အင်္ဂပူမြို့နယ်ကို ရောက်လာတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်တပ်ပြော

လေးမျက်နှာ မြို့နယ်ထဲက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဒေသခံတွေကို စစ်တပ်က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် AA ၊PDF တွေနဲ့ မပတ်သက်ဖို့ ၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

၂၆၊စက်တင်ဘာလ။

“နေရပ်ပြန်ဖို့ ၊ AA ၊ PDF နဲ့မပတ်သက်ဖို့ ၊ ရွေးကောက်ပွဲမဲပေးဖို့ကို မြို့နယ်ထွေအုပ် (အင်္ဂပူ) ဦးအောင် ကျော်မိုးကလည်းပြောတယ်။ နောက်ပြီး စစ်တပ်က အရာရှိဆိုလူတွေကလည်း အကြိမ်ကြိမ်ပြောတယ်” လို့ လေးမျက်နှာ မြို့နယ်ထဲကနေ အင်္ဂပူမြို့နယ်ဘက်မှာ လာရောက် စစ်ဘေးရှောင်နေသူက ပြောပါတယ်။

ဩဂုတ်လ ဒုတိယအပတ်က အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့ ၊ မြတ်ဓမ္မရောင်ခြည်ခန်းမမှာ စစ်ဘေး ရှောင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးက လူပုဂ္ဂိုလ်တွေအပြင် စစ်တပ်က အရာရှိတွေ တွေ့ဆုံခဲ့ချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အင်္ဂပူမြို့နယ်ထဲကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေဟာ လေးမျက်နှာမြို့နယ် ပန်းတောကြီး ၊ ရေဖြူ ၊ လယ်တန်ငယ် ၊ စာစီကုန်း ၊ ယိုးဒယားကွင်း ၊ ဝါးတောကွင်း အစရှိတဲ့ ကျေးရွာတွေဆီက ပြောင်းရွေ့လာ ခဲ့တာပါ။ စစ်ဘေးရှောင်တွေကို စစ်တပ်က နေရပ်ပြန်ဖို့ ပြောဆိုခဲ့ပေမယ့်လည်း လက်တွေ့မှာ အရေအတွက် အနည်းငယ်သာပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

“ရွာပြန်ဖို့က မဖြစ်နိုင်ဘူး။ သူတို့က (စစ်တပ်) စိတ်မပူနဲ့ပြောပေမယ့် စိတ်မချရဘူး။ အကုန်လုံးက ရန်ကုန်သွား ၊ ထိုင်းသွား ၊ ပင်လယ်ထွက် အဲလိုလူတွေချည်းပဲ” လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ တခြားတနေရာကို ထပ်ဆင့်ပြောင်းရွေ့သွားတာကြောင့် အင်္ဂပူမြို့နယ်ထဲမှာ အရေအ တွက် အနည်းငယ်သာ ကျန်တော့တယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေ တည်နေရာထပ်မံပြောင်းရွှေ့ရတဲ့အကြောင်းအရင်းက အလုပ်အကိုင်မရှိဘဲ အချိန် ကြာမြင့်လာတဲ့အခါ စားဝတ်နေရေးကျပ်တည်းလာတဲ့ အတွက်လို့ သိရပါတယ်။စစ်တပ်က စစ်ဘေးရှောင်တွေကို ထောက်ပံ့စားရိတ်ပေးတယ်ဆိုတာလည်း စစ်ဘေးရှောင်အားလုံး ရရှိတာမဟုတ်ဘူးလို့ အင်္ဂပူမြို့နယ်ထဲကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“မဖြစ်စလောက်ပေးတာပါ။ တယောက် ၁ သောင်း တကြိမ် ၊ ၃ သောင်း တကြိမ်ပေးတယ်။ လူတိုင်း မရပါဘူး။ ရလည်း လမ်းစရိတ်တောင်မရှိတော့ ဘာမှမထူးဘူး။ စာရင်းပါပြီး ခရီးလွန်နေသူတွေ ၊ မတက်ရောက်တဲ့လူတွေ မရပါဘူး” လို့ သူကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ရခိုင်ရိုးမ တောင်ခြေဧရိယာတွေဖြစ်ကြတဲ့ သာပေါင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူမြို့နယ်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ၂၀၂၅ ခုနှစ် နှစ်ဆန်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ အခုဆိုရင် ၉ လနီးပါး ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ပုသိမ်-မုံရွာကားလမ်း ဘေးတဖက်တချက် နဲ့ ကားလမ်း အနောက်ခြမ်း ကျေးရွာအားလုံးနီးပါးဟာ စစ်ဘေးရှောင်ခဲ့ကြရပြီး အများစုက တိုင်းအတွင်းက နီးစပ်ရာ ဧရိယာတွေမှာ ပြောင်းရွှေ့ စစ်ရှောင်ကြသလို တချို့ကလည်း ပုသိမ်၊ဟင်္သာတ၊ရန်ကုန် စတဲ့မြို့ကြီးတွေရှိရာ ပြောင်းရွှေ့အခြေချပြီး ရရာအလုပ်တွေ လုပ်ကိုင်ရင်း စစ်ရှောင်နေကြရပါတယ်။