မြောင်းမြ အထကကျောင်းတွေမှာ ရွေးကောက်ပွဲမဲထည့်ဖို့ ဆရာ၊ဆရာမတွေကို ဖိအားပေးနေ

ကျွန်မတို့က အခြေနေကြည့် က ရမှာပဲ။ ဒီကာလမှာ ဒီလိုလုပ်ခိုင်းတာဟာ ကျွန်မတို့အတွက် အရမ်း အကြပ်အတည်းဖြစ်ရတယ် ”

၁၉၊ နိုဝင်ဘာလ။

ဧရာဝတီတိုင်း မြောင်းမြမြို့ရဲ့ ရပ်ကွက်တချို့မှာ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး အုပ်ချုပ်ရေး အာဏာပိုင်တွေဟာ ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့အတွက် အခြေခံပညာကျောင်းတွေမှာ စည်းရုံးရေးဆင်းဖို့ ဆရာ၊ ဆရာမတွေကို ဖိအားပေးမှုတွေ လုပ်ခဲ့ပါတယ်။

“ကျွန်မတို့ကိုလာပြောတယ်။ ရွေးကောက်ပွဲမှာ မဲထည့်ဖို့၊ မိသားစုတွေကိုလည်း မဲထည့်ခိုင်းဖို့ ကျောင်းမှာစည်းရုံးရေးတွေ လုပ်ဖို့ပေါ့။ အသက်ပြည့်တဲ့ ကလေးတွေနဲ့ ပတ်သက်လို့လည်း ဆရာမတို့ကျောင်းမှာ ကလေးဘယ်နှယောက်က ၁၈ နှစ်ပြည့်ပြီးပြီ သူတို့တွေ မဲလာထည့်ဖို့ ဆရာမတို့ ဆောင်ရွက်ပေးပါဆိုတာမျိုးပြောတာ။ သူတို့က ဒီတိုင်း အကူညီတောင်းသလို ပြောတာမျိုးမဟုတ်ဘူး။ ဒါက အဓိပ္ပါယ် အမျိုးမျိုးထွက်စေပါတယ် ” လို့ အမည်မဖော်လိုသူ မြောင်းမြမြို့မှာ တာဝန်ကျနေတဲ့ ဆရာမ တဦးက DNA ကိုပြောပါတယ်။

လက်ရှိမှာတော့ မြောင်းမြမြို့ပေါ်က ကျောင်းတွေကို ဦးတည်ပြီး ဖိအားပေးနေပေမယ့် ကျေးရွာဘက်က ကျောင်းတွေကိုလည်း ဒီလိုဖိအားပေးတာမျိုး ရှိလာနိုင်တယ်လို့ အဲဒီဆရာမက ပြောပါတယ်။

“ ကျွန်မတို့က အခြေနေကြည့် က ရမှာပဲ။ ဒီကာလမှာ ဒီလိုလုပ်ခိုင်းတာဟာ ကျွန်မတို့အတွက် အရမ်း အကြပ်အတည်းဖြစ်ရတယ် ” လို့ ဆက်ပြောပါတယ်။

ဒါအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့နယ်မြေထဲမှာရှိနေတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတွေကို ကြိုတင်မဲပေးပါ့မယ်ဆိုတဲ့ ခံဝန်ကတိလက်မှတ်တွေ ထိုးခိုင်းနေတယ်လို့ ဆိုပါတယ်။

မြောင်းမြမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက် ရှိနေပြီး ကျေးရွာအုပ်စုပေါင်း ၉၈ အုပ်စု ရှိနေပါတယ်။

ဒီလို ခံဝန်လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စကို မြောင်းမြမြို့ ၄ ရပ်ကွက်မှာ စတင်နေပြီး အခြားရပ်ကွက်တချို့မှာလည်း ကာယကံရှင်တွေဆီ အကြောင်းကြားတာတွေ ပြုလုပ်နေတာမျိုး ရှိတယ်လို့ ကာယကံရှင်တွေက DNA ကိုပြောပြကြပါတယ်။

“ အခုကတော့ ၄ ရပ်ကွက်အုပ်ကြီးကတော့ ဆိုးနေတာပေါ့။ ပြီးတော့ ကျွန်တော်တို့ ဆီကိုလည်း(ရပ်ကွက်အမည် မပြောလို) အုပ်ကြီးရုံးကိုလာဖို့ ပြောလာပါပြီ။ ဘာကိစ္စလည်း မသေချာသေးပေမယ့် ၁၈ နှစ်ပြည့်ပြီးသူတွေကိုပဲခေါ်တာမို့ ဒါလုပ်ဖို့ပဲလို့ပဲ ထင်ပါတယ် ” လို့ မြောင်းမြမြို့ပေါ်မှာနေထိုင်တဲ့ တက္ကသိုလ်ကျောင်းသား တဦးက ဆိုပါတယ်။

ရွေးကောက်ပွဲ ပထမ အသုတ်ပြုလုပ်မယ့် ဒီဇင်ဘာ ၂၈ ရက်ဟာ ရုံးပိတ်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့အပြင် ရွေးကောက်ပွဲမှာ မဲလာမပေးပဲ နေမှာကို တားဆီးနိုင်ဖို့အတွက် ဒီလိုတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ မြောင်းမြမြို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဧရာဝတီတိုင်း၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ် (၁) အတွက် စစ်ကော်မရှင်ရဲ့ လ.ဝ.က ဝန်ကြီး ဦးမြင့်ကြိုင်က ကြံခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အဲဒီ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ဧရိယာအတွင်းမှာ မြောင်းမြ၊ပုသိမ်၊ကျုံပျော်နဲ့ လပွတ္တာ ခရိုင် ၄ ခုပါဝင်နေတာ ဖြစ်ပါတယ်။