
အများပြည်သူပိုင် ဆိုင်ကယ်၊ ကားတွေကို လိုင်စင်မရှိ၊ လိုင်စင်သက် တမ်းကုန်နေရင် ဖမ်းဆီး၊ သိမ်းယူနေတဲ့ အဲဒီအိုင်သပြုနယ်မြေရဲစခန်းက စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င်တွေ စီးတဲ့ဆိုင်ကယ်တွေကတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၅ ၊ နို၀င်ဘာ။
ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ် အိုင်သပြုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်တွေနဲ့ အုပ်ချုပ်ရေးတာ၀န်ရှိသူတွေဟာ ကုန်ကား၊ အိမ်စီးကားနဲ့ နှစ်ဘီးဆိုင်ကယ်တွေကို လိုင်စင်အပါအ၀င် အထောက်အထားတွေစစ် ဆေးပြီး မပြည့်စုံရင် သိမ်းဆည်း၊ ငွေတောင်းတာတွေ လုပ်နေပါတယ်။
“ဆိုင်ကယ်တွေ လိုင်စင်မပါ၊ ဦးထုပ်မပါရင် သိမ်းတယ်၊ သိမ်းရင် ပိုက်ဆံနဲ့ သွားရွေးမှ ပြန်ရတာ။ ငွေညှစ်တာပေါ့၊ ဘယ်လောက်ထိဆိုးလဲဆို ဦးထုပ်ကြိုးမတပ်ထားမိရင်တောင် သိမ်းတယ်၊ ပိုက်ဆံတောင်းတယ်” လို့ လေးမျက်နှာမြို့မှ ဒေသခံတဦးက ပြောပါတယ်။
နှစ်ဘီးဆိုင်ကယ်တွေအပြင် အိမ်စီးကားနဲ့ ကုန်တင်ကားတွေဟာလည်း အဲဒီလို စစ်ဆေး၊ ငွေတောင်းတာနဲ့ ကြုံကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အိုင်သပြုနယ်မြေရဲစခန်းမှ စခန်းမှူးအပါအ၀င် နယ်ထိန်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့၀င်တွေဟာ အဲဒီလို လမ်းဆုံမှာ ဂိတ်ချကာ မကြာခဏစစ်ဆေး၊ ငွေတောင်းနေကြတာဖြစ်ပါတယ်။
ကား၊ ဆိုင်ကယ်တွေကို လိုင်စင်နဲ့ ဦးထုပ်ပါ၊ မပါ စစ်ဆေးတာဟာ လုပ်သင့်တဲ့လုပ်ရပ်ဖြစ်ပေမယ့် ငွေတောင်းယူတာနဲ့ ဆိုင်ကယ်၊ ကားတွေကို သိမ်းဆည်းတာတို့ကတော့ တရားလွန်တယ်လို့ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“သပ်သပ် ပိုက်ဆံတောင်းစားနေတာပါ၊ ပြည်သူတွေကိုသာ ဖမ်းနေတာ။ သူတို့ကျ ဦးထုပ်တောင် ပုံမှန်ဆောင်းကြတာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် အများပြည်သူပိုင် ဆိုင်ကယ်၊ ကားတွေကို လိုင်စင်မရှိ၊ လိုင်စင်သက် တမ်းကုန်နေရင် ဖမ်းဆီး၊ သိမ်းယူနေတဲ့ အဲဒီအိုင်သပြုနယ်မြေရဲစခန်းက စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င်တွေရဲ့ ဆိုင်ကယ်တွေကတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိုင်သပြုကျေးရွာဟာ ဟင်္သာတ – လေး မျက်နှာ – ငသိုင်းချောင်း – ရေကြည် စတဲ့ မြို့နယ်ချင်းဆက်ကားလမ်းမပေါ် တည်ရှိတဲ့ ကျေးရွာကြီးတခုဖြစ်ပါတယ်။
ဧရာ၀ဝီတိုင်းအတွင်းရှိ ပုသိမ်မြို့နဲ့ လေးမျက်နှာမြို့ပေါ်တွေမှာလည်း ရဲတွေက ဆိုင်ကယ်ဦးထုပ်နဲ့ လိုင်စင်သက်တမ်းတွေကို မကြာခဏစစ် ဆေးကာ သိမ်းယူတာတွေပါ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမစခင်တုန်းကလည်း ဂွ၊ တောင်ကုတ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ မြောက်ဦး၊ မင်းပြားစတဲ့မြို့နယ်တွေမှာ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်အစီးပေါင်း ရာချီကို သိမ်းယူခဲ့ပြီး ကားတန်ဖိုးနီးပါးရှိတဲ့ ငွေပမာဏနဲ့ ပြန်လည်ရွေးယူရတာ၊ ကားသွားရွေးရင် ကားပိုင်ရှင်ကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။