ဧရာဝတီတိုင်းမှာ ကျားဖြူပါတီက မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ်

ပိုစတာ ထောင်တာတွေကတော့ ခုမှလုပ်ကြတာ။ လုပ်တော့ စလုပ်ပြီဆိုပေမယ့် PPP တို့ ကြံ့ဖွတ်(ကြံ့ခိုင်ရေး)တို့လောက်တော့ အင်နဲ့အားနဲ့ မဟုတ်ဘူး

၂၅၊ နိုဝင်ဘာလ။

ဧရာဝတီမှာ တတိုင်းလုံး အတိုင်းအတာကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီဟာ မြောင်းမြမြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေ စတင်လုပ်ဆေင်နေတာကို တွေ့ရပါတယ်။

“သူတို့ ရုံးခန်းလာဖွင့်တာကတော့ ဒီလဆန်းကတည်းကပဲ။ ဒါပေမယ့် ပိုစတာ ထောင်တာတွေကတော့ ခုမှလုပ်ကြတာ။ လုပ်တော့စလုပ်ပြီဆိုပေမယ့် PPP တို့ ကြံ့ဖွတ်(ကြံ့ခိုင်ရေး)တို့လောက်တော့ အင်နဲ့အားနဲ့ မဟုတ်ဘူး ” လို့ မြောင်းမြမြို့မှာ နေထိုင်တဲ့ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နေသူ တဦးက ဆိုပါတယ်။

ဒါအပြင် ကြံ့ခိုင်ရေးနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်စဉ်က လက်နက်ကိုင် လုံခြုံရေးတွေ ပါဝင်ပေမယ့် ကျားဖြူပါတီရဲ့ လှုပ်ရှားမှုတွေမှာတော့ ပါတီဝင်တွေ အနည်းငယ်နဲ့သာ ပြုလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျားဖြူပါတီဟာ ယခင်ရွေးကောက်ပွဲတွေတုန်းကလည်း ဧရာဝတီတိုင်းက မဲဆန္ဒနယ်တချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီတကြိမ် စစ်တပ်က ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲမှာတော့ ဧရာဝတီ တတိုင်းလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် နေရာမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်လောင်းက ဖျာပုံခရိုင်အတွင်းက ပြည်သူတွေနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ ကျားဖြူပါတီက ထုတ်ပြန်ထားပါတယ်။

“ ဖျာပုံမြို့ပေါ်ကို လာတာတော့ မဟုတ်ဘူးထင်တယ်။ ကျွန်တော်တို့ ဘာမှမကြားမိဘူး။ ကျွန်တော်တို့ဘက်မှာက PPP နဲ့ ကြံ့ခိုင်ရေးကတော့ တော်တော်လေး လှုပ်ရှားကြပါတယ်။ ကျန်တဲ့ပါတီတွေ သိပ်မတွေ့သေးဘူး ” လို့ ဖျာပုံမြို့ပေါ်မှာနေထိုင်တဲ့ ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေသူ တဦးက ပြောပါတယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ဟာ ဒီရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကိုယ်စားလှယ်လောင်း ၅၇၆ ဦးထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

ကျားဖြူပါတီကို ဧရာဝတီတိုင်းနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ရည်မှန်းချက်တွေကို မေးမြန်းဖို့  DNA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။