
“လက်ခစားလည်းမလိုက်နိုင်တဲ့ ၁၂ နှစ် ၁၃ နှစ် ၁၄ နှစ် ကလေးတွေနဲ့ မိခင်၊မိန်းမသားတွေနဲ့လုပ်ရတယ် မြေတူးတာတော့ စက်ငှားတူးတယ် ယောင်္ကျားသားဆိုလို့အုတ်သယ်ကားမောင်းတဲ့သူနဲ့ မြေတူးစက်မောင်းသူပဲရှိတယ်”
၂၇၊ အောက်တိုဘာလ။
ဧရာဝတီတိုင်း အတွင်းရှိ ဒေသအသီးသီးက တနိုင်တပိုင် လုပ်ကိုင်တဲ့ လက်ရိုက်မြေအုတ် လုပ်ငန်းတွေရဲ့ လုပ်ငန်းခွင်အတွင်းမှာ အရွယ်ရောက် အမျိုးသားလုပ်သားတွေ ရှားပါးနေပြီး သက်လတ်ပိုင်း မိခင်အမျိုးသမီးတွေနဲ့ ကလေးလုပ်သားတွေကို အားထားနေရပါတယ်။
“အရင်တုန်းကအခြားနယ်က အလုပ်သမားတွေ ခေါ်လို့ရတယ်။ ခုက သွားရေးလာရေး၊ ထောက်ခံစာ ၊ ဧည်းစရင်းကအ စစ်အဆေးတွေ များတော့ ခေါ်လို့မရဘူး။ ရပ်ထဲရွာထဲ လူငယ်တွေကလည်း မလုပ်ဘူး။

အလုပ်သမား ရှာရတာခက်တယ်။ ကြိုငွေထုတ်ပေးတာတောင် ခက်ခဲတယ်”လို့ လက်ရိုက်အုတ် လုပ်ငန်းရှင် တဦးက ပြောပါတယ်။
လုပ်ငန်းခွင် ထဲမှာ ကျောင်းမနေတော့တဲ့ အသက် ၁၈ နှစ် နဲ့ ၃၀ အကြား လူငယ်လူရွယ် တွေမရှိသလောက် ဖြစ်နေပြီး လုပ်သားတွေကလည်း ရွာရှိမူလတန်းကျောင်းမှာ ပညာသင် ပြီးနောက် မြို့ထဲက အလယ်တန်း အထက်တန်းကျောင်းတွေကိုလည်း ဆက်မတက်နိုင်တဲ့ လက်စားလိုက် (ကျဗန်းနေ့စား) အလုပ်လည်း မလုပ်နိုင်သေးတဲ့ မူလတန်းလွန် ကလေးငယ်တွေနဲ့ မိခင်အမျိုးသမီး တွေကလုပ်ကိုင် နေကြတာပါ။
“လက်ခစားလည်းမလိုက်နိုင်တဲ့ ၁၂ နှစ် ၁၃ နှစ် ၁၄ နှစ် ကလေးတွေနဲ့ မိခင်၊မိန်းမသားတွေနဲ့လုပ်ရတယ် မြေတူးတာတော့ စက်ငှားတူးတယ် ယောင်္ကျားသားဆိုလို့အုတ်သယ်ကားမောင်းတဲ့သူနဲ့ မြေတူးစက်မောင်းသူပဲရှိတယ်”လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။

အရွယ်ကောင်း ယောင်္ကျားလေးတွေ အနေနဲ့ လုပ်အားခ နည်းတာရယ်၊စစ်မှုထမ်းရမှာ စိုးတာကြောင့် အဝေးရှောင်ပြီး အလုပ်နေကြတာရယ်၊အချို့လည်း စစ်တပ်ထဲရောက်သွားတာ တွေရယ်ကြောင့် အုတ်လုပ်ငန်းမှာ အရွယ်ကောင်း ယောင်္ကျားလေးတွေ နည်းသွားကာ အုတ်အရောင်းအဝယ် ပွဲစားကအစ အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။
“အကြီးကောင်က ၁၇ နှစ်သား အရွယ်မှာ တမြန်နှစ်က မဲပေါက်လို့ တပ်ထဲ ပါသွားတယ် သင်တန်းဆင်း ပြီး တဲ့နောက် ရ ခိုင်ဘက်မှာ တာဝန်ကျတော့ တိုက်ပွဲကျသွားတယ် ပြောတယ်၊ လစာလည်း မိဘဆီမပို့ ခဲ့ပါဘူး မပို့နိုင်လို့ ထင်ပါတယ်၊သေတယ် ဆိုပေမယ့် တပ်က မသေဘူး ပြောက်နေတာ လို့ပြော တယ် ခု တော့ သေ စရိတ် မပြောနဲ့ သားလေး အသက်နဲ့ ရင်းရတဲ့လစာကို မြင်တောင်မမြင်ဘူးပါဘူး” လို့ အုတ်ဖို တခုမှာ မိသားစုလိုက် အလုပ်လုပ် နေတဲ့ မိခင် တဦး က DNA ကိုပြောပါတယ်။

လက်ရှိမှာ လုပ်အားရှိ လုပ်သားနည်းပါးလာတာတွေ ဧရာဝတီတိုင်း အတွင်းမှာ မိုးရွာသွန်းမှု မပြတ်သေးတာတွေ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေကလည်း နည်းပါးနေတာတွေကြောင့် တနိုင်တပိုင် လက်ရိုက်မြေအုတ် လုပ်ငန်း လုပ်ကိုင်သူတွေလည်း နည်းပါးနေပါတယ်။
မိုးရာသီ ကာလအတွင်းမှာ လက်ရိုက်မြေအုတ် ထုတ်လုပ်တဲ့ တနိုင်တပိုင် လုပ်ကိုင်သူတွေ လျော့ကျတာ ပုံမှန် အလေ့အထ ဖြစ်ပေမယ် စစ်တပ်အာ ဏာသိမ်းပြီး နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ ၊ မီးသတ်၊ စည်ပင် ၊နယ်မြေရဲ နဲ့ စစ်တပ် တို့ကလည်း အကြောင်း အမျိုးမျိုးပြ ပိုက်ဆံတောင်းကြတာ တနှစ်တာအတွင်း လုပ်ငန်းခွန် နှစ်ကြိမ်စည်းကြပ်တာ တွေကြောင့် တနိုင်တပိုင် လုပ်တဲ့ လုပ်ငန်းရှင်တွေ ပိုနည်းသွားပါတယ် ။
“မိုးကာလ အုတ်ဈေး ကကောင်းပါတယ်။ လုပ်တဲ့သူ နည်းသွားတာကြောင့် အုတ်က ရှိသလောက် ရောင်းနေ ရပါတယ်။ ဒါပေမယ့် တနိုင်တပိုင် အုတ်လုပ်တဲ့သူတွေ အဖို့ ပုဂ္ဂလိက အဆောက်အဦး ဆောက်တဲ့သူတွေပဲ ဝယ်လက်ရှိတာမို့ အများကြီး မလုပ်ရဲဘူး။ အစိုးရ စီမံကိန်း လုပ်ငန်းရှင်တွေက ကျမတို့ဆီက မဝယ်ဘူး။ အကြွေးထားနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ အုတ်စက်ရုံတွေမှာ ဝယ်ကြတယ်” လို့ အုတ်ဖို လုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောပါတယ်။
အုတ်အချပ်ရေ ၁၀,၀၀၀ ထွက်တဲ့ တနိုင်တပိုင် လက်ရိုက်အုတ် လုပ်ငန်းအတွက် ရင်းနှီးမတည်ငွေဟာ
ကျပ်သိန်း ၃၀ ကျော် ရင်းနှီးရလေ့ ရှိပါတယ်။ မြေလုံး၊ အုတ်ပေါက်၊ အုတ်ရိုက်၊ နေလှန်း ၊ ဖိုစီ ၊ မီးထိုး ၊ တွန်းသား ဆိုကာ အုတ်ဖိုလုပ်သား အစားစား ရှိပါတယ်။ အုတ်ဖိုတဖိုမှာ လုပ်သား ၇ ဦးက နေ ၁၀ ဦးသုံးရလေ့ ရှိပြီး လုပ်သား တဦးကို တနေ့ လုပ်အားခ ပျမ်းမျှ ၆၀၀၀ကျပ် ရရှိပါတယ်။ မြေလုံး၊ အုတ်ပေါက်၊ အုတ်ရိုက် ၊နေလှန်း၊ ဖိုစီ ၊မီးထိုး၊ ဖိုဖေါ် လုပ်ငန်းတွေကို ၂၁ ရက် အကြာအတွင်း လုပ်ရလေ့ ရှိပြီး အဲဒီနောက်မှာ ရောင်းတန်းဝင် အုပ်တွေကို ရရှိပါတယ်။
“အုတ်ဈေးကျပေမယ့် အုတ်ဖိုထောင်သူတွေ ရှိနေသေးလို့ အလုပ်အကိုင် အခွင့်အလမ်းကတော့ ရှိပါတယ်။ ဒါပေမယ့် ရောင်းကောင်းမှ ဈေးကောင်းရမှ မိုးရာသီကျရင်လည်း အုတ်လုပ်ဖို့ အခွင့်အလမ်းက ရှိဦးမှ။ မိုးရာသီမှာ နားနေရရင် အပြင်ကျဗန်း အလုပ်က ရှာရတာခက်တယ်” လို့ မိသားစုလိုက် အုတ်ဖိုလုပ်သားအဖြစ် လုပ်နေတဲ့ ဒေါ်တင်အေး ကပြောပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် အသီးသီး မှာ လက်ရိုက်မြေအုတ် လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်သူ အများ အပြားရှိနေပြီး ပုသိမ်မြို့နယ် အတွင်းမှာတော့ ပေါက်ကုန်း ၊ စိုင်ခြံ ၊ဆင်ခေါင်းကြီး၊ ဂွေးချို ၊မျက်တို ၊ စာဖြူစု၊ သူတော်ကုန်း၊ ဘုရားကြီးကုန်း နဲ့ မရမ်းချောင်း စတဲ့ ဒေသတွေမှာ လုပ်ကိုင်ကြပါတယ်။