
အမေရိကန်ဘက်က ကုန်းတွင်းပိုင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားနေကြပါတယ်။
၁၂၊ နိုဝင်ဘာ။
အမေရိကန်ရေတပ်ရဲ့ ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောဟာ လက်တင်အမေရိကဒေသကို ရောက်ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ လပေါင်းများစွာကြာမြင့်တဲ့ စစ်ရေးပြင်ဆင်မှုရဲ့ အမြင့်ဆုံး အခြေအနေဖြစ်ပြီး ထရမ့်အစိုးရရဲ့ ဗင်နီဇွဲလားအပေါ် ခြိမ်းခြောက်မှုတွေဟာလည်း ပိုမိုတိုးပွားလာပါတယ်။
ကမ္ဘာ့အကြီးဆုံးနဲ့ အခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောဖြစ်တဲ့ U.S.S. Gerald R. Ford ကို ချထားတာဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုကို ဟန့်တားဖို့နဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေကို ဖျက်ဆီးဖို့၊ လက်ရှိ စွမ်းဆောင်ရည်တွေကို မြှင့်တင်အားဖြည့်ပေးဖို့အတွက် ဖြစ်တယ်လို့ ပင်တဂွန်က ပြောကြားထားပါတယ်။
ဒီလေယာဉ်တင်သင်္ဘောဟာ အရင်လတွေကတည်းက ဒေသတွင်းကို ချထားပြီးဖြစ်တဲ့ စစ်သင်္ဘော ရှစ်စင်း၊ နျူကလီးယားရေငုပ်သင်္ဘောတစင်း၊ F-35 ဂျက်လေယာဉ်တွေနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်နဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ကာရစ်ဘီယံပင်လယ်ထဲက မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ လှေတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလား ကျောထောက်နောက်ခံ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း Tren de Aragua (TDA) အဖွဲ့ဝင်တွေ လိုက်ပါလာတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လတွေမှာ ဗင်နီဇွဲလားရေပိုင်နက်အနီးက သင်္ဘောတဒါဇင်ကျော်ကို တိုက်ခိုက်ခဲ့ရာ လူ ၇၅ ဦးကျော် သေဆုံးခဲ့တဲ့အတွက် ဗင်နီဇွဲလားဟာ ကာကွယ်ရေး အစီအမံတွေကို ပြဋ္ဌာန်းဖို့ တွန်းအားပေးခဲ့ရပါတယ်။
ဒါ့အပြင် အမေရိကန်ဘက်က ကုန်းတွင်းပိုင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားနေကြပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ တိုက်ခိုက်ခဲ့တဲ့ သင်္ဘောတွေထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးနေတယ်ဆိုတဲ့ အထောက်အထားတွေကို ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အမေရိကန်ရဲ့ အဆိုပါ စစ်ဆင်ရေးဟာ ဗင်နီဇွဲလားနဲ့ ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခကို ပိုမိုဖြစ်လာစေပြီး သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အစိုးရပြောင်းလဲရေးကို ရှာဖွေနေတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို တရားမဝင်ခေါင်းဆောင်အဖြစ် အဆက်မပြတ်ခေါ်ဝေါ်ခဲ့ပါတယ်။
“ကျွန်တော်တို့က ပင်လယ်ထဲကို ကောင်းကောင်း ထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက် အခုတော့ ကုန်းတွင်းပိုင်းကို သေချာပေါက် စဉ်းစားနေပါတယ်”လို့ သမ္မတ ထရမ့်က အောက်တိုဘာလမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကတော့ ထရမ့်ကို ဗင်နီဇွဲလားကို ဆန့်ကျင်တဲ့ စစ်ပွဲတစ်ခု ဖြစ်အောင် တွန်းအားပေးနေတယ်လို့ စွပ်စွဲခဲ့ထားပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပဒရီနို လိုပက်ဇ်ကတော့ အင်္ဂါနေ့မှာ နိုင်ငံရဲ့ စစ်တပ်ကို စစ်ဆင်ရေးအပြည့်အဝနဲ့ အသင့်အနေအထားမှာ ထားရှိဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့အထိ ကုန်း၊ လေ၊ ရေကြောင်းနဲ့ ဒုံးကျည်လက်နက်အားလုံးအပြင် နိုင်ငံရဲ့ ပြည်သူ့စစ်တွေကိုပါ ချထားဖို့ တောင်းဆိုခဲ့ပါတယ်။
Ref – Times