လေးမျက်နှာမှာ တိုက်ပွဲဆက်ဖြစ်၊ လေကြောင်းရန်ကြောင့် စစ်ရှောင်တွေ တိုးလာ

“လေးမျက်နှာဘက်မှာ တိုက်ပွဲဖြစ်ရင် လေယာဉ်က လာပြီ” လို့ ငသိုင်းချောင်းမြို့နယ် မြောက်စမ်းအမြောက်တပ် အမတ (၃၄၄) အနီး နေထိုင်တဲ့ဒေသခံတဦးက ပြောပါတယ်။

၂ ၊ ဒီဇင်ဘာ။

ပုသိမ် – မုံရွာလမ်းမပေါ် လေးမျက်နှာမြို့နယ်အတွင်း စစ်တပ်နဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး စစ်တပ်ဘက်က အရပ်သားလူနေကျေးရွာတွေဆီ လေကြောင်းတိုက်ခိုက် မှုတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်တွေ တိုးလာနေပါတယ်။

“သဲနုကုန်းနားတွေမှာပါပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ Y12 နဲ့ လာပစ်တာရှိတယ်၊ စစ်ရှောင်တွေလည်း တိုးလာတယ်။ ခွေးတွေက ရွာတွေကိုပဲ ဆက်တိုက်ချနေတာလေ လေယာဉ်နဲ့” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တဦးက ပြောပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးပတ်ထဲမှာ သဲနုကုန်းကျေးရွာအနီးရှိ စစ်တပ်စခန်း နှစ်ခုကို သိမ်းပိုက်ခဲ့ပြီး အဲဒီအနီးဝန်းကျင်ရှိ နောက်ထပ်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာ တိုက်ပွဲဧရိယာနဲ့ အလှမ်းဝေးတဲ့ လူနေကျေးရွာ တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာကို လေကြောင်းကနေ ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် စာသင်ကျောင်း၊ တံတားနဲ့ လူနေ အိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ဝက်ကုန်းကျေးရွာကို လေကြောင်းဗုံးကြဲခဲ့ပြီး ကိုယ် ဝန်ဆောင် အမျိုးသမီးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို တိုက်ပွဲဧရိယာနဲ့ အလှမ်းဝေးတဲ့ အရပ်သားလူနေကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဝက် ကုန်းအပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“လက်နက်ကြီး ပစ်သံတွေ မကြာမကြာ ကြားတယ်၊ တိုက်ပွဲအခြေအနေတော့ မသိရပါဘူး၊ စစ်ရှောင်တွေကတော့ တိုးတာပေ့ါ၊ လူတွေ ပြေးကြရတယ်၊ ဒီဘက်ကိုလည်း တချို့ အမျိုးရှိတဲ့သူတွေ ရောက်လာကြတယ်” လို့ ငသိုင်း ချောင်းမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း သောင်းဂဏန်းရှိနေပြီး မြို့ပေါ်ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ တွေ၊ နီးစပ်ရာဆွေမျိုး၊ အသိနေအိမ်တွေမှာ ခိုလှုံနေကြရကာ အဲဒီစစ်ရှောင်တွေဟာ တိုင်းအစိုးရအဖွဲ့ ရဲ့ တခါတရံ ထောက်ပံ့မှုကလွဲပြီး ကျန်နိုင်ငံတကာ အထောက်အပံ့တွေ မရကြပါဘူး။

“စစ်ရှောင်တွေကို အစိုးရက တခါတလေပေးပါတယ်၊ အခုတော့ ပုံမှန်ပေးနေတာ တွေ့တယ်၊ ရွေးကောက်ပွဲ မဲဆွယ် တာလည်း ပါမှာပေ့ါ၊ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကတော့ အခက်အခဲပေ့ါ၊ အကူအညီမရရင် ၊ ငွေကြေးအဆင် ပြေတဲ့စစ်ရှောင်တွေလည်း ရှိကြပါတယ်” လို့ လေးမျက်နှာမြို့နယ်မှ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ လေးမျက်နှာမြို့နယ်အပြင် သာပေါင်း ရွှေသောင်ယံ၊ ငသိုင်းချောင်းမြို့နယ်တွေ အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က အထိအခိုက် အကျအဆုံး များနေကာ လေကြောင်း နဲ့ အပြင် လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပိုလုပ်လာတာ တွေ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“လေးမျက်နှာဘက်မှာ တိုက်ပွဲဖြစ်ရင် လေယာဉ်က လာပြီ” လို့ ငသိုင်းချောင်းမြို့နယ် မြောက်စမ်းအမြောက်တပ် အမတ (၃၄၄) အနီး နေထိုင်တဲ့ဒေသခံတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇူလိုင်လ ၁၅ ရက်ကနေ အောက်တိုဘာ ၃၀ ရက်နေ့ထိ စစ်ကော်မရှင် တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးရန်ကြောင့် သေဆုံးသူ ၃၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၅ ဦးရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ အချက်အလက်အရ သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလအတွင်းမှာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်ခဲ့ပြီးနောက် ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်းအတွင်းက စစ်တပ်ရှေ့တန်း အစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာပါ။

ဂွကမ်းခြေအတိုင်း ရွှေသောင်ယံကမ်းခြေထိ၊ ရိုးမအရှေ့ဘက်ခြမ်းတလျှောက်နဲ့ ပုသိမ် – မုံရွာ လမ်းဘေးတလျှောက်ရှိ စစ်တပ်စခန်းတွေကို သိမ်းပိုက်နေခဲ့တာဖြစ်ပြီး ဂွကမ်းခြေတလျှောက်မှာတော့ ရွှေသောင်ယံအနီးက ဘောမိ၊ မကျီးဇင်ကျေးရွာတို့နဲ့ မကျီးဇင် – သာပေါင်းကြား ကျေးရွာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ငသိုင်းချောင်း၊ မြောက်စမ်းအမြောက်တပ် အမတ(၃၄၄)အနီးဝန်းကျင်နဲ့ လေးမျက်နှာမြို့နယ် စက်စက်ယို၊ သဲနုကုန်း အနီးတ၀ိုက်တပ်ရှိ တပ်စခန်းတွေကိုလည်း AA ပူးပေါင်းတပ်က သိမ်းပိုက်ထားပါတယ်။

ရိုးမအနောက်ဘက်ခြမ်းရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။