ပလက်၀ – အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပေမယ့် ရခိုင်မှာ ကုန်စျေးနှုန်း ပြန်မကျသေး

“လက်ဖက်ရည်ထုပ် အထုပ်ကြီးတထုတ်ကို အရင် နှစ်သောင်းကနေ အခု နှစ်သောင်းခွဲလောက်ဖြစ်နေတယ်။ တခြားဟာတွေလည်း သုံး၊ လေးထောင် တက်သွားတယ်။ အခုထိ ပြန်မကျသေးဘူး၊ လမ်းပွင့်ပြီဆိုတော့ စျေးတွေ ပြန်ချရောင်းကြဖို့ လိုပြီ”

၂၅ နိုဝင်ဘာ။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ တွေ အများအပြားရှိနေခဲ့တာကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ ပလက်၀ – အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းကို မနေ့ က နိုဝင်ဘာ ၂၄ ရက်ကစပြီး ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ ဝမ်းရောဂါဖြစ်ပွားသူအချို့ရှိနေသေးပေမယ့် ကူးစက်ပျံ့နှံ့မှု မရှိတော့တာကြောင့် အခုလို ပြန်ဖွင့်ပေးလိုက်တာလို့ သိရပါတယ်။ ဒါပေမယ့် အရင်ကလိုမျိုး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်လို့ရတဲ့ ကုန်သွယ်ရေးလမ်း ကြောင်းအားလုံးကို ပြန်ဖွင့်ပေးလိုက်တာမဟုတ်ဘဲ လမ်းကြောင်းတခုကိုပဲ ပြန်ဖွင့်ပေးသေးတယ်လို့ ဆိုပါတယ်။

“ကာကီ(ရွာ)ဘက်လမ်းက ပြန်ဖွင့်ပေးထားတာ မနေ့က ပြန်ပြီးတော့ ထုတ်ပြန်ချက်ထုတ်ပြီး ပိတ်သွားတယ်။ အခု တွီတင်း(ရွာ)လမ်းတလမ်းပဲ သွားလို့ ရပါသေးတယ်၊  လောင်တလိုင်ထိ သွားလို့ရပါတယ်။ မနေ့က စဖွင့်တာပါ၊ ဒီနေ့ တော့ လူတွေအသွားအလာလုပ်နေကြ ပြီ” လို့ အိန္ဒိယနယ်စပ်မှာရှိနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီ၊ တွီတင်း၊ လုံတင်း စတဲ့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း ကတည်းက ပြင်းထန်ဝမ်းရောဂါဖြစ်ပွားနေခဲ့တာဖြစ်ပြီး အဲဒီကနေ နယ်စပ် ချင်းပြည်နယ် ပလက်၀မြို့နယ် ရှင်း လက်၀တိုက်နယ်ထိပါ ကုန်သည်၊ ခရီးသွားတွေကနေတဆင့် ထပ်မံ ကူးစက်ပြန့်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ပလက်၀မြို့နယ်အတွင်းမှာ ဝမ်းရောဂါကူးစက်သူ သုံးရာဝန်းကျင်ထိ ရှိခဲ့ပြီး သုံးဆယ်ဝန်းကျင်ဟာ အတွင်းလူနာအ ဖြစ် ဆေးရုံတက်ကုသမှုခံယူခဲ့ရကာ လူတဆယ်ဝန်းကျင်သေဆုံးမှုရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ကျန်းမာ ရေးဌာနနဲ့ နီးစပ်သူတွေဆီကတဆင့် သိထားရပါတယ်။

“အခုတော့ ထပ်ကူးတာမရှိတော့ဘူး၊ အိန္ဒိယဘက်ကလည်း ၂၀ ရက်နေ့အထိ စာထုတ်ပြီး ပိတ်ခဲ့တယ်၊ ၂၄ ရက်နေ့ မှာကျ ပြန်ဖွင့်ပေးလိုက်ပြီ၊ အဲဒီဘက်ဖွင့်ပေးလိုက်တော့ ဒီဘက်ကလည်း ရောဂါအခြေအနေစိတ်ချရပြီဖြစ်တဲ့အ တွက် သွားခွင့်ပြန်ပေးနေပါတယ်” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံအတွင်းသို့ ကုန်ကူးသွားမယ့် သူတွေနဲ့ အလည်အပတ်၊ ဆေးသွားကုမယ့်သူတွေဟာ နယ်စပ်မှာရှိတဲ့ AA ရဲ့ ပြင်ပဆက်ဆံရေးရုံးတွေဆီက ခွင့်ပြုချက် လက်မှတ်တောင်းခံကာ သွားကြရတာဖြစ်ပါတယ်။

ပလက်၀ – အိန္ဒိယလမ်းကြောင်း နှစ်ပတ်ဝန်းကျင်ကြာ ပိတ်နေခဲ့တာကြောင့် အိန္ဒိယနိုင်ငံအတွင်းက ကုန်စည်တွေကို မှီခိုအားထားနေကြရတဲ့ ရခိုင်ပြည်နယ်နဲ့ ပလက်၀မြို့နယ်အတွင်းမှာ အခြေခံ စားသောက်ကုန်တွေနဲ့ ဆေးဝါးစျေး နှုန်းအချို့ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စျေးပြန်မကျသေးဘူးလို့ ဆိုကြပါတယ်။

“လက်ဖက်ရည်ထုပ် အထုပ်ကြီးတထုတ်ကို အရင် နှစ်သောင်းကနေ အခု နှစ်သောင်းခွဲလောက်ဖြစ်နေတယ်။ တခြားဟာတွေလည်း သုံး၊ လေးထောင် တက်သွားတယ်။ အခုထိ ပြန်မကျသေးဘူး၊ လမ်းပွင့်ပြီဆိုတော့ စျေးတွေ ပြန်ချရောင်းကြဖို့ လိုပြီ” လို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ အိမ်ရှင်မတဦးက ပြောပါတယ်။

ရခိုင်ဒေသတွင်း နှစ်ဖက်တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလဆန်းကတည်းက ပြည်မဘက်ကနေ ရခိုင်ပြည်တွင်း သို့ ကုန်စည်၊ ဆေးဝါးသယ်ယူရေးလမ်းကြောင်းတွေအားလုံးကို စစ်ကော်မရှင်က ဖြတ်တောက်ပိတ်ဆို့ထားခဲ့တာ ကြောင့် ရခိုင်ဒေသခံတွေဟာ အိန္ဒိယနိုင်ငံကနေ ကုန်စည်၊ ဆေးဝါးတွေကို တင်သွင်းနေခဲ့ကြတာဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်ဟာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက တခု ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်စည်၊ ဆေးဝါး တွေ တင်သွင်းရာမှာ အဓိကလမ်းကြောင်းကျတဲ့ ဒေသတခုဖြစ်ပါတယ်။