
“ရေရှည်မှာ ကလေးတွေ အာဟာရပြတ်တာတွေ၊ သေဆုံးတာတွေထိပါ ဖြစ်လာနိုင်တယ်၊ အခုတောင် စစ်ရှောင်ကလေးတွေကြည့်လိုက်ရင် ပိန်ချုံးနေတာတွေ အများစုတွေ့ရတယ်”
၇၊ နို၀င်ဘာ။
နိုင်ငံတကာ အကူအညီမရတာ တနှစ်နီးပါးရှိပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေဟာ စစ်တပ်ရဲ့ လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စားရေးသောက်ရေး ပိုပြီးတော့ ခက်ခဲကြပ်တည်းကာ ငတ်မွတ်သူတွေပင် ပိုရှိလာနေပါတယ်။
“ငါးရှာပြီးတော့ နည်းနည်းစားရတယ်၊ အခု နေဗီတွေလည်း အနားမှာ ရှိနေတော့ လှေပိုင်ရှင်တွေ မထွက်ရဲကြတော့ဘူး၊ သူတို့မထွက်ရင် ကျနော်တို့လည်း အလုပ်မလုပ်ရ၊ ငတ်ကြတာပေါ့။ မရှိတဲ့သူတွေမှာ ငတ်ကြတာပါပဲ” လို့ သံတွဲမြို့နယ်မှ မိသားစု၀င် ငါးဦးနဲ့အတူနေတဲ့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
လူဦးရေ ခြောက်သိန်းကျော်ရှိတဲ့ ရခိုင်စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့(WFP)အပါအ၀င် နိုင်ငံတကာအကူအညီတွေ မရကြတော့တာဖြစ်ပြီး အခုအခါ စစ်တပ်ရဲ့ လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အလုပ်ထွက်မလုပ်ရဲကြတော့တဲ့အတွက် အခက်ကြုံနေကြရတာပါ။
ဘင်္ဂလားပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွ၊ ပေါက်တော၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တို့အတွင်း နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ အဲဒီလို အခက်အခဲကြုံနေကြရတာဖြစ်ပါတယ်။
“ငါးဖမ်းဘုတ်ထွက်လို့ အဖမ်းခံရထားရတဲ့သူ နှစ်ဆယ်၊ သုံးဆယ်ရှိပြီ၊ အခု မထွက်ရဲကြတော့ဘူး” လို့ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်(AA)တိုက်ပွဲဖြစ်ပွားနေဆဲ ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာမှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုနောက်ပိုင်း နိုင်ငံတကာအကူအညီ လုံး၀မရကြတော့ချိန် အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်က စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ ပင်လယ်ပြင် ငါးရှာထွက်၊ တောင်ပေါ်တက် ထင်းခွေ၊ ဟင်းခူးရောင်းချကာ မိသားစုဝမ်းရေးဖြေရှင်းနေကြရတာပါ။
စစ်တပ်ဟာ ပင်လယ်ပြင် ငါးရှာထွက်သူတွေကို ဖမ်းဆီးတဲ့အပြင် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေပါ နေ့စဉ်နီးပါး လုပ်နေတာကြောင့် တောင်ပေါ်တက် ထင်းခွေ၊ ဟင်းရှာအလုပ်တွေလည်း မလုပ်ရဲကြဘူးလို့ ဆိုကြပါတယ်။
“စစ်တွေနဲ့ နီးတော့ လက်နက်ကြီးနဲ့ပါ ပစ်နေတာ နေ့တိုင်း၊ အရင်က ထင်းခုတ်ရောင်းပြီးစားတယ်၊ မိသားစု မငတ်ဘူး၊ အခု နေ့တိုင်းပစ်နေတော့ တောင်ပေါ်မသွားရဲတာ တလကျော်ပြီ” လို့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုမှာ စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သိန်းကျော်ရှိနေပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်မှာလည်း စစ်ဘေးရှောင်ပြည်သူ သောင်းဂဏန်းရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ တိုက်ပွဲအစပိုင်းကာလတွေမှာ WFP ရဲ့ လစဉ်ငွေကြေးအထောက်အပံ့ရခဲ့ချိန် စားရေးသောက်ရေး အနည်းငယ် အဆင်ပြေခဲ့ကြပါတယ်။
အခုအခါမှာတော့ အထောက်အပံ့လည်း မရ၊ ပြင်ပထွက်အလုပ်လုပ်ကိုင်ဖို့လည်း ခက်ခဲတော့ အချို့စစ်ဘေးရှောင်တွေဟာ တောင်းရမ်းစားသောက်ကြရတယ်လို့ မြေပြင်မှာ ရှိတဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
“ရေရှည်မှာ ကလေးတွေ အာဟာရပြတ်တာတွေ၊ သေဆုံးတာတွေထိပါ ဖြစ်လာနိုင်တယ်၊ အခုတောင် စစ်ရှောင်ကလေးတွေကြည့်လိုက်ရင် ပိန်ချုံးနေတာတွေ အများစုတွေ့ရတယ်” လို့ ရခိုင်ဒေသခံ စစ်ရှောင်အရေးကူညီပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စားနှပ်ရိက္ခပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး အခြေခံစားနှပ်ရိက္ခာကိုတောင် ပြည့်မီအောင် မစားသုံးနိုင်တဲ့မိသားစုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ၃၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခုအခါ ၅၇ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး ဒါဟာ အလွန်စိုးရိမ်ဖွယ်အခြေအနေတရပ်ဖြစ်နေတယ်လို့ WFP က ပြီးခဲ့တဲ့ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အာဟာရချို့တဲ့မှုအခြေအနေလည်း ပိုမိုဆိုးရွားလာနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ သွားလာခွင့်ကန့်သတ်မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားနေအုံးမယ်လို့ ခန့်မှန်းရကြောင်းလည်း WFP ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက လက်လွှတ်ထားရတဲ့ မြို့နယ်တွေအတွင်းက အရပ်သားနေရာတွေပါမချန် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေပြီး စစ်ကော်မရှင်ရဲ့ လေကြောင်း၊ လက်နက်ကြီးကြောင့် ၂၀၂၃ ခု နို၀င်ဘာ ၁၃ ရက်ကနေ ၂၀၂၅ စက်တင်ဘာ ၃၀ ရက်ထိ အရပ်သား ၉၇၀ သေဆုံးပြီး ၂၀၅၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။