ဧရာဝတီတိုင်းက ငါးစည်ဖောင်းခြောက် ဈေးကောင်းရနေ

“ငါးဈေးနဲ့ စီဖောင်းခြောက်ဈေးက ဒေါ်လာဈေးပေါ် မူတည်ပြီး အတက်အကျ ရှိပေမယ့် ငါးဖမ်းကရိယာတွေဖြစ်တဲ့ ပိုက်ဈေး၊ကြိုးဈေး၊စက်ကရိယာဈေးနဲ့ စက်ဆီဈေးက အကျမရှိဘူး။

၁၃၊ အောက်တိုဘာ။

ပြည်တွင်းစစ်ကြောင့် တခြားပြည်နယ်က ကုန်စည်တွေ ရန်ကုန်ဈေးကွက်ကို ရောက်မလာနိုင်တဲ့ အတွက်  ဧရာဝတီထွက် ငါးစီဖောင်းခြောက်တွေ ဈေးကောင်းရနေပါတယ်။

“ငါးစီဖောင်း ဈေးကွက်ရဲ့ ဆုံချက်က ရန်ကုန်ပါ။ လေလံတင်ပြီးရောင်းတဲ့ စနစ်မျိုးနဲ့ ရောင်းကြတာ။အရင်က မွန်ပြည်နယ်နဲ့ ရခိုင်ဘက်က ကုန်သည်တွေလည်း ရန်ကုန်မှာ ဆုံကြတယ်။ခုတော့ တိုင်းပြည်က မငြိမ်မသက် ဖြစ်နေတော့ အလာကျဲသွားတယ်။ရခိုင်ဘက်ကဆို လုံးဝ မလာတော့ဘူး”လို့ ငါးစီဖောင်းလေလံသမားတဦးက DNA ကိုပြောပါတယ်။

ငါးစီဖောင်းတွေကို အရိုးမာငါးအုပ်စု (Bony Fish)ဖြစ်တဲ့ ငါးရွှေ၊၊ ကပ်သမျှင် ၊ ကပ်ကုရမ်၊ ငါးရောင် ၊ငါးပုတ်သင် နဲ့ နတ်ကတော်ငါး တွေရဲ့ ဗိုက်အတွင်းက စီဖောင်းတွေကို စနစ်တကျ ထုတ်ယူ ဆေးကြောသန့်စင် အခြောက်လှန်းရတာပါ။ အောက်တိုဘာလပိုင်းမှာ ငါးစီဖောင်း တပိဿာရဲ့ပေါက်ဈေးဟာ ၆ သိန်းကနေ ၁၅ သိန်းအထိ ရှိပါတယ်။ ငါးစီဖောင်း အရွယ်အစားနဲ့ သန့်စင်မှု အရည်အသွေးပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိတယ်လို့ သိရပါတယ်။

ငါးစီဖောင်းတွေထဲမှာ ငါးပုတ်သင် (croaker) အုပ်စုဝင်ဖြစ်တဲ့ ကပ်သမျှင်စီဖောင်းမှာ ဈေးအကောင်းဆုံး ဖြစ်ပြီး ဆေးဖက်ဝင်တယ်လို့ သတ်မှတ်ချက်ရှိပြီး အရွယ်အစားပေါ်မူတည်ပြီး သိန်းရာချီအထိ ပေါက်ဈေးရှိပါတယ်။

ငါးစီဖောင်း ထုတ်လုပ်တဲ့ ငါးရွှေ၊ကပ်သမျှင်၊ကပ်သဘောင်း၊ကပ်ကုရမ်၊ငါးရောင်၊ငါးပုတ်သင် နဲ့ နတ်ကတော် စတဲ့ငါးတွေဟာ ပြည်ပပို့ကုန်အဖြစ် (Export) တန်းဝင်ပြီး ငါးပုတ်သင် နဲ့ နတ်ကတော်ငါး အသားတွေကိုတော့ တရုတ်နိုင်ငံ တခုတည်းကပဲ ဝယ်လက်ရှိနေပါတယ်။ဒါ့အပြင် ငပုတ်သင်၊ကပ်သမျှင်၊ ကပ်ကုရန်၊ ကပ်သဖေါင်းတွေရဲ့ ငါးစီဖောင်းခြောက်တွေက ဈေးနှုန်း အမြင်မှာ ရှိနေပြီး ငါးရွှေ၊နတ်ကတော်ငါး နဲ့ ငါးရောင်း စီဖောင်းခြောက်တွေက ဈေးအနိမ့်မှာ ရှိပါတယ်။

ငါးစီဖောင်းတွေမှာ အသားဓာတ်(protein) ကြွယ်ဝတဲ့အတွက် စားသောက်ကုန်အဖြစ် ထုတ်လုပ်ကြသလို ရေစိုဒဏ်ကို ခံနိုင်တဲ့ အရည်အသွေးမြင့် ကော်အဖြစ်လည်း အသုံးပြုကြပါတယ်။ တရုတ်လူမျိုးတွေကတော့ ငါးစီဖောင်းကို စွပ်ပြုတ်အဖြစ် စားသုံးကြသလို ဟင်းသီးဟင်းရွက်နဲ့ ရောပြီး ငါးစီဖောင်းနှပ်၊ငါးစီဖောင်းကြော်၊ငါးစီဖောင်းသုပ် စတာတွေကိုလည်း ဈေးကြီးပေး စားသုံးကြပါတယ်။

“ငါးဈေးနဲ့ စီဖောင်းခြောက်ဈေးက ဒေါ်လာဈေးပေါ် မူတည်ပြီး အတက်အကျ ရှိပေမယ့် ငါးဖမ်းကရိယာတွေဖြစ်တဲ့ ပိုက်ဈေး၊ကြိုးဈေး၊စက်ကရိယာဈေးနဲ့ စက်ဆီဈေးက အကျမရှိဘူး။ တက်ပြီးရင်း တက်နေတော့ ငါးဖမ်းလုပ်ငန်း လုပ်ရတာ အိတ်စပို့ငါးမှ မရရင် အဆင်မပြေဘူး”လို့ ငပုတောမြို့နယ်အတွင်းက လုပ်သက် နှစ် ၃၀ ရှိ ရေလုပ်သားတဦးက ပြောပါတယ်။

ဧရာဝတီတိုင်း အတွင်းမှာ ပုသိမ်၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံ စတဲ့ မြို့နယ်တွေက ငါးစီဖောင်းခြောက်  အများဆုံး ထွက်ပါတယ်။အဲဒီအထဲကမှ လပွတ္တာမြို့နယ်ကနေ တလကို ပျှမ်းမျှ ပိဿာချိန် ၈,၀၀၀ နီးပါးအထိ ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့နိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။