင်ရွာကနေရတယ်၊ အလောင်းမှားပါသွားတာ။
၂၀၊ဒီဇင်ဘာလ။
“ဖေဖေ စောင့်နေတယ် ထကြပါလား”
“မေမေရေ၊ မေကြီး(အစ်မကြီး) ပြန်ထပါလား၊ ဖေဖေ ဆေးရုံမှာ စောင့်နေတယ်
ပြန်လာခဲ့ပါ မေမေရေ… မေမေ၊ ပြန်ထလာပါ…”
ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ် ပြိုင်းတောချေကျေးရွာ သင်္ချိုင်းဇရပ်ထဲကနေ ထွက်ပေါ်လာတဲ့ အသက် ၂၆ နှစ်အရွယ် မသိန်းသိန်းစိုးရဲ့ အော်ဟစ်ငိုကြွေးနေသံပါ။
နာရေးတခု၊ သင်္ချိုင်းဇရပ်တခုထဲနေ ငိုကြွေးသံထွက်လာတယ်ဆိုတာ ထူးခြားတဲ့ဖြစ်စဉ်မျိုးမဟုတ်ပေမယ့် ဒီနာရေးက ကွယ်လွန်သူ တဦးတည်းကို လိုက်ပါ၊ ပို့ဆောင်သင်္ဂြိုလ်ကြတဲ့ နာရေးတခု မဟုတ်သလို ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့ သေဆုံးသွားခဲ့ကြသူတွေရဲ့ နာရေးလည်း မဟုတ်ပြန်ပါဘူး။

ဘေးချင်းကပ် အစီအရီချထားတဲ့ ခေါင်းတလားသုံးခုထဲ ခန္ဓာကိုယ်အပိုင်းအစတွေ မပြည့်စုံတော့တဲ့ ရုပ်ပျက်ဆင်းပျက် အလောင်းသုံးခု။ မသိန်းသိန်းစိုးရဲ့မိခင် ဒေါ်လှသန်းရီ၊ကိုယ်ဝန် လေးလလွယ် ထားတဲ့ မသိန်းသိန်းစိုးရဲ့အစ်မ မသိန်းသိန်းနွယ်၊ မသိန်းသိန်းစိုးရဲ့ခဲအို ကိုစိုးနိုင်ချေ(မသိန်းသိန်းနွယ်ရဲ့အမျိုးသား)တို့ရဲ့ သက်မဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေပါ။သူတို့ဟာ စစ်တပ်ရဲ့ ပေါင်ငါးရာဗုံးကြောင့် မြောက်ဦးဆေးရုံမှာ ရှိနေစဉ် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ည ကိုးနာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်အဝှမ်းက အရပ်သားပြည်သူတွေ ရောဂါသက်သာ၊ အသက်ဆက်ခွင့်ရရေး ဆေးလာကုနေကြတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အရပ်သား ပြည်သူ ၃၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရကာ အဲဒီထဲမှာ မသိန်းသိန်းစိုးရဲ့ အမေ၊ အစ်မနဲ့ ခဲအိုတို့လည်း ပါဝင်ပါတယ်။
မသိန်းသိန်းစိုးရဲ့ ဖခင်ဖြစ်သူဟာ အပြင်းအထန်နေမကောင်းဖြစ်လာတာကြောင့် နီးစပ်ရာဆေးရုံသို့ သွားရာ ထို ဆေးရုံမှာ ဆေးဝါးပစ္စည်းမစုံလင်တာကြောင့် ဆေးဝါးကိရိယာစုံလင်ပြီး ခွဲ စိတ်ဆရာ၀န်တွေလည်းရှိတဲ့ မြောက်ဦး ဆေးရုံသို့ ညွှန်းတဲ့အတွက် မြောက်ဦးဆေးရုံဆီ ရောက်သွားခဲ့ကြပါတယ်။

မြောက်ဦးဆေးရုံသို့အရောက် နာရီ ပိုင်းအကြာမှာပဲ စစ်တပ်က ဗုံးလာကြဲတာကြောင့် မသိန်းသိန်းစိုးရဲ့ မိခင်၊ အစ်မ၊ ခဲအိုတို့ဟာ မိသား စုလိုက် သေဆုံးခဲ့ကြရတာပါ။
🔹 ကြမ္မာဆိုးကို ကြိုမမြင်ခဲ့ကြပါ
အသက် ၅၂ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်လှသန်းရီက ဗေဒင်ဟောဆရာမဖြစ်ပြီး ကျန်သားသမီး၊ မိသားစုဝင်တွေက ကျပန်း၊ နေ့စားအလုပ်သမားတွေ ဖြစ်ကြပါတယ်။ မိသားစုတခုလုံး တအိမ်တည်း စုနေကြတဲ့ မသိန်းသိန်းစိုးတို့ဟာ ဆင်းရဲပေမယ့် မိခင်ဖြစ်သူရဲ့ ဗေဒင်ဟောခ၊ သားသမီးတွေရဲ့ နေ့စားလုပ်အားခတွေနဲ့ ပုံမှန်လည်ပတ်စားသောက် နေခဲ့ကြတာပါ။
ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ ဖခင်ဖြစ်သူ ဗိုက်အောင့်ပြီး ပြင်းပြင်းထန်ထန် နေထိုင်မကောင်း ဖြစ်လာတော့ မောင်နှမတစု သူတို့မှာရှိတဲ့ ငွေစအနည်းငယ်ကို လိုက်စုကာ နီးစပ်ရာဆေးရုံသို့ လိုက်ပို့ကြတယ်။ ဖခင်ဖြစ်သူရဲ့ ဝေဒနာကို ဒေသတွင်းဆေးရုံမှာပဲ အဆင်ပြေပြေ၊ ကုသနိုင်သွားလိမ့်မယ်လို့ မိသားစုက ထင်နေခဲ့ကြပါတယ်။
ဒါပေမယ့် မသိန်းသိန်းစိုးတို့ ထင်ထားခဲ့သလို ဖြစ်မလာခဲ့၊ ဖခင်ဖြစ်သူရဲ့ ဝေဒနာက ပြင်းထန်တယ်၊ ချက်ချင်းခွဲစိတ်ဖို့ လိုအပ်တယ်ဆိုပြီး ဒေသတွင်းဆေးရုံရဲ့ ဆရာဝန်က မှတ်ချက်ပေးပြီး မြောက်ဦးဆေးရုံကို ညွန်းပို့ သွားစေခဲ့ပါတယ်။
“အဖေက အမျိုးသားအင်္ဂါဘေးမှာ အကျိတ်တည်တယ်၊ နေမကောင်းဖြစ်တော့ ဆရာဝန်က မြောက်ဦးကိုလွှတ်တာ၊ ပိုက်ဆံက မပြည့်ဘူး၊ အိမ်ယာတွေ၊ အိမ်တွေ ပေါင်ပြီးသွားရပါတယ်။ အဲဒီမှာ ဆရာဝန်ကြီးက ငွေနှစ်သိန်းပေးတယ်။ ကျွန်မတို့က မနက်ဖြန်မှ ပိုက်ဆံထပ်ရှာပြီး သွားမလို့လုပ်တာကို ဆရာဝန်ကြီးက အသည်းအသန် ဖြစ်နေတာဆိုလို့ သွားလိုက်တာပါ” လို့ မသိန်းသိန်းစိုးက ပြန်ပြောပြပါတယ်။
အဲဒီလိုနဲ့ မသိန်းသိန်းစိုးတို့ မောင်နှမတစုဟာ သူတို့ပိုင်တဲ့ အိမ်နဲ့ ခြံကို ပေါင်နှံ၊ နီးစပ်ရာအသိတွေဆီက ပိုက်ဆံရသလောက်ချေးပြီး ကားတစီးကို ငွေကျပ်လေးသိန်းပေး ငှားရမ်းကာ ဖခင်ဖြစ်သူ နေကောင်း၊ သက်သာဖို့အရေး နေ့ချင်းပဲ ခရီးနှင်ခဲ့ကြပါတယ်။
“အကြွေးက ပြန်ဆပ်လို့ရတယ်၊ ကျန်းမာရေးက အရေးကြီးတယ်၊ ဖေဖေနေကောင်းဖို့ပဲလိုတယ်၊ ခွဲလိုက်ရင် နေ ကောင်းသွားမှာ ဆိုပြီးတော့ မျှော်လင့်ချက်ကလေးနဲ့ သွားခဲ့ကြတာ” လို့ မသိန်းသိန်းစိုးရဲ့ အစ်ကိုဖြစ်သူ ကိုဦးလှ သိန်းက ပြန်ပြောင်းပြောပြပါတယ်။
မြောက်ဦးဆေးရုံသို့ သွားရာမှာ မသိန်းသိန်းစိုးဖခင်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်လှသန်းရီ၊ သမီးလတ် မသိန်းသိန်းနွယ်၊ သားမက် ကိုစိုးနိုင်ချေ၊ သမီးငယ် မသိန်းသိန်းစိုး၊ သားကြီး ကိုဦးလှသိန်းနဲ့ မသိန်းသိန်းစိုးတို့ရဲ့ ဦးလေးဖြစ်သူတို့ လိုက်ပါခဲ့ကြပါတယ်။
မြောက်ဦးဆေးရုံသို့ရောက်တော့ ညရှစ်နာရီဝန်းကျင်ရှိပြီ၊ ဖခင်ကို ဆေးရုံကုတင်ပေါ်ပို့၊ လိုက်ပါလာတဲ့မိသားစု ဝင်တွေ ဆေးရုံဝင်းထဲက ထမင်းဆိုင်တခုမှာ ထမင်းသွားစားကြ၊ ထမင်းစားပြီးပြန်အလာ လူနာအနားမှာ ထိုင် စောင့်သူကစောင့်၊ ဆေးရုံဝင်၀ရှိ ထိုင်ခုံတွေမှာ အနားယူသူကယူနဲ့ အသီးသီး ရှိနေခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ ဘယ်သူမှ မထင်မှတ်ထားတဲ့ သွေးလန့်ကြောက်စရာကောင်းပြီး ကျယ်လောင်တဲ့ အသံတခုနဲ့ အတူ ဗုံးစတွေ လွင့်စင်ပျံကျလာခဲ့ကာ မသိန်းသိန်းစိုးတို့ မိသားစုအပါအဝင် မြေက်ဦးဆေးရုံဝင်းထဲ ရောက်နေတဲ့ လူနာ၊ လူနာစောင့်ပေါင်း ဆယ်ချီရဲ့အသက်ကို နုတ်ယူသွားခဲ့ပါတော့တယ်။
“မြောက်ဦးဆေးရုံအဝင်လမ်းမှာ ကျွန်မတို့ ထိုင်နေကြတာ၊ ဖေဖေက ကုတင်မှာ၊ မေမေက ကုတင်အောက်က ရပ်လို့၊ ခဲအိုလည်း အဖေ့နားမှာ၊ အဲဒီမှာ ဗုံးချလိုက်တာ၊ လေယာဉ်က အသံလည်း သိပ်မထွက်ဘူး။ ကျမှပဲ သိတယ်။ ကျွန်မ ခန္ဓာမှာလည်း သွေးတွေ အများကြီး စင်သွားတယ်၊ တညလုံး သွေးအိုင်အိုင်နဲ့ အိပ်ခဲ့ရတယ်” လို့ မသိန်းသိန်းစိုးက သူကြုံခဲ့ရတဲ့အခြေအနေကို ပြန်ပြောပါတယ်။
ဗုံးကြဲတော့ မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရသွားပြီး တခန္ဓာလုံးသွေးအလူးလူးနဲ့ ကယောင်ကတမ်းဖြစ်နေခဲ့တဲ့ မသိန်းသိန်းစိုးကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဆေးရုံပြင်ပသို့ ဆွဲခေါ်သွားကြတယ်။ မိသားစုတွေကို တွေ့ ချင်ဇောနဲ့ မသိန်းသိန်းစိုးတယောက် ဘေးဘီဝဲယာ လိုက်ရှာကြည့်ခဲ့ပေမယ့် မိသားစုဝင် တယောက်ကိုမှ မတွေ့ခဲ့။
“ငိုင်ပြီးတော့ မိသားစုကို လိုက်ရှာနေခဲ့တာ၊ ထပ်ကြဲအုံးမယ် လာလာ သွားမယ်ဆိုပြီး အပြင်ဆွဲခေါ်သွားကြတယ်” လို့ မသိန်းသိန်းစိုးက ပြောပါတယ်။
ဗုံးမကြဲမီ မသိန်းသိန်းစိုးနဲ့အတူ ရှိနေခဲ့တဲ့ မသိန်းသိန်းစိုးရဲ့အစ်ကို ကိုဦးလှသိန်းဟာလည်း ဗုံးဒဏ်ကြောင့် မျက်လုံး၊ နားနဲ့ လက်မောင်းတို့မှာ ဒဏ်ရာရသွားခဲ့ပြီး အုတ်ချပ်၊ မှန်စတို့အောက် ပိမိကာ သတိလစ်နေခဲ့ပါတယ်။
သတိလစ်ရာမှ နိုးလာချိန် ညီမအပါအဝင် မိသားစုတွေ တယောက်မှ မတွေ့တော့။ ခန္ဓာကိုယ်အပိုင်းအစတွေ အ ပြည့်အစုံမရှိတော့တဲ့ အလောင်းတွေ၊ သွေးအလူးလူးဖြစ်နေတဲ့ ကုတင်ပေါ်က လူနာတွေ၊ အော်ဟစ်ငိုကြွေးသံတွေ ကိုသာ မြင်နေ၊ ကြားနေခဲ့ရပါတော့တယ်။
“ဗုံးကျချိန် မျက်စိထိသွားတယ်။ နားတဖက်လည်း မကြားလိုက်ရတော့ဘူး။ အဲဒီနားမှာ လူနာတွေ (ကုတင်ပေါ်က) ဆင်းမရလို့ ထမ်းချပေးနေခဲ့သေးတယ်၊ နောက်အဖေကို ရှာတယ်။ အဖေနဲ့အတူ ကျန်ခဲ့တဲ့ အမေတို့၊ ယောက်ဖတို့ ကို မတွေ့တော့ဘူး။ ဆေးရုံတလျှောက်မှာတော့ အလောင်းတွေချည်းပဲ အကုန်လုံး။ အမေတို့ ယောက်ဖတို့အ လောင်းကိုတော့ မတွေ့ခဲ့ဘူး” လို့ ကိုဦးလှသိန်းက ပြောပြပါတယ်။
သတိလစ်နေရာက နိုးလာပြီး ဖခင်ဖြစ်သူ ရှိနေခဲ့တဲ့ မြောက်ဦးဆေးရုံ ခွဲစိတ်ဆောင်ထဲ ဝင်ရှာခဲ့တဲ့ ကိုဦးလှသိန်းဟာ လက်တချောင်းကျိုးနေပြီး ဒဏ်ရာတွေနဲ့ ထွက်လာတဲ့ ဖခင်ဖြစ်သူကို တွေ့လိုက်ရတယ်။ ဖခင်ကို ချီပိုးပြီး ဆေးရုံအပြင်သို့ ထွက်လာတော့ ညီမဖြစ်သူ မသိန်းသိန်းစိုးနဲ့ ထပ်တွေ့ပြီး ကျန်မိသားဝင်တွေကိုတော့ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါ တယ်။
ဗုံးချပြီးနာက်ပိုင်း မိသားစုက အစုံအလင် မတွေ့ကြသေး၊ မိသားစု မစုံကြသေးပေမယ့် လူမှုကူညီရေး လာလုပ်သူတွေနဲ့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေရဲ့ အစီအစဉ်နဲ့ မြောက်ဦးမြို့တွင်း နေရာတခုမှာ ဖခင်၊ ညီမဖြစ်သူတို့နဲ့အတူ ကိုဦးလှသိန်းတို့ သုံးယောက် တညတာ သွားအိပ်ခဲ့ကြရပါတယ်။
“မိသားစုခုနှစ်ယောက် လာကြတာမှာ သုံးယောက်ပဲ အနားမှာရှိတယ်။ စိတ်ထဲဝမ်းနည်းတယ်၊ တွေ့ပစ်ချင်စိတ်တ အားဖြစ်တယ်၊ ညည့် ဗုံးထပ်လာချမယ့်ဟာကိုလည်း ကြောက်ရသေးတယ်” လို့ မသိန်းသိန်းစိုးက ပြောပါတယ်။
အပျက်အစီးတွေကြား လူပျောက်ရှာရပြန်
မနက်မိုးလင်းတော့ မသိန်းသိန်းစိုးနဲ့ အစ်ကိုဖြစ်သူတို့ဟာ နှစ်ထပ်ကွမ်းလူနာ ဖခင်ကို ထားခဲ့ပြီး အမေ၊ အစ်မ၊ ခဲအိုနဲ့ ဦးလေးတို့ကို ထွက်ရှာကြရ ပြန်ပါတယ်။ ဦးလေးဖြစ်သူနဲ့ မနက်ပိုင်းမှာ ပြန်တွေ့ပေမယ့် ကျန်သုံးယောက်ကိုတော့ မတွေ့ကြရသေး။
အလောင်းပုံတွေကြားထဲ လိုက်ရှာ၊ လူနာတွေကြားထဲ လိုက်ကြည့်ပေမယ့် အစအနပင် မတွေ့ရ၊ မကြားရတော့ ကိုဦးလှသိန်းဟာ နေရပ်ဖြစ်တဲ့ မြေပုံမြို့နယ်ဆီပြန်ပြီး ပျောက်နေတဲ့ မိသားစုဝင်တွေကို ကူရှာပေးကြဖို့ လူကူသွားခေါ် ရပါတော့တယ်။
ဖခင်ဆေးကုလို့ အိမ်ပေါင်၊ ခြံပေါင်၊ ချေးငှားလာတဲ့ ငွေကြေးတွေ၊ အဝတ်အစားတွေအကုန် ဗုံးကြဲတဲ့ထဲပါသွားပြီး သွေးတွေပေကျံ၊ စုပ်ပြဲနေတဲ့ အဝတ်တထည်၊ ကိုယ်တခုသာ ကျန်ခဲ့တော့တဲ့ ကိုဦးလှသိန်းတို့မောင်နှမဟာ မြေပုံ ပြန်ဖို့ လမ်းစရိတ်မရှိတာကြောင့် နီးစပ်ရာ အလှူခံ၊ အကူအညီတောင်းကာ သွားခဲ့ရတယ်လို့ ဆိုပါတယ်။
“အလှူခံလို့ရတဲ့ ပိုက်ဆံနဲ့ မောင်ကြီး(အစ်ကိုကြီး)ကို မြေပုံလွှတ်လိုက်တယ်။ ကျွန်မကတော့ ဆေးရုံအ၀မှာ ထိုင်ပြီး တော့ မေမေတို့၊ မေကြီး(အစ်မ)တို့၊ ခဲအိုတို့ ထွက်လာမလား စောင့်တယ်၊ ထွက်လို့က မလာဘူး။ ကျွန်မ လိပ်ကုန်း (သုံးဘီး)ငှားပြီး မြောက်ဦးမြို့မှာ ပတ်ရှာတယ်။ မတွေ့။ ဆေးရုံ၀မှာ ထပ်စောင့်တယ်၊ ထွက်လာမလားဆိုပြီးတော့ ထွက်လို့က မလာကြဘူး တယောက်မှ” လို့ မသိန်းသိန်းစိုးက ငိုချရင်း ပြောပါတယ်။
မသိန်းသိန်းစိုးဟာ မိခင်၊ အစ်မနဲ့ ခဲအိုတို့ကို ရှာမတွေ့သေးပေမယ့် သေဆုံးသွားပြီလို့ မထင်ခဲ့။
“သေတယ်လို့ ကျွန်မ မထင်ဘူး၊ ရှိသေးတယ်လို့ စိတ်ထဲမှာ မှတ်တယ်၊ သေသွားရင်တောင် တယောက်လောက်ပဲ ပါသွားမယ်ထင်တယ်၊ ဒဏ်ရာတွေ ဘာတွေရလို့ ဆေးရုံတွေမှာ တွေ့ရမယ် မှတ်တယ်” လို့ မသိန်းသိန်းစိုးက မျှော် လင့်ချက်နဲ့ ရှာနေခဲ့ပုံကို ပြန်ပြောပြပါတယ်။
မိသားစုဝင်တွေကို ဖခင်ကို တခြားလုံခြုံတဲ့ဆေးရုံတခုဆီ ပို့ဆောင်ကုသရမှာဆိုတော့ မသိန်းသိန်း စိုးဟာ ဖခင်နဲ့ အတူ လိုက်သွားခဲ့ရပါတယ်။အစ်ကိုဖြစ်သူ ကိုဦးလှသိန်းကတော့ မြေပုံကနေ တခြားမိသားစုဝင်တွေကို ခေါ်လာပြီး ပျောက်နေတဲ့မိခင်၊ ညီမနဲ့ ယောက်ဖတို့ကို ဆက်လက်ရှာဖွေနေခဲ့ပါတယ်။
“အဖေကို ညီမနဲ့ ထားခဲ့ပြီးတော့ မြေပုံကို လာပြီး မိသားစုကို ခေါ်လာရတယ်၊ ရှာမတွေ့လို့။ အဲဒီနေ့က တရက်တိတိ ထပ်ရှာကြတယ်၊ လုံး၀ရှာမတွေ့ဘူး၊ နောက်နေ့ကျမှ ရှာတွေ့တာ။ အမေနဲ့ ယောက်ဖအလောင်းကို သုသာန်က နေရတယ်။ ကျွန်တော့်ညီမကိုတော့ မူဆလင်ရွာကနေရတယ်၊ အလောင်းမှားပါသွားတာ” လို့ ဆိုပါတယ်။
ကိုဦးလှသိန်းတို့ဟာ ဗုံးကြဲပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာမှ မိသားစုဝင်တွေရဲ့ အလောင်းကို ရှာတွေ့ခဲ့ တာဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှ နေရပ် မြေပုံမြို့နယ်သို့ သယ်ယူလာကာ ပြိုင်းတောချေသုသာန်မှာ သင်္ဂြိုလ်ခဲ့ တာဖြစ်ပါတယ်။
မိခင်၊ ညီမနဲ့ ယောက်ဖတို့ရဲ့ အလောင်းကို ရှာတွေ့တော့ ကိုဦးလှသိန်းဟာ ဖခင်နဲ့အတူ လူနာစောင့်လိုက်သွားတဲ့ ညီမဆီ လူခေါ်လွှတ်ကာ မိသားစုဝင်တွေ သေဆုံးခဲ့ပြီဖြစ်ကြောင်း သတင်းပါးခဲ့ရပါတယ်။
“သေပြီလို့ အိမ်က သတင်းလာပို့မှ သိရတာ၊ သိတဲ့အချိန် မပဋာမြေလူးတာပဲကြည့် ကျွန်မလေ။ သင်္ဂြိုလ်မယ့်နေ့ကျ မှ မေမေတို့ မျက်နှာကို မြင်ရတာ၊ မေမေဆို မျက်နှာတခြမ်းမပါတော့ဘူး။ မေကြီးမှာဆိုရင် ခြေတဖက်မပါတော့ ဘူး၊ ခဲအိုဆိုရင် မျက်နှာတခြမ်း လုံး၀ပျက်သွားတယ်” လို့ မသိန်းသိန်းစိုးက ရှိုက်ငိုရင်း ပြောပါတယ်။
မိသားစုသေတာ မသိသေး၊ ဆေးကုနေရဆဲ ဖခင်
ဖခင်ဖြစ်သူကတော့ ရခိုင်ပြည်တွင်း AA က စီစဉ်ပေးထားတဲ့ ယာယီဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး သူရဲ့ ဇနီး၊ သမီးလတ်နဲ့ သားမက်ဖြစ်သူတို့ မြောက်ဦးဆေးရုံဗုံးကြဲခံရတဲ့ ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ရတာကို မသိသေးပါဘူး။
“ဖေဖေနားမှာနေရတော့ ဖေဖေက သမီးလေး မေမေတို့၊ သမီးတို့ ဘယ်မှာလဲ မေးရင် ကျွန်မဖြေပေးနေခဲ့ရတာလေ။ သူတို့ ဆေးရုံမှာရှိတယ်၊ ဆေးကုနေတယ် ဖေဖေလို့ လိမ်ထားတာ၊ သေတဲ့ သတင်းသိရတော့ ဖေဖေ့ကို မပြောရဲ တော့ဘူး။ စိတ်ထိခိုက်သွားမှာကြောက်လို့” လို့ မသိန်းသိန်းစိုးက ပြောပါတယ်။
အခုတော့ မိခင်၊ အစ်မနဲ့ ခဲအိုတို့ တကယ်သေဆုံးသွားခဲ့ပြီ။ မသိန်းသိန်းစိုး မျှော်လင့်နေခဲ့သလို ဒဏ်ရာရနေတာ မဟုတ်တော့ ဖခင်ဖြစ်သူ ဆေးရုံဆင်းလာရင် ဘယ်လိုပြန်ပြောရမယ်ဆိုတာ မသိန်းသိန်းစိုးအပါအဝင် မိသားစုဝင် တွေ စဉ်းစားမရကြသေး။
ခွဲစိတ်ကုသအောင်မြင်ကာ နေကောင်းလို့ အိမ်ပြန်လာပြီး သူ့ဇနီး၊ သမီးနဲ့ သားမက်တို့ကို ရှာတဲ့အခါ ပြောပြ၊ ရှင်းပြစရာ စကားလုံးမရှိကြသေး။ “မနက်ဖြန် ဖေဖေ့ကို ခွဲရမယ်၊ သူပြန်လာရင် ဘာပြောရမလဲ မသိတော့ဘူး” လို့ မသိန်းသိန်း စိုးက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြောပါတယ်။
“ပျော်ပျော်ရွှင်ရွှင်နဲ့ ဖေဖေကို ဆေးရုံတင်ဖို့ သွားကြတယ်၊ ပြန်လာတော့ မိသားစု မပါတော့ဘူး။ အဲဒါက ဝမ်းနည်းဖို့ အကောင်းဆုံးပဲ ကျွန်မတို့မှာ။ အခုထိ ဖေဖေ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ဖေဖေသိသွားရင် စိတ်ထိခိုက်လို့ ဆေးကုမခံမှာ စိုးတယ်။ မိဘနှစ်ပါးမှာ မေမေတယောက် သေသွားလို့ရှိရင် ဖေဖေတယောက်ဖြစ်ဖြစ် အနားမှာ ရှိဖို့ လိုအပ်တယ်” လို့ မသိန်းသိန်းစိုးက စီးကျလာတဲ့မျက်ရည်စတွေကို လက်နဲ့သုတ်ရင်း ပြောပြပါတယ်။
🔹 မိဘမဲ့ လူမမယ် ကလေးတစု၊ အကြွေးတပုံနဲ့ လူမစုံတော့တဲ့ မိသားစု
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်လှသန်းရီမှာ အသက် ငါးနှစ်အရွယ် သားငယ်တဦး၊ အသက် ၁၆ နှစ်အရွယ် သမီးငယ်တဦး ကျန်နေခဲ့ပြီး ကိုစိုးသိန်းချေနဲ့ မသိန်းသိန်းနွယ်တို့ ဇနီး မောင်နှံမှာလည်း ၁၁ နှစ်အရွယ် တဦးတည်းသောသမီး ကျန်ခဲ့ပါတယ်။
ငွေကြေးမပြည့်စုံတဲ့ မိသားစုအဖို့ ကျန်နေခဲ့တဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ တာဝန်အပြင် အကြွေးတင် သွားခဲ့ရတဲ့ ကျပ်သိန်းငါးဆယ်ဝန်းကျင်ကို ပြန်ဆပ်နိုင်ဖို့ကလည်း မလွယ်ကူလှပါဘူး။ “ဒါတွေ ဘယ်လိုဆပ်ရမလဲတောင် မသိတော့ဘူး။ ဆပ်ဖို့မပြောနဲ့ အခုစားနေဖို့တောင်က မလွယ်ဘူး။ လူတွေကတော့ ဆန်တွေ ဝိုင်းပေးကြတယ်” လို့ မိသားစုထဲ ကျန်နေခဲ့တဲ့ သားဖြစ်သူ ကိုဦးသိန်းလှက ပြောပါတယ်။
ကိုဦးသိန်းလှတို့ မိသားစုဟာ ဖခင်ဖြစ်သူ မြောက်ဦးဆေးရုံသို့ သွားပြီး ခွဲစိတ်ကုသနိုင်ဖို့အတွက် အိမ်နဲ့ ခြံကိုပေါင်၊ နီးစပ်ရာ အသိတွေဆီကနေ ငွေကျပ်သိန်းငါးဆယ်ခန့် ချေးယူသွားခဲ့ ကြတာပါ။ အဲဒီလို ချေးသွားခဲ့တဲ့ ငွေတွေဟာ ဆေးမကုလိုက်ရတဲ့အပြင် စစ်တပ်ရဲ့ ဗုံးကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားကာ မိသားစုဝင်သုံးဦးကိုပါ ထပ်မံဆုံးရှုံးခဲ့ရပြီပဲ ဖြစ်ပါတယ်။
ဆေးရုံ၊ ဆေးခန်းဆိုတာ စစ်ရေးပစ်မှတ်မဟုတ်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံး ဗုံးကြဲခဲ့လို့ မသိန်းသိန်းစိုးတို့ မိသားစုဝင် သုံးဦးအပါအဝင် ဆေးရုံတက် ကုသနေကြတဲ့ လူနာ၊ လူနာစောင့် ကလေးငယ်၊သက်ကြီးရွယ်အို စုစုပေါင်း ၃၄ ဦးဆေသုံးပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန် စိုးရိမ်ရသူတွေ ရှိနေသေးပြီး ဆေးကုသစရိတ်တွေ အကူအညီလိုအပ်နေပြီး ဆေးဝါးနဲ့ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်ချက် ရှိနေတာကြောင့် အကူအညီပေးကြဖို့ ရခိုင်ပြည်မှာ မြို့နယ် ၁၄ ခုကို ကျန်းမာရေး၊ ပညာရေးစတဲ့ ဝန်ဆောင်မှုတွေ ပေးနေတဲ့ AA က သတင်းထုတ်ပြန် အကူအညီတောင်းခံခဲ့ပါတယ်။
အဲဒီလို စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ ဆေးကုသမှု ခံယူနေကြတဲ့ ဆေးရုံကို ဗုံးကြဲတာဟာ လူသားမျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ၊ အီးယူ အပါအဝင် နိုင်ငံတကာ အစိုးရ၊ဝန်ကြီး၊လွှတ်တော်အမတ်တွေနဲ့ အသင်းအဖွဲ့တွေက ထုတ်ပြန် ထားကြပါတယ်။မိသားစုဝင် သုံးဦးဆုံးရှုံးထားခဲ့တဲ့ မသိန်းသိန်းစိုးကလည်း အဲဒီလို အရပ်သား နေရာတွေကို ဗုံးမကြဲဖို့ တောင်းဆိုပါတယ်။
“ကျွန်မတို့မိသားစုလို သူတို့မခံစားရပါစေနဲ့ ဆုတောင်းတယ်။ ကျွန်မတို့မိသားစု တခုတည်း ခံစားရတယ်လို့ မဆိုလိုပါဘူး။ ကလေးလေးတွေဆိုရင် အလောင်းမရှိတော့ဘူး၊ ကြွပ်ကြွပ်အိတ်လေးနဲ့ ကောက်ထည့်ရတယ်။ သူတို့တွေ အမှန်တကယ် မင်းအောင်လှိုင်က ရက္ခိုင့်တပ်တော်ကို သွားလုပ်၊ ပြည်သူလူထုနေတဲ့ ဆေးရုံကို လာမလုပ်နဲ့လို့ ကျွန်မ တောင်းပန်ချင်တယ်” လို့ မသိန်းသိန်းစိုးက ပြောပါတယ်။
“ကျွန်မတို့ တအားခံစားရတယ်။ ပင်ပန်းဆင်းရဲနဲ့ ဆေးရုံလာကြတယ်၊ ဆေးရုံတက်တာမှာ မိသားစုတွေ ပြိုကွဲရတယ်။ ထပ်လည်း မပြောချင်တော့ဘူး။ ပြောလည်း မပြောရဲတော့ဘူး။ တွေးရင်တောင် မေမေတို့ ဖြစ်ခဲ့တာတွေကို မြင်နေရတယ်” လို့ မသိန်းသိန်းစိုးက စီးကျလုနီး မျက်ရည်စတွေကို မျက်တောင်ခပ်ပုတ်ချရင်း ဆက်ပြောပါတယ်။
မိခင်၊ ညီမ၊ ယောက်ဖတို့ သေဆုံးသွားခဲ့ပြီး ကလေးငယ်တွေတစုနဲ့ မိသားစုတာဝန် ခေါင်းပေါ်ကျန်နေခဲ့တဲ့ သားကြီး ကိုဦးလှသိန်းကလည်း အခုလို အရပ်သားနေရာ၊ ဆေးရုံတွေပါ ဗုံးကြဲနေတဲ့ စစ်တပ်ကြောင့် ဆေးရုံ၊ ဆေးခန်းပင် သွားဖို့ ကြောက်ရွံ့သွားခဲ့ရပြီလို့ ဆိုပါတယ်။
ဆေးရုံတက် ကုသနေရဆဲ ဖခင်ဆီ သွားမကြည့်နိုင်သေး၊ မိဘမဲ့ ကျန်ရစ်နေခဲ့တဲ့ တူမ၊ မောင်ငယ်၊ ညီမငယ်တွေနဲ့ အတူ ကျန်နေရစ်တဲ့ မသိန်းသိန်းစိုးကတော့ တွေးမိတိုင်း ရင်ထဲဆို့နင့် ခံစားရပြီး မွန်းကြပ်နေတယ်လို့ ဆိုပါတယ်။
“ဖေဖေ ဆေးရုံမှာ စောင့်နေတယ်၊ ပြန်လာခဲ့ပါ မေမေရ … မေမေ ပြန်ထလာပါ…” လို့ မိခင်၊ အစ်မ၊ ခဲအိုတို့ရဲ့ အလောင်းပုံတွေကြား တစာစာ ခေါ်ဟစ်အိုနေခဲ့တဲ့ မသိန်းသိန်းစိုးရဲ့ ငိုကြွေးသံကတော့ နာရေးလိုက်ပို့သူတွေရဲ့ ရင်ထဲမှာ အချိန်များစွာ စွဲကျန်နေဦးမှာ ဖြစ်ပါတယ်။