
ပြင်းထန်တဲ့ ပြည်တွင်းစစ်မီးကြားမှာ မြန်မာနိုင်ငံဟာ အဆင့်လိုက်ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်။
၂၆၊ နိုဝင်ဘာ။
စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲ ကျင်းပ ပြီးသွားရင်တောင် အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က နိုဝင်ဘာ ၂၅ ရက်မှာ ပြောခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ပြင်းထန်တဲ့ ပြည်တွင်းစစ်မီးကြားမှာ မြန်မာနိုင်ငံဟာ အဆင့်လိုက်ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်။
အဆိုပါ ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်မှာ အာဏာ သိမ်းယူခဲ့တဲ့ လက်ရှိ စစ်ကော်မရှင်ရဲ့ အာဏာချုပ်ကိုင်မှုကို သက်တမ်းဆွဲဆန့်ဖို့အတွက် ဟန်ပြ သက်သက် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြစ်တင်ရှုတ်ချထားကြပါတယ်။
ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီအများအပြားဟာ ပိတ်ပင်ဖျက်သိမ်းခံထားရတာတွေ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းဆန်ခံရတာတွေ ရှိနေပြီး အဆိုပါ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်က ဝန်ခံထားပါတယ်။
“လက်ရှိ အခြေအနေအရသော်လည်းကောင်း၊ လိုအပ်တဲ့ အားလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ မရှိသေးဘဲ ရွေးကောက်ပွဲကျင်းပမယ့် အချက်ကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့အတွက် ခက်ခဲပါလိမ့်မယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထိုင်းနိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ဒီရပ်တည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အကြား ညီညွတ်မှုကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့လည်း သူက ဆက်ပြောပါတယ်။
အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံက နိုင်ငံခြား ရေးဝန်ကြီးတွေဟာ အောက်တိုဘာလအတွင်းက တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာစေရေး စစ်ကောင်စီကို တိုက်တွန်းခဲ့ကြပြီး အဖွဲ့က ချမှတ်ထားတဲ့ လေးနှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေးပဋိပက္ခများအတွင်း ကျရောက်နေခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းချိန်ကနေစပြီး အခုထိ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
လက်ရှိမှာ သူဟာ နှလုံးရောဂါဝေဒနာကို ဆိုးရွားစွာ ခံစားနေရလို့ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သားဖြစ်သူက ပြောထားပါတယ်။
“သူ့ကို ပြန်လွှတ်ပေးဖို့အတွက် စဉ်းစားသင့်တဲ့ အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ် ၊ သူ ထိန်းသိမ်းခံထားရတာ ကြာလွန်းလှပါပြီ။ ဒီလိုအသက်အရွယ်နဲ့ သူ့ကျန်းမာရေးအခြေအနေကိုလည်း ကျွန်တော်တို့ မသိရပါဘူး”လို့လည်း ဝန်ကြီးက ဆိုပါတယ်။
Ref – Reuters