အမေရိကန် ကန့်ကွက်နေတဲ့ကြားက ရုရှားဆီက လက်နက်ဝယ်ဖို့ စီစဉ်နေတဲ့ အိန္ဒိယ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အိန္ဒိယ-ရုရှား နှစ်နိုင်ငံအကြား ဆက်ဆံရေး လျှော့ချဖို့နဲ့ လက်နက်ဝယ်ယူမှုတွေ ကန့်ကွက်နေတဲ့ကြားက အခုလိုသတင်းထွက်ပေါ်လာတာပါ။

၁၊ ဒီဇင်ဘာ။

အိန္ဒိယအစိုးရအနေနဲ့ ရုရှားဆီက ဖိုက်တာဂျက်လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်နည်းပညာကို ဝယ်ယူဖို့ ရုရှားသမ္မတ ပူတင်ရဲ့ အခုသီတင်းပတ်ခရီးစဉ်မှာ ဆွေးနွေးသွားမယ်လို့ အဆိုပါကိစ္စနဲ့ ဆက်နွယ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အိန္ဒိယ-ရုရှား နှစ်နိုင်ငံအကြား ဆက်ဆံရေး လျှော့ချဖို့နဲ့ လက်နက်ဝယ်ယူမှုတွေ ကန့်ကွက်နေတဲ့ကြားက အခုလိုသတင်းထွက်ပေါ်လာတာပါ။

အိန္ဒိယနဲ့ ရုရှားတို့ဟာ အထူးမဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး ရှိကြပြီး Su-57 တိုက်လေယာဉ်တွေနဲ့ ခေတ်မီဆန်းသစ်ထားတဲ့ S-500 ဒုံးခွင်းကာကွယ်ရေးစနစ်တွေ ဝယ်ယူရေး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ မျှော်မှန်းထားပါတယ်။

အခုကိစ္စရပ်ဟာ သီးသန့်ကိစ္စ အကြောင်းအရာ တစ်ခုဖြစ်နေတဲ့အတွက် သတင်းရင်းမြစ်တွေက အမည်မဖော်လိုကြဘူးလို့ ဆိုပါတယ်။

အိန္ဒိယအနေနဲ့ ရုရှားဆီက လက်နက်တွေ ဝယ်ဖို့ပြင်ဆင်နေတဲ့ ကိစ္စကြောင့် အမေရိကန်နဲ့ ဘယ်ကုန်သွယ်ရေးသဘောတူညီချက်မဆို ရှုပ်ထွေးသွားနိုင်ပါတယ်။

အဆိုပါ သတင်းပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ပြန်လည်တုံ့ပြန်ထားတာတွေ မရှိသေးပါဘူး။

အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း အမေရိကန်ဘက်က လက်နက်တွေ ဝယ်ယူခဲ့ပေမယ့် အချိန်ကာလရှည်တည်ရှိနေတဲ့ ရုရှားနဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဆီက လက်နက်ဝယ်ယူမှုကို မြှင့်တင်ပြီး ရုရှားဆီမှီခိုအားထားနေရတဲ့ အခြေအနေကိုလည်း လျော့ချနေတာဖြစ်ပါတယ်။

Ref – SCMP