
ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ တော်လှန်ရေးအရှိန်နဲ့ တွက်ကြည့်ရင် မကြာပါဘူး။
၁၈၊နိုဝင်ဘာ။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်(CRAH) ဟာ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော် အဖြစ် အမည်ပြောင်းလိုက် တယ်လို့ ကြေညာခဲ့ပါတယ်။ဒါ့အပြင်နာမည်အသစ်
နဲ့ လွှတ်တော်အတွက် ဥက္ကဌအသစ်ကိုလည်း ခန့် အပ်ခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ စစ်တပ်က အာဏာသိမ်းအပြီး ငါးနှစ်ကျော် အကြာမှာ CRAH ရဲ့ တခုတည်းသော ထင်သာမြင်သာ ရှိတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအရွေ့မှာ ဧရာဝတီရဲ့နိုင်ငံရေး ရေချိန် က ဘယ်လိုလဲ၊အခုအပြောင်းအလဲက ဘယ်ကို ဦးတည်မှာလဲ ၊ ဘယ်လောက်အထိ လုပ်နိုင်စွမ်းတွေ ရှိမှာလည်း ဆိုတာတွေကို DNA က နာမည်အသစ်
ပြောင်းထားတဲ့ ဧရာဝတီဖက်ဒရယ်ယူနစ်ရဲ့ လွှတ်တော်ဥက္ကဌ ဦးခင်ဝင်း နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။
🔹 အရင်ဆုံး ဦးခင်ဝင်းရဲ့ နိုင်ငံရေး ဖြတ်သန်းမှုကို မိတ်ဆက်ပေးပါဦး။
🔹 နိုင်ငံရေးနယ်ပယ်ထဲကို ၈၈ အရေးအခင်းမှာ ဝင်ရောက်လာတယ်။ ၈၈မှာ ကျွန်တော်တို့ မြို့နယ် ဒေးဒရဲမှာ ကျွန်တော်တို့ဆန္ဒပြကြတဲ့အခါ ကျွန် တော် ဦးဆောင်ခဲ့တာတွေရှိတယ်။ အဲ့အချိန်ကလည်း ကျွန်တော်က ရှေ့နေ ဖြစ်နေပြီပေါ့နော်။ ဘားကောင်စီရဲ့ ကြေညာချက်တွေကို ဖတ်ကြားခဲ့တာတွေရှိတယ်ပေါ့။ ဒီလိုနဲ့ ပါတီတွေ ထောင်ခွင့်ပေးပြီး ရွေးကောက်ပွဲလုပ်မယ်ပေါ့ ဆိုတဲ့အခါကျတော့လည်း ကျွန်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးတာတွေလုပ်ခဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာ ဒေးဒရဲ ကနေ ဝင်ခဲ့ကြတာကတော့ ဒေါက်တာမျိုးညွန့်ရယ်၊ ဦးသန်းထွန်းရယ်ပေါ့ ဒီနှစ်ယောက်စလုံး ကျွန်တော်တို့ နိုင်ခဲ့တယ်။ နောက်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပေမယ့် ကျွန်တော်က အဖမ်းအစီးတော့ မခံခဲ့ရဘူး။ စစ်ကြောရေးတွေဘာတွေ မရောက်ခဲ့ဘူး။ ဒီလိုပဲ ကျွန်တော်တို့ တိုးတိုး တိတ် တိတ်လှုပ်ရှားရင်း ဖြတ်သန်းခဲ့တာပါ။
ဒီလိုနဲ့ ၂၀၁၅ ကျတော့ ကျွန်တော့်ကို ပါတီက ဒေးဒရဲကနေ တိုင်းဒေသကြီးလွှတ်တော်ကနေဝင်ပြိုင်ဖို့ ပြောလာတယ်။ ဝင်ရွေးခံခဲ့တယ် နိုင်ခဲ့တယ်။ အဲ့မှာကျွန်တော်က ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
အခု ၂၀၂၀ ပြီးတော့ အာဏာသိမ်းတဲ့အခါမှာ အာဏာသိမ်းတဲ့ မနက်မှာပဲ ကျွန်တော်တို့ကို အိမ်မှာ လာဖမ်းတယ်၊ အဖမ်းခံခဲ့ရတယ်။ ဖျာပုံ တပ်ရင်း ၉၈ ကိုခေါ်သွားတယ်။ အဲ့ကနေပုသိမ်တောင်ပေါ်ကို ပို့လိုက်တယ်။ နောက်ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်ကို ပြန်လွှတ်ပေးတယ်။
နောက်တော့ ကျွန်တော်တို့ ဆန္ဒပြတယ် လုပ်ကြတယ်။ ဒီလိုနဲ့ ဒီတိုင်းတော့မပြီးတော့ ကျွန်တော်တို့ လက်နက်ကိုင်လမ်းစဉ်ကို သွားမှရတော့မယ်လို့ သဘောပေါက်လာတယ်။ အဲ့ဒီအခါမှာ ကျွန်တော် ကရင်နီဘက်ကိုစသွားတယ်ပေါ့နော်။ အဲ့မှာ ၂ နှစ် ကျော်လောက် ကျွန်တော် လုပ်စရာရှိတာတွေ လုပ်ခဲ့တယ်။ ဥပဒေပိုင်းဆိုင်ရာ သင်တန်းတွေ။ COC ကုတ်အော့ဖ်ကွန်တက်ဆိုတာဘာလဲပေါ့၊ နောက် နိုင်ငံရေးသိပ္ပံပေါ့ စသဖြင့် အဲ့ဒါတွေ သင်တန်းပေးတယ်။ အဲ့ဒီမှာ အလယ်ပိုင်းတိုင်းရဲ့ ဥပဒေဌာန တာဝန်ခံအနေနဲ့ တာဝန်ယူခဲ့တယ်။ နောက်တော့ လွှတ် တော်တာဝန်တွေနဲ့ အခြားသော ကိစ္စတွေနဲ့ ဒီဘက် ကို ရောက်လာတယ်ပေါ့။ ဒီကိုရောက်လာတဲ့အချိန် ကစလို့ ကျွန်တော်တို့ အခုဖြစ်လာမယ့် အလုပ်တွေကို စလုပ်နေခဲ့တာပါပဲ။
🔹မေး -ဘာလို့ ဧရာဝတီ ဖက်ဒရယ်ယူနစ်လွှတ်တော် လို့ နာမည်ပြောင်းခဲ့ကြတာလဲ။
🔹 ဖြေ – ကျွန်တော်တို့က ဖက်ဒရယ်ကို သွားမယ် ဆိုတဲ့အခါကျတော့ အရင်တုန်းကလိုမျိုး တိုင်းလို့မခေါ်တော့ပဲ ဖက်ဒရယ် ယူနစ်လို့ခေါ်လိုက်တာပေါ့နော်။ ကျွန်တော်တို့က ဧရာဝတီ ဖက်ဒရယ်ယူနစ်ဖြစ်လာတယ်ပေါ့။ ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်တခုခုလို့ မသတ်မှတ်ခင်မှာ ယူနစ်လို့ သတ်မှတ်လိုက်တာက လိုတိုရှင်း သဘောလည်း ဖြစ်ပါတယ်။
🔹 မေး – အခု ဖက်ဒရယ် ယူနစ်လွှတ်တော်မှာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုမယ် ဆိုတော့ အဲ့ဒါကို ရှင်းပြပေးပါဦး။
🔹 ဖြေ – အရင်တုန်းကခေါ်ခဲ့တဲ့ တိုင်းဒေသကြီးတွေပေါ့လေ၊တိုင်းဒေသကြီးတွေကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ရေးကြမယ်။ ကျွန်တော် တို့က ၂၀၀၈ ကိုဖျက်လိုက်ပြီဆိုတော့ ပြန်ရေးမှ ဖက်ဒရယ်စနစ်ကို သွားနိုင်မှာ ဖြစ်တာကြောင့် ပြည်နယ်တွေ အားလုံးပေါ့ တိုင်းမရှိတော့ဘူး ယူနစ် တွေပေါ့လေ။ ယူနစ်တွေ အားလုံးမှာ အခြေခံဥပဒေ ရှိဖို့လိုအပ်လာတယ်။ ဆိုတော့ ဒီဥပဒေကို လွှတ် တော်တခုတည်းကနေပြီးတော့ ရေးလို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်တဲ့အတွက် လွှတ်တော် တခုတည်းကလုပ်တာ မဟုတ်ဘဲနဲ့ နိုင်ငံရေး အင်အားစု တော်လှန်ရေး အင်အားစုတွေ အားလုံးပါဝင်ရမယ်ဆိုပြီးတော့ အခုကြေညာလိုက်တဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးတယ်ပေါ့။
🔹 မေး – မူကြမ်းတော့ ထွက်လာပေမယ့် အခုမှ ဖွဲ့စည်းပုံကိုရေးမယ်ဆိုတော့ ၅ နှစ်ကျော်ကြာခဲ့ပြီ ဆိုတော့ နောက်မကျနေဘူးလား။
🔹 ဖြေ – ကျွန်တော်တို့က အခုမှ ထုတ်ပြောတာပါ။ ဘာလို့ အခုမှထုတ်ပြောတာလဲဆိုတော့ ကြားကာလအစီအမံပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေး မအောင်မြင်ခင်ကာလကို ကြားကာလလို့ သတ်မှတ် တယ်ပေါ့။ ဒီအချိန်ဟာ နောက်ကျတယ်လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ သို့သော်လည်း ကျွန် တော်တို့ ဒါတွေကို လုပ်လာတာက ၂ နှစ်ကျော် ကျော် ရှိနေပါပြီ။ ဒါလိုလုပ်ရတဲ့အခါမှာ အရင်ဆုံး ကျွန်တော်တို့က ဒီအင်အားစုတွေကို စုရတယ်။ ဒီလိုစုစည်းဖို့ကို ကျွန်တော်တို့ တော်တော်လုပ်ခဲ့ရပါတယ်။ ပြည်တွင်းကရော ပြည်ပမှာရှိနေတဲ့ အင်အားစုတွေ အကုန်ပေါ့လေ။ သူတို့တွေ ပါလာဖို့ အားစိုက် ထုတ် ပြီးတဲ့အခါ ကျွန်တော်တို့ လွှတ်တော်က ရေးဆွဲထားတဲ့ မူကြမ်းကို သူတို့နဲ့ပြန်တိုင်ပင်ရပါတယ်။ ဒီလိုလုပ်ကြတဲ့အခါမှာလည်း တော်လှန်ရေးကာလ ဖြစ်နေတာကြောင့် လူတွေက နေရာတွေပြောင်း၊ အခြေအနေတွေပြောင်း၊ အုပ်စုတွေပြောင်းတာတွေလည်း ဖြစ်ကြတော့ အချိန်တော်တော် ယူခဲ့ရပါတယ်။ ဒါကြောင့် အထိုက်အလျောက် နောက်ကျသွားတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်းပဲ ပြန်တွက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ကြပြီး စုဖွဲ့ပုံခြင်း မတူတာတွေ၊ကိုယ်စားလှယ် အရေအတွက်တွေ၊ သွားချင်တဲ့ပုံစံ မတူကြတာတွေ စတဲ့ စတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ၂ နှစ် ကျော်လောက် အချိန်အတွင်းမှာ ကျွန်တော်တို့ဟာ ဒီကြားကာလ အစီအမံ ဥပဒေကြမ်းဆိုတဲ့ ဟာကိုကျွန်တော်တို့ ကြေငြာနိုင်ခဲ့ပါတယ်။ ဒီလိုကြေညာတဲ့အခါမှာလည်း ရှေ့မှာရှိခဲ့တဲ့ လွှတ်တော်ကိုပါ နာမည်ပြောင်းပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချိန်ကို ကြာတယ်လို့ မဆိုနိုင်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ကျွန်တော်တို့က အနှစ် ၇၀ လောက် အရိုးစွဲလာ အနိုင်ကျင့်ခံလာရတဲ့ စနစ်ကြီးတခုကို တော်လှန်ဖို့ ပြင်ဆင်ဖို့ အသစ်ပြဌာန်းဖို့ဆိုတဲ့ ကိစ္စမှာ ဒီ၅နှစ်ဆိုတဲ့အချိန်ဟာ ပြည်သူ လူထုမှာ ဒုက္ခတွေရှိကြတယ်ဆိုပေမယ့် ၅ နှစ်ဆိုတဲ့ အချိန်ကာလဟာ တော်လှန်ရေးအရှိန်နဲ့ တွက်ကြည့်ရင်မကြာပါဘူး။
🔹 မေး – ဖွဲ့စည်းပုံကိုရေးရင် ဘယ်သူတွေပါဝင်မလဲ။
🔹 ဖြေ – ကျွန်တော်တို့ ကြားကာလ အစီအမံရေး ကိစ္စမှာ အခုထွက်ထားတဲ့ မူကြမ်းရှိတယ်။ ကျွန် တော်တို့ဆီမှာဆိုရင် ကရင်တွေ အများကြီးရှိတယ်။ ရခိုင်တွေလည်း ရှိတယ်။ အရှိုချင်းတွေလည်း ရှိတယ်။ သူတို့ကိုလည်းထည့်ထားတယ်။ နောက်မြေပြင်တော်လှန်ရေး အင်အားစုတွေဆိုပြီးတော့ အုပ်စုတစုရှိမယ်။ နောက် CDM အုပ်စုရှိမယ်။ သပိတ်အင် အားစုတွေ၊ သမဂ္ဂတွေရှိမယ် ဒါကအုပ်စုတခုပေါ့။ ပြောရရင်တော့ နွေဦးတော်လှန်ရေးမှ စတင်ဖြစ် ပေါ်လာတဲ့ တော်လှန်ရေး အင်အားစုတွေ သက်ဆိုင် ရာ အုပ်စုတွေအလိုက်ပါဝင်တယ်။ ဒီလိုမျိုးရှိနေတာဟာ ဒီကြားကာလအစီအမံမှာ အားလုံးပါဝင်နိုင် ရေးကိုရော၊ ဒီအစုအဖွဲ့တွေကြားက နားလည်မှု ညီညွတ်မှုတွေကိုရော၊ သူတို့ကိုယ်၌ သူတို့သဘောထားဆန္ဒတွေ အမြင်တွေကို ဒီမှာဝင်ပြီး ဆွေးနွေးပြီးတော့ ကျွန်တော်တို့ ဒီကြားကာလ အစီအမံကို ရေးဆွဲသွားမှာပါ။
🔹 မေး – အခုက ဖက်ဒရယ်ကို ကြားကာလမှာပါ အကောင်အထည်ဖော်မယ့် သဘောပေါ့။
🔹 ဖြေ – ဟုတ်ကဲ့။ ကျွန်တော်တို့က ဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့ တခါတည်းလုပ်နေတာဖြစ်တယ်။ ပြည်သူတွေဟာ စစ်အာဏာရှင်ကို မကြိုက် ဘူး။ နောက်တခု လူမျိုးပေါင်းစုံနေထိုင်ကြတဲ့အခါမှာ ဗဟိုချုပ်ကိုင်မှာ ဗဟိုအုပ်ချုပ်မှုစနစ်ကလည်း အဆင်မပြေဘူးဆိုတဲ့အခါမှာ ဒါကိုလျော့ချနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်တော်တို့ သွားဖို့လုပ်ကြတယ် ပေါ့နော်။ ဒီစနစ်နဲ့သာ သွားမယ်ဆိုရင် သက် ဆိုင်ရာ ဖက်ဒရယ် ယူနစ်တွေရဲ့ အုပ်ချုပ်မှုတွေနဲ့သာ သွားမယ်ဆိုရင် ပိုပြီးကောင်းမယ် တိုးတက်မယ်ဆိုတာကို ရှေ့မှာလည်း လက်တွေ့ မြင်နေရတာတွေ ရှိနေပါတယ်။
🔹 မေး – အခု စစ်ကောင်စီက ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက် လို့ ဧရာဝတီ ဖက်ဒရယ် ယူနစ်က ဘာတွေပြင်ဆင် ထားလဲ။ ပြည်သူတွေကို ပြောပြချင်တာ ဘာရှိမလဲ။
🔹 ဖြေ – ကျွန်တော်တို့ ပြည်သူတွေ လိုချင်တာက ဘာလဲဆိုတာကို ကျွန်တော်တို့ သေချာသိပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောရရင် ကျွန် တော်တို့ ၉၀ ရွေးကောက်ပွဲကနေ ပြန်ကြည့်ရင် မဆလပါတီကနေ အသွင်ပြောင်းလာတဲ့ တ.စ.ည ပါတီရှိတယ်။ ၂၀၁၅ မှာ ကြံ့ခိုင်ရေးပါတီ ရှိတယ်။ ၂၀၂၀ မှာဆိုရင်လည်း NLD ပါတီဟာ အရင်ကထက် အနိုင်ရနေရာတွေ နည်းသွားမယ်လို့ ခန့်မှန်းချက်တွေ ရှိကြပေမယ့် တကယ့်တကယ်မှာပိုပြီးနေရာတွေ ပိုပြီးနိုင်ခဲ့တဲ့အထိ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်။ ဒီအခြေအနေတွေကို ပြန်ကြည့်ရင် ၉၀ က စလို့ ၂၀၂၀ ထိ ဘာလို့ NLD ဟာ ဒီလောက်ထိ အနိုင်ရခဲ့တာလည်း ပြည်သူတွေဟာ စစ်အာဏာရှင်တွေ အုပ်ချုပ်တာကို မကြိုက်လို့ ဆိုတာကိုရှင်းရှင်းလင်း လင်း မြင်ရပါတယ်။ အခု စစ်ကောင်စီက လုပ်တဲ့ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေဟာ မဲသွားပေးပေး မပေးပေး သူတို့နိုင်မှာပဲ သူတို့ဇာတ် သူတို့ရေးမှာပဲ ဆိုပေမယ့် ဒါဟာ ပြည်သူ့ဆန္ဒ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိပါတယ်။ ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်။
🔹 မေး – ကိုယ်တိုင်ကလည်း အခုလွှတ်တော်မှာ ဥက္ကဌဖြစ်လာတယ်၊ ဖွဲ့စည်းပုံကိုလည်း ရေးဆွဲမယ် ဆိုတော့ ဘာတွေ အခက်အခဲရှိလာနိုင်မယ်ထင်လဲ။ ကိုယ်ဖြတ်သန်းရမယ့် အခက်အခဲတွေအကြောင်း တွေးမိတာမျိုးရှိလား။
🔹 ဖြေ – အခုက ရှေ့မှာ စစ်ကိုင်းတို့ မကွေးတို့ စသဖြင့်တွေ ရေးပြီးသွားတာတွေရှိတယ်။ သူတို့ကအ တည်ပြုပြီးသွားပြီပေါ့နော်။ ဒီမှာ သူတို့နဲ့ ကျွန်တော်တို့နဲ့ ခြားနားတာတွေ ရှိပါတယ်။ ဧရာဝတီတိုင်းက အရင်တုန်းကတော့ ဗကပတွေရော KNU (KNDO) တွေရောရှိခဲ့တယ်။ ဒီဘက်နောက်ပိုင်းမှာ မရှိတော့တာ ကြာသွားပြီ။ အခု လက်နက်ကိုင် တော်လှန်ရေးမှာလည်း ဒီတော်လှန်ရေး အုပ်စုတွေရဲ့ နယ်မြေတွေက အရမ်းအရေးကြီးတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ ဧရာဝတီတိုင်းထဲမှာက အဲ့လိုခိုနိုင်တဲ့ လွတ်မြောက်နယ်မြေ လိုမျိုး နေရာတွေ မရှိသေးဘူး။ ဒီတော့ ကျွန်တော်တို့ ဒီကြားကာလအစီအမံ ဥပဒေဟာ ရှိလာမယ်။ ဒါပေမယ့် ကျင့်သုံးရမယ့် နယ်မြေမရှိသေးရင်တော့ စာရွက်ပေါ်က ဥပဒေလိုပဲ ဖြစ်နေမှာပဲ။ ဒီကိစ္စကတော့ ရှိလာနိုင်တယ်။ မြေပြင်ပထဝီအနေအထားအရမှာလည်း လွတ်မြောက် နယ်မြေ ဖြစ်လာနိုင်ဖို့ နေရာက ခက်ခဲနိုင်တယ်။ တတိုင်းလုံး လွတ်မြောက်ရေး မဖြစ်မချင်းမှာ နယ်မြေလေးတခုကိုပဲ ထိန်းထားနိုင်ဖို့ဆိုတာ ခိုဖိုတောမရှိဘူး လေယာဉ်နဲ့ ရေပြင်က ထိုးစစ်တွေလာရင် ခုခံနိုင်ဖို့ခက်တဲ့ အနေအထားတွေ ရှိနေတာပေါ့။ ဒီတော့ ကျွန်တော်တို့ ဒါကိုကျင့်သုံးနိုင်ဖို့မှာ ကြာသွားနိုင်တယ်ပေါ့။ ဒါပေမယ့် ဒါကိုရေးဆွဲဖို့ကတော့ ကျွန်တော်တို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြီးသွားနိုင်ပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကတော့ ကျော်ဖြတ်ရမှာတွေ အများကြီးပါပဲ။ ဒါပေမယ့် တော်လှန်ရေးလောက်တော့ ဘယ်ဟာမှ မခက်နိုင်ပါဘူး။
🔹 မေး – အခု ဧရာဝတီ ဖက်ဒရယ် ယူနစ်လွှတ်တော် အစည်းအဝေးတွေ ခေါ်တဲ့အခါ မီဒီယာတွေ သတင်းယူခွင့် ရှိမလား။
🔹 ဖြေ – ကျွန်တော်တို့ ဧရာဝတီဖက်ဒရယ် ယူနစ်လွှတ်တော်မှာ သတင်းထောက်တွေကို သတင်းယူခွင့်ပေးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်း တချို့တော့ရှိမယ်။ ဒါတွေကို လိုက်နာနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ လွှတ်တော်မှာ သတင်းယူခွင့် ရှိလာမှာပါ။