အလှူအတန်းတွေလုပ်ပြပြီး မအူပင်မြို့နယ်မှာ မဲဆွယ်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးကံမြင့်သန်း

“ကျွန်မတို့ လူမျိုးတွေက ခက်တယ်။ မအူပင်က လူတွေက ပိုခက်တယ်။ လှူပြတန်းပြရင် သူတော်ကောင်းထင်နေကြတာ။ တချို့တွေကျ သိသိကြီးနဲ့ ပိုက်ဆံရလို့ လုပ်နေကြတာ”

၁၄၊ နိုဝင်ဘာလ။

လက်နက်ထုတ်လုပ်ရေး ညွှန်ကြားရေးရုံးမှာ အရာရှိချုပ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလကအထိ တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးကံမြင့်သန်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်အဖြစ် သူဝင်ရောက် ယှဉ်ပြိုင်မယ့် မအူပင်မြို့နယ်မှာ အလှူအတန်းတွေ လုပ်ပြပြီ မဲဆွယ်နေပါတယ်။

“တောင်သူလယ်သမားတွေကတော့ သူဘာကောင်လဲဆိုတာကို မသိကြတဲ့သူတွေ ရှိတာပေါ့။ လှူတယ်တန်းတယ်ဆို လူကောင်းသူကောင်းပဲ ထင်ကြတဲ့သူတွေရှိတယ်။ သိတဲ့သူတွေကလည်း ဘယ်လိုဝင်ပြောရမလဲ။ ခုလည်း မအူပင်ကို တိုးတက်အောင်လုပ်ပေးမယ် ဘာညာ သူလုပ်ပေးနေတာတွေလည်း ရှိတော့ ဟုတ်နိုး ဟုတ်နိုးပေါ့။ ကျွန်တော်တို့ကတော့ လူယုတ်မာတွေ လုပ်ပေးမယ့် တိုးတက်မှုဆိုတာကို အယုံကြည်မရှိဘူး ” လို့ မအူပင် ဒေသခံ တဦးက ဆိုပါတယ်။

ဦးကံမြင့်သန်းဟာ ဧရာဝတီတိုင်း မအူပင်မြို့နယ်ဟာ သူ့ရဲ့မွေးဖွားရာ ဇာတိဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး မအူပင်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သူနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ပြုလုပ်ပေးနေကြတဲ့သူတွေက သူပြုလုပ်ခဲ့တဲ့ အလှူအတန်းတွေ အကြောင်း၊ ဘုရားစေတီ တည်ထားမှုတွေ အကြောင်းနဲ့ မအူပင်မြို့နယ်မှာ သူလှူဒါန်းမှု ပြုလုပ်နေတဲ့ ကိစ္စတွေကို အဓိကထား ပြောဆိုနေကြပါတယ်။

“ ကျွန်မတို့ လူမျိုးတွေက ခက်တယ်။ မအူပင်က လူတွေက ပိုခက်တယ်။ လှူပြတန်းပြရင် သူတော်ကောင်းထင်နေကြတာ။ တချို့တွေကျ သိသိကြီးနဲ့ ပိုက်ဆံရလို့ လုပ်နေကြတာ။ ခုက ဒလန်ကလည်းပေါ မကြိုက်တာကို မကြိုက်ကြောင်းလည်း ပြောလို့မရတော့ ကျွန်မတို့တော့ သိုသိုသိပ်သိပ်နဲ့ ဆန့်ကျင်နေရုံပဲ လုပ်နိုင်ပါတယ် ” လို့ မအူပင် ဒေသခံ အမျိုးသမီး တဦးက ဆိုပါတယ်။

အစိုးရဝန်ထမ်းအဖြစ် အသက် ၆၄ နှစ်အထိ စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး စစ်တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ယူခဲ့ပြီး ၊ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးမှာ အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။“ကိုယ်ဇာတိမြေဖြစ်တဲ့ မအူပင်မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေး အတွက် အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားပါမယ် ” ဆိုတဲ့ ကတိစကားနဲ့ မဲဆွယ်မှုတွေ ပြုလုပ်နေပြီး မအူပင်ဒေသခံ တချို့ကလည်း သူနဲ့ပတ်သက်တဲ့ ဘုန်းတော်ဘွဲ့တွေ ရေးသားဖြန့်ဝေတာတွေ ပြုလုပ်နေကြပါတယ်။

စစ်တပ်ရဲ့ နိုင်ငံသားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာက အရေးယူ ပိတ်ဆို့တဲ့ စာရင်းထဲမှာ ဧရာဝတီတိုင်းထဲကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ် နှစ်ဦး ပါဝင်ခဲ့ပြီး တဦးမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တဦးမှာ ညွှန်ကြားရေးမှူး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးကံမြင်သန်းတို့ ဖြစ်ကြပါတယ်။