
အသက် ၈၅ နှစ်အရွယ် ပလိုစီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကွန်ဂရက်အောက်လွှတ်တော်မှာ သူရဲ့ ပါတီကို ဦးဆောင်ခဲ့ပါတယ်။
၇၊ နိုဝင်ဘာ။
အမေရိကန် နိုင်ငံရေးမှာ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ နန်စီ ပလိုစီဟာ အမေရိကန် ကွန်ဂရက်အမတ်အဖြစ်ကနေ အနားယူတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပြီး သူ့ရဲ့ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့တဲ့ နိုင်ငံရေးသမားဘဝကို အဆုံးသတ်တော့မယ်လို့ အသိပေးလိုက်ပါတယ်။
မနေ့က ထုတ်ပြန်တဲ့ ရုပ်သံ ဗီဒီယိုမှာ နန်စီ ပလိုစီက သူရဲ့ ကွန်ဂရက်သက်တမ်းဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ ကုန်ဆုံးမှာဖြစ်ပြီး ပြန်လည်အရွေးခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အသက် ၈၅ နှစ်အရွယ် ပလိုစီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကွန်ဂရက်အောက်လွှတ်တော်မှာ သူရဲ့ ပါတီကို ဦးဆောင်ခဲ့ပါတယ်။
“ကျွန်မတို့ သမိုင်းကို ဖန်တီးခဲ့ကြပြီ။ တိုးတက်မှုတွေလည်း ရခဲ့ကြပြီ ၊ ကျွန်မတို့ဟာ အမြဲတမ်း ဦးဆောင်သူတွေဖြစ်ခဲ့ပြီး အခုလည်း ကျွန်မတို့ရဲ့ ဒီမိုကရေစီစနစ်မှာ အပြည့်အဝပါဝင်ပြီး ကျွန်မတို့ တန်ဖိုးထားတဲ့ အမေရိကန်စံနှုန်းတွေအတွက် တိုက်ပွဲဝင်ရင်း ဆက်လက်ဦးဆောင်သွားရမယ်”လို့ သူက ဆိုပါတယ်။
ပလိုစီဟာ ၁၉၈၇ ခုနှစ်၊ အသက် ၄၇ နှစ်အရွယ်မှာ ဆန်ဖရန်စစ္စကိုမြို့ကို ကိုယ်စားပြုဖို့ ကွန်ဂရက်မှာ ပထမဆုံးအကြိမ် အရွေးချယ်ခံခဲ့ရပြီး ရာထူးအဆင့်ဆင့်ကို လျင်လျင်မြန်မြန် တက်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်မှာ ပါတီက အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး အဲဒီရာထူးအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးဟာ အသေးစိတ်ဖော်ပြထားတဲ့ တစ်ခုတည်းသော ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ရာထူးဖြစ်ပြီး ဒုတိယသမ္မတပြီးနောက် သမ္မတရာထူးအတွက် ဆက်ခံနိုင်သူလည်းဖြစ်ပါတယ်။
ပလိုစီဟာ သူ့ရဲ့ သက်တမ်းရှည်လျားတဲ့ အဲဒီရာထူးနဲ့အတူ သမ္မတအများအပြားရဲ့ လုပ်ငန်းစဉ်တွေကို ရှေ့တိုးဆောင်ရွက်ရာမှာ ဒါမှမဟုတ် ဟန့်တားရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။ အရင် သမ္မတဟောင်း ဘားရတ် အိုဘားမားရဲ့ ထင်ရှားကျော်ကြားလှတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းတွေ အတည်ပြုရာမှာ ဦးဆောင်ခဲ့တဲ့အပြင် သမ္မတ ဂျိုးဘိုင်ဒင်သက်တမ်းမှာလည်း အခြေခံအဆောက်အအုံနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဥပဒေကြမ်းတွေကို အတည်ပြုရာမှာလည်း ပါဝင်ခဲ့လို့ ချီးကျူးခံခဲ့ရပါတယ်။
ပလိုစီဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်းတစ်လျှောက်လုံးမှာလည်း သမ္မတကို တိုက်ရိုက်စိန်ခေါ်နိုင်ခဲ့သူအဖြစ် ကျော်ကြားပြီး ထရမ့်ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းစာရွက်ကို သမ္မတထရမ့်ရဲ့ နောက်ကျောမှာပဲ ဆွဲဖြဲပြခဲ့သူဖြစ်ပါတယ်။