အိန္ဒိယမှာ ကားပေါက်ကွဲမှုဖြစ်ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံး

လူဦးရေ သန်း ၃၀ ကျော်နေထိုင်ရာ ဒီမြို့ကြီးမှာ အခုလို ပေါက်ကွဲမှုဟာ ဖြစ်တောင့်ဖြစ်ခဲပါ။

၁၁၊ နိုဝင်ဘာ။

အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီရဲ့ နာမည်ကြီး ရပ်ကွက်တစ်ခုမှာ တနင်္လာနေ့ ညနေပိုင်း ဒေသစံတော်ချိန် ၆ နာရီ ၅၂ မိနစ်မှာ  ကားတစီးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးအထိမ်းအမှတ် သင်္ကေတတစ်ခုလည်းဖြစ်၊ ၁၇ ရာစု အဆောက်အအုံတစ်ခုလည်းဖြစ်တဲ့ မြို့တော်၏ ထင်ရှားသော ‘Red Fort’ (အနီရောင်ခံတပ်) ခေါ် Lal Qilaအနီးမှာ  ဖြစ်ပွါးခဲ့တာပါ။

စည်ကားပြီး လူသိများတဲ့ အဓိက ခရီးသွားလာရေး ဗဟိုချက်ဖြစ်တဲ့ နေရာဟာ ပေါက်ပွဲမှုကြောင့် ချက်ချင်းဆိုသလို ရှုပ်ထွေးပွက်လောရိုက်သွားတယ်လို့ ဆိုပါတယ်။

လူဦးရေ သန်း ၃၀ ကျော်နေထိုင်ရာ ဒီမြို့ကြီးမှာ အခုလို ပေါက်ကွဲမှုဟာ ဖြစ်တောင့်ဖြစ်ခဲပါ။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပေါက်ကွဲမှုအပြီး ကောင်းကင်ပေါ်ကို လိမ္မော်ရောင် မီးခိုးလုံးကြီးတွေ တလူလူ တက်နေတာကို တွေ့မြင်ရပါတယ်။

ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို လက်ရှိ အချိန်ထိ မသိရှိရသေးဘဲ တာဝန်ရှိသူတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ဒေလီရဲတပ်ဖွဲ့ကတော့ အိန္ဒိယနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေအောက်မှာ အခုအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ မြောက်ပိုင်း ဒေလီရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ Raja Banthia က CNN ကို ပြောကြားထားပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၃၀ ကျော်ဟာ ဆိုးရွားတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသတွင်း Lok Nayak ဆေးရုံရဲ့  ဆရာဝန် ဒေါက်တာ Manish Kumar Jha က ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက သေဆုံးသူတွေရဲ့  ဆွေမျိုးတွေအတွက် ဝမ်းနည်းစကားဆိုထားပြီး “ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာပါစေ”လို့ သူက လူမှုကွန်ရက် X မှာ  ရေးတင်အသိပေးထားပါတယ်။

လက်ရှိမှာ နိုင်ငံတစ်ဝန်းရှိ လေဆိပ်တွေ၊ မီးရထားဘူတာရုံတွေ၊ အစိုးရအဆောက်အအုံတွေနဲ့ သမိုင်း အမွေအနှစ် နေရာတွေမှာ အမြင့်ဆုံး သတိပေး နှိုးဆော်ချက်တွေ ပြုလုပ်ထားပါတယ်။  နယူးဒေလီမှာရှိတဲ့ အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေကို လူထူထပ်တဲ့ ပတ်ဝန်းကျင် ဧရိယာတွေကို ရှောင်ရှားဖို့ အကြံပြုထားပါတယ်။

Ref – CNN