ကိုယ်စားလှယ်လောင်းကို မေးခွန်းထုတ်ချင်ပေမယ့် အဖမ်းခံရမှာ စိုးရိမ်နေရ

ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်ကင်းအောင်တော့ ကျွန်တော်တို့ ပြင်ဆင်ရင်ဆိုင်ရမှာပါပဲ။ ကိုယ်စားလှယ်လောင်းတွေကိုတောင် နင်တို့ဟာက မဟုတ်သေးပါဘူးလို့တောင် ပြောဖို့တွေဝေနေရတဲ့ အနေအထားမှာ မဲသွားမထည့်ပါနဲ့ဆိုတာကိုလိုက်နာဖို့က အကန့်အသတ်ရှိနိုင်ပါတယ်

၆၊ နိုဝင်ဘာလ။

စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အနိုင်ရရင် အစိုးရပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်မယ့် အစား ကိုယ်ထူကိုယ်ထ လျှပ်စစ်သိပ္ပံကျောင်းဆောက်မယ်ဆိုပြီး မဲဆွယ်နေတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီက ကိုယ်စားလှယ်လောင်းကို ဒေသခံတွေက မေးခွန်းထုတ်ချင်ကြပေမယ့် အဖမ်းခံရမှာ စိုးရိမ်နေကြပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီကနေ မော်လမြိုင်ကျွန်းမြို့ရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဝင်ပြိုင်မယ့် ဒေါ်မေသန္တာစိုးဟာ ဒေသခံဖြစ်သလို ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်ထားသူမို့ လူသိများတဲ့ သူတယောက်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ကျွန်တော်တို့မှာ သူမဲဆွယ်တာကြီးက ဘယ်လိုကြီးလဲလို့လည်း မမေးရဲဘူး အဖမ်းခံရမှာ စိုးလို့လို့ ” မော်လမြိုင်ကျွန်းက နိုင်ငံရေး တက်ကြွစိတ်ဝင်စားသူ ကိုရွှေမှုန် (အမည်လွှဲ)က ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့မှာပဲ လက်ရှိနေထိုင်နေကြတဲ့ နိုင်ငံရေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ဒေသခံတွေကတော့ ရွေးကောက်ပွဲဆိုင်ရာ မေးခွန်းတွေကို ထုတ်ဖော်ပြောဆိုဖို့အတွက်တောင် တွန့်ဆုတ်နေရတဲ့ ရွေးကောက်ပွဲကို အယုံအကြည် မရှိဘူးလို့ DNA ကိုပြောပါတယ်။

“ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်ကင်းအောင်တော့ ကျွန်တော်တို့ ပြင်ဆင်ရင်ဆိုင်ရမှာပါပဲ။ ကိုယ်စားလှယ်လောင်းတွေကိုတောင် နင်တို့ဟာက မဟုတ်သေးပါဘူးလို့တောင် ပြောဖို့တွေဝေနေရတဲ့ အနေအထားမှာ မဲသွားမထည့်ပါနဲ့ဆိုတာကိုလိုက်နာဖို့က အကန့်အသတ်ရှိနိုင်ပါတယ် ” လို့ ကိုရွှေမှုန်က ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့မဲဆွယ်စည်းရုံးရေး ကတိပေးချက်တွေမှာတော့ “ ဘယ်တုန်းကမှ မီးမမှန်သော

မြို့လေး မြစ်ကူးချောင်းဖျားဖြစ်လို့ မိုးလေဝသ ဆိုးရင် မမှန်တဲ့မီးက မလာ၊ အဲ့လို မမှန်တာ ကို မမျှော်တော့ဘူး လုပ်ပေးပါမယ်လို့လဲ ကတိမပေးပါရှင့်၊ ဒါပေမဲ့ ပညာရေးအတွက်ဆိုရင်တော့ ကျမ မွေးရပ်ဇာတိက မြို့ကလေးမှာ electronic science school လေးကို Solar အားကိုးနဲ့ ဆောင်ရွက်ပေးချင်တယ်” လို့ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

ဒီလိုတည်ဆောက်ရာမှာလည်း လွှတ်တော်ထဲကနေ အစိုးရကို တိုက်တွန်းပြီး လုပ်ဆောင်မှာမျိုး မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ ပုံစံမျိုးတည်ဆောက်ဖို့ဆိုတဲ့ ပြောဆိုမှုတွေကြောင့် ဒါလုပ်ဖို့အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လိုရဲ့လားဆိုတဲ့ မေးခွန်းတွေ ဒေသခံတွေဆီမှာ ရှိနေတာ ဖြစ်ပါတယ်။

“ ဒါကိုကြည့်ချင်းအားဖြင့် သူတို့ကိုယ်တိုင်က လွှတ်တော်ထဲရောက်သွားရင်တောင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာရင်တောင် စစ်ကောင်စီကို သူတို့ဘာမှ ပြောလို့မရဘူးဆိုတာကို သိနေတာပဲလို့ ဆိုလိုရာ ရောက်နေတာပေါ့ ” လို့ မော်လမြိုင်ကျွန်း ဒေသခံဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ရဲဘော် ဆိုးဂျားက ပြောပါတယ်။