လာနီညာဖြစ်စဉ်ကြောင့် ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်


ကိုင်းသမားတွေကတော့ ပဲတို့၊ဆောင်းစပါးတို့ စိုက်တဲ့သူ စိုက်ပြီးကြပြီ။ လယ်တွေကျ မိုးရွာနေသေးတော့ မစိုက်နိုင်ကြသေးဘူး။

၁၇၊ အောက်တိုဘာလ။

အခုဖြစ်ပေါ်နေတဲ့ အစွန်းရောက် ရာသီဥတုတမျိုးဖြစ်တဲ့ လာနီညာ ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းအတွက် လည်း သက်‌ရောက်မှုရှိနေတာကြောင့် ဒီဇင်ဘာလအထိ အချိန်အခါမဟုတ် မိုးတွေရွာသွန်းနိုင်ချေ ရှိနေပါတယ်။

“ဧရာဝတီတိုင်းမှာ အောက်တိုဘာလကနေ ဒီဇင်ဘာ လအထိကို နှစ်စဉ်ရွာသွန်းမြဲ မိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ပါတယ်။ လာနီညာဟာ ဖေဖော်ဝါရီထိ ဖြစ်ပေါ်နိုင်ပါတယ်။ အအေးပိုတဲ့ ရာသီဥတုဖြစ်စဉ်ဆိုပေမယ့် ဧရာဝတီတိုင်းမှာတော့ သိသိသာသာကြီးအအေးပိုလာဖို့ မရှိနိုင်ဘူးလို့ တွက်ချ က်ရရှိထားပါတယ် ” လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ဒီနှစ်မှာ အနောက်တောင် မုတ်သုန်လေ ဆုတ်ခွာချိန်နောက်ကျတာကြောင့် အခုအချိန်ထိ ဧရာဝတီ တိုင်းအတွင်းမှာ မိုးရွာသွန်းနေဆဲဖြစ်ပြီး ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဆောင်းသီးနှံတွေမှာလည်းအရှုံးပေါ်နိုင်ချေများနေတယ်လို့ လယ်သမား အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

“ အခုက ကိုင်းသမားတွေကတော့ ပဲတို့ ဆောင်းစပါးတို့ စိုက်တဲ့သူ စိုက်ပြီးကြပြီ။ လယ်တွေကျ မိုးရွာနေသေးတော့ မစိုက်နိုင်ကြသေးဘူး။ စိုက်ပြီးသူတွေလည်း ခုမိုးက အောင်ရေဘာညာဖြစ်နိုင်ပေမယ့် နောက်ရွာမယ့် မိုးတွေကျ ဖျက်မိုးတွေ ဖြစ်လာတော့မှာ ” လို့ ဟင်္သာတမြို့နယ်က လယ်သမားရေး ဆောင်ရွက်နေသူ တဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မိုးကာလမှာ စိုက်ပျိုးခဲ့တဲ့ မိုးစပါးမှာ ဈေးမရတာနဲ့ စပါးထွက်နှုန်း လျော့တာတွေကြောင့်လယ်သမားတွေ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ လက်တလောမှာ ပဲစိုက်ရာသီကိုရောက်ရှိနေပြီ ဖြစ်ပေမယ့် မိုးကြောင့် အများစုမှာ မစိုက်နိုင်ကြသေးပါဘူး ။ ဒါ့ကြောင့် လက်ရှိ ပဲပေါက်ဈေးနဲ့ ရာသီဥတုအခြေအနေတွေကို အဆက်မပြတ် လေ့လာနေကြဖို့ လယ်သမားရေး လှုပ်ရှားသူတွေက အကြံပြု တိုက်တွန်းထားကြပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနကတော့ အနောက်တောင် မုတ်သုန်လေဟာ အပြီးတိုင် ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး အရှေ့မြောက် မုတ်သုန်လေတွေ ဝင်ရောက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် အရှေ့မြောက်မုတ်သုန်လေကြောင့် ရွာသွန်းလေ့ရှိတဲ့ မိုးဟာအကြိမ်ရေများများရွာသွန်း လေ့ မရှိပေမယ့် အအေးပိုတဲ့ ရာသီဥတုဖြစ်စဉ်ဖြစ်တဲ့ လာနီညာ ဖြစ်စဉ်မှာတော့ ပုံမှန်ထက်ပိုတဲ့ အအေးလွန်ကဲမှုနဲ့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဒါအပြင် မိုးရွာသွန်းနိုင်ချေတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မိုးအလွန်ကာလဖြစ်ပေါ် လေ့ရှိတဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေနဲ့လည်း သက်ဆိုင်နေပြီး လတ်တလောမှာတော့ အရှေ့မြောက်ဘက်ကတိုးဝင်လာတဲ့ မုတ်သုန်လေကြောင့် လှိုင်းလေပြင်းထန်နိုင်တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။