ပုဏ္ဏားကျွန်းမှာ စစ်တပ်က ဗုံးကြဲလို့ အရပ်သား ငါးဦးသေ၊ ကိုးဦးဒဏ်ရာရ

အပြစ်မဲ့ ပြည်သူတွေ နေတဲ့နေရာကို ဗုံးကြဲပြီးတော့မှ လက်စားချေတဲ့လုပ်ရပ်တွေကို ဆက်တိုက် လုပ်လာတာ ရှိပါတယ်။ အရင်တုန်းကလည်းပဲ ဒီလိုဖြစ်စဉ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ သူတို့စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်သတ်ဖြတ်ပြီးတော့ လက်စားချေတာဖြစ်ပါတယ်။

၇ ၊ နိုဝင်ဘာ။

ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာသုံးခုကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်၊ ဗုံးကြဲလို့ အမျိုးသမီးလေးဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ကိုးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ယိုးတရုတ်ကျေးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ဆက် တိုက်ကြဲချခဲ့တာဖြစ်ပြီး အမျိုးသမီးလေးဦး၊ အမျိုးသားတဦး စုစုပေါင်း ငါးဦး သေဆုံးကာ အမျိုးသမီးသုံးဦး၊ အမျိုး သားလေးဦးတို့ ဒဏ်ရာခဲ့ပါတယ်။

“လူတွေကတော့ ပုံမှန်အတိုင်း ကိုယ့်ရွာမှာ နေနေကြတာပဲ။အဲဒီချိန်မှာ ဗုံးနှစ်လုံး တဆက်တည်း ကျလာတယ်။ ရွာထဲ တည့်တည်ကိုချတာ။ ဒဏ်ရာပြင်းတဲ့သူတွေလည်း ရှိတယ်။ အခုတော့ ဆေးရုံပို့နေကြပါတယ်” လို့ ယိုးတရုတ်ရွာ မှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာပဲ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကိုလည်း ဒရုန်းနဲ့ဗုံးကြဲခဲ့တာ ကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပါတယ်။ အလားတူပဲ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာကိုလည်း စစ်တွေအ ခြေစိုက် ခမရ(၃၄၄)တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသားတဦး ဒဏ်ရာရခဲ့သေးပါတယ်။

စစ်ကော်မရှင်အနေနဲ့ အခုလိုမျိုး အရပ်သားလူနေကျေးရွာတွေကို လေကြောင်း၊လက်နက်ကြီးပစ်ခတ်နေတာဟာ မြေပြင်တိုက်ပွဲတွေမှာ အထိအခိုက်၊ အကျအဆုံး၊ အသေအပျောက်တွေများလာတာကြောင့် လက်စားချေတဲ့လုပ် ရပ်မျိုးဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင် သုခက ပြောပါတယ်။

“အပြစ်မဲ့ ပြည်သူတွေ နေတဲ့နေရာကို ဗုံးကြဲပြီးတော့မှ လက်စားချေတဲ့လုပ်ရပ်တွေကို ဆက်တိုက် လုပ်လာတာ ရှိပါတယ်။ အရင်တုန်းကလည်းပဲ ဒီလိုဖြစ်စဉ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ သူတို့စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေကို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်သတ်ဖြတ်ပြီးတော့ လက်စားချေတာဖြစ်ပါတယ်။

ဒီဟာကတော့ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါ တယ်။ ဒီအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

အခုလေကြောင်းလေကြောင်းတိုက်ခိုက်ခံရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာဟာ စစ်ကော်မရှင်ထိန်း ချုပ်ထားဆဲ စစ်တွေမြို့နဲ့ မိုင်သုံးဆယ်ဝန်းကျင် အကွာမှာ တည်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း ရှိနေတဲ့ ကျေးရွာကြီးတခု ဖြစ်ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့မြို့နယ်တွေရှိ အရပ်သားနေရာတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်လုပ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉၊ ၃၀ နဲ့ ၃၁ သုံးရက်အတွင်းမှာပဲ သေဆုံးရသူ ၁၂ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့ပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်ရိုးမတောင်ခြေ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတို့အတွင်း စစ်ကော် မတပ်ရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ AA ဟာ ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏ ထုတ်ပြောကြေငြာထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို AA နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်း တပ်(TNLA)နဲ့ ကိုးကန့်တပ် (MNDAA)တို့ ကတော့ စစ်ကော်မရှင်နဲ့ အပစ်ရပ်ထားကြပါတယ်။ အဲဒီလိုရှမ်းမြောက် မှာ အပစ်ရပ်နေတာကြောင့် စစ်ကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွင်း လေကြောင်းအားကိုးကာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်၊ ဖိအားပေးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။