
အဆိုပါ ပိတ်ဆို့မှုတွေထဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားဆီ တနှစ်ကို ရေနံစည်ပေါင်း ၅၀၀,၀၀၀ သာ တင်ပို့ခွင့်ပြုတဲ့ ကန့်သတ်ချက်လည်း ပါဝင်ပါတယ်။
၂၊ ဒီဇင်ဘာ။
စုံစမ်းစစ်ဆေးမှု အသစ်တစ်ခုအရ ရုရှားကုမ္ပဏီတွေဟာ ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဆီ ရေနံထွက်ပစ္စည်းတွေကို လျှို့ဝှက်တင်ပို့ရောင်းချနေကြတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၈နှစ်က ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ မြောက်ကိုရီးယားရဲ့
နျူကလီးယား စမ်းသပ်မှုတွေကြောင့် စီးပွားရေး ပိတ်ဆို့အရေးမှုတွေ ချမှတ်ခံထားရတာဖြစ်ပါတယ်။
အဆိုပါ ပိတ်ဆို့မှုတွေထဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားဆီ တနှစ်ကို ရေနံစည်ပေါင်း ၅၀၀,၀၀၀ သာ တင်ပို့ခွင့်ပြုတဲ့ ကန့်သတ်ချက်လည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုမိုအလှမ်းဝေးလာခဲ့ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေကို တိုးချဲ့လာခဲ့ပြီး အခုအခါမှာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အဆင့်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မော်စကိုရဲ့ စစ်ပွဲအတွက် ပြုံယမ်းဟာ စစ်သားတွေနဲ့ လက်နက်တွေ ထောက်ပံ့ပေးနေပြီး အပြန်အလှန်အဖြစ် ရေနံတင်ပို့မှု တိုးမြှင့်ပေးတာတွေလို အကျိုးခံစားခွင့်တွေ ရှိနေတာပါ။ အခုတော့ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှု ဖော်ထုတ်ရေးစီမံချက် (OCCRP) ရဲ့ ရုရှားမိတ်ဖက်အဖွဲ့အစည်းဖြစ် IStories က ရရှိထားတဲ့ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်း ပေါက်ကြားမှုတစ်ခု ထွက်ပေါ်လာပါတယ်။
အဆိုပါ ဘဏ္ဍာရေးမှတ်တမ်းတွေထဲမှာ မော်စကိုဟာ လျှို့ဝှက်လမ်းကြောင်းကနေတဆင့် မြောက်ကိုရီးယားဆီ ရေနံတင်ပို့မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ IStories ရဲ့ အဆိုအရ မော်စကိုအခြေစိုက် လောင်စာဆီ ကုန်သွယ်ရေး ကုမ္ပဏီတခု၊ ဘီယာရောင်းချမှုကို အဓိကလုပ်ဆောင်နေတဲ့ ရုရှားအရှေ့ဖျားဒေသက ရေနံတင်ပို့တဲ့ လုပ်ငန်းတခုနဲ့ ယူအေအီးနိုင်ငံက ဘဏ္ဍာရေးကြားခံပွဲစားတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Open Source Centre က မနှစ်က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ ရုရှားဟာ ၂၀၂၄ ခုနှစ်၊ ကိုးလတာ ကာလအတွင်းမှာ တစ်နှစ် တင်ပို့ခွင့်ပြုထားတဲ့ ပမာဏထက် ရေနံနှစ်ဆကျော်ကို မြောက်ကိုရီးယားဆီ တင်ပို့ခဲ့ကြောင်း ခန့်မှန်းထားပါတယ်။
ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေအရ မြောက်ကိုရီးယား ရေနံတင်သင်္ဘောတွေဟာ ရုရှားအရှေ့ဖျားဒေသရှိ ဆိပ်ကမ်းတစ်ခုကို အခေါက်ရေ ၄၀ ကျော် သွားရောက်ခဲ့ပြီး ရေနံထွက်ပစ္စည်း စည်ပေါင်း ၁.၃ သန်းခန့် သယ်ဆောင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ ဗြိတိန်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ “လက်နက်နှင့် ရေနံ ဖလှယ်ကုန်သွယ်ရေး” လုပ်ဆောင်နေတယ်လို့ ဆိုပြီး ရုရှားကုမ္ပဏီအများအပြားကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ IStories က ရရှိထားတဲ့ အကောက်ခွန် မှတ်တမ်းများအရ ရုရှားဟာ ရေကြောင်းတခုထဲသာမက မီးရထားလမ်းကြောင်းကနေလည်း မြောက်ကိုရီးယားဆီ ရေနံထွက်ပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် အနည်းဆုံး စည်ပေါင်း ၃၁၅,၀၀၀ ကို ပို့ဆောင်ခဲ့တာပါ။ အကြီးမားဆုံး တင်ပို့သူတွေထဲ အရှေ့ဖျားဒေသက ဗလာဒီဗော့စတော့ မြို့အခြေစိုက် Inrostopt ကုမ္ပဏီပါဝင်ပါတယ်။
တရားဝင်မှတ်တမ်းတွေအရ အဆိုပါကုမ္ပဏီရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ ဘီယာရောင်းချတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါပေမဲ့ Inrostopt ကုမ္ပဏီဟာ ဝင်ငွေအကြီးအကျယ် တိုးတက်လာခဲ့သလို ကုမ္ပဏီရဲ့ တရားဝင်စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဝင်ငွေဟာ ရူဘယ် (၆၆၆) သန်း (ယူရို ၇ သန်းခန့်) ရှိခဲ့ပြီး အဆိုပါ ပမာဏဟာ ၂၀၂၁ ခုနှစ်က ဝင်ငွေထက် အဆပေါင်း ၃၅၀ ခန့် ပိုမိုများပြားနေတာဖြစ်ပါတယ်။
Ref – tvpworld