ဧရာဝတီက ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးအမတ်နှစ်ဦး နိုင်ငံတကာဒဏ်ခတ်တဲ့စာရင်းမှာ ပါဝင်နေ


ဧရာဝတီတိုင်းထဲက မဲဆန္ဒနယ်တွေမှာ ကြံ့ခိုင်ရေး ပါတီကနေ ရွေးကောက်ပွဲဝင်ကြမယ့် စစ်ကောင်စီက ဝန်ကြီးတဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) တဦးဟာ နိုင်ငံတကာကနေ ဒဏ်ခတ် ပိတ်ဆို့အရေးယူခံထားရတဲ့သူတွေဖြစ်ပါတယ်။

၅၊ နိုဝင်ဘာလ။

သူတို့ဟာ လက်ရှိစစ်ကောင်စီ လက်အောက်မှာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး အရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး(ငြိမ်း) ဦးကံမြင့်သန်း တို့နှစ်ဦးဖြစ်ပါတယ်။ဦးမြင့်ကြိုင်ကို EU က ပိတ်ဆိုဒဏ်ခတ် အရေးယူခဲ့တာ ဖြစ်ပြီး ဦးကံမြင့်သန်းကိုတော့ ကနေဒါနိုင်ငံက ပိတ်ဆို့ဒဏ်ခတ်ခဲ့တာပါ။

စစ်အာဏာသိမ်းအစိုးရကို လက်နက်၊ အရင်းအမြစ် တွေနဲ့ ဝင်ငွေတွေ ထောက်ပံ့ပေးခြင်း ဒီမိုကရေစီပြောင်းပြန်လှန်မှုအတွက် တာဝန်ရှိသူတွေကို နိုင်ငံ တကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့် အရေး ဥပဒေချိုးဖောက်မှုတွေဆီကို ဦးတည်စေသူတွေ အဖြစ်သတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ် ထားကြတာဖြစ်ပါတယ်။

မအူပင်မြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံမယ့် ဦးကံမြင့်ထွန်းဟာ လက်နက်ထုတ်လုပ်ရေး ညွှန်ကြားရေးရုံးမှာ အရာရှိချုပ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလကအထိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေကြောင့် နိုင်ငံတကာကစစ်တပ်ကိုစစ်လက်နက်
ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ ရှိခဲ့ပေမယ့် ဦးကံမြင့်ထွန်းရဲ့ ညွှန်ကြားမှုအောက်မှာ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေး စက်ရုံတွေဖြစ်တဲ့ ကပစ စက်ရုံ ၂၅ ခုဟာ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကိုပါ ထိခိုက်စေတဲ့ လက်နက်တွေကို ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဦးကံမြင့်သန်းဟာ မအူပင်ဇာတိဖြစ်ပြီး သူ့ဇာတိနယ်မှာ အလှူအတန်းတချို့ပြုလုပ်လေ့ရှိကြောင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးကံမြင့်သန်းရဲ့ ဘုန်းတော်ဘွဲ့ ရေးသားနေသူတွေရဲ့ အရေးအသားတွေထဲမှာ တွေ့မြင်နေရပါတယ်။

အသက် ၆၄ နှစ်အထိ အငြိမ်းစားမယူပဲ မြန်မာတနိုင်ငံလုံးက အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက် ဆီးနေတဲ့စစ်တပ်ရဲ့လက်နက်ထုတ်လုပ်မှုမှာ အဓိက ပါဝင်နေခဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ ဖြစ်လာမှ အငြိမ်း စားယူခဲ့တာ ဖြစ်တယ်ဆိုတာကိုတော့ မဲဆွယ်ကြသူတွေက ဖျောက်ဖျက်ထားကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကတော့ ဧရာဝတီတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)ကနေဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ မဲဆန္ဒနယ်ထဲမှာ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့ပါဝင်ပါတယ်။

ဦးမြင့်ကြိုင်ကိုတော့ EU နဲ့ ဆွတ်ဇာလန်နိုင်ငံ၊ အမေရိကန် နိုင်ငံတွေက တင်းကြပ်စွာ ပိတ်ဆို့ဒဏ်ခတ် ထားကြပါတယ်။ ပြည်ဝင်ခွင့်အပါအဝင်၊ စီးပွား ရေး၊ လူမှုရေး ဆက်စပ်မှုတွေကိုပါ ပိတ်ဆို့ထားတာဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ မတိုင်ခင်ကတည်းက သူ့ရဲ့ မဲဆန္ဒနယ်မြေတွေ အတွင်းမှာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး လဝက နဲ့ပတ်သက်တဲ့ စီမံချက်တွေ ချမှတ်ပြီး အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးတာတွေ၊ ကိုယ်တိုင်သွားရောက် ကြီးကြပ်တာတွေကိုဆက်တိုက်ပြုလုပ်နေခဲ့သူဖြစ်ပါတယ်။

အလုပ်သမား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း စစ်ကောင်စီက တာဝန်ပေးခဲ့ဖူးပေမယ့် မြန်မာနိုင်ငံက အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းနိုင်တာ၊ အလုပ်သမားတွေအတွက် လုပ်ဆောင်ခဲ့တာ စတဲ့ မှတ်တမ်းတွေကတော့ ရှားပါးခဲ့ပါတယ်။

လဝက ဝန်ကြီးဖြစ်လာချိန်မှာလည်း နိုင်ငံသား အချက်အလက်တွေနဲ့ ပတ်သက်လို့ မြန်မာတနိုင်ငံလုံးမှာ မှားယွင်းတဲ့ အချက်အလက်တွေ ဖြည့်သွင်းခံခဲ့ရတာတွေ ရှိခဲ့ပြီး လက်ရှိမဲစာရင်းတွေကို လဝ က စာရင်းကို အခြေခံလို့ ထုတ်ပြန်ရာမှာလည်း မှားယွင်းမှုကြီးမားနေဆဲပါပဲ။

လက်ရှိ အသက် ၆၈ နှစ် ဝန်းကျင်ရှိနေပြီဖြစ်တဲ့ ဦးမြင့်ကြိုင်ဟာ စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်တွေ မရှိခဲ့ပေမယ့် စစ်တပ်ထောက်တိုင်အဖြစ် အမာခံတည်ရှိမှုမျိုး ဖြစ်တာကြောင့် ၂၀၂၁ အာဏာသိမ်းမှု စတင်ကတည်းက နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ကြုံခဲ့ရတာဖြစ်ပါတယ်။