
အင်္ဂပူမြို့နယ် ၊ မှတ်တိုင်ကျေးရွာအုပ်စု ၊ လယ်တီကျေးရွာမှာ ကျေးရွာရာအိမ်မှူးနဲ့ စကားများရန်ဖြစ်တဲ့သူကို စစ်မှုထမ်းထည့်လိုက်တဲ့ကိစ္စမှာလည်း ယခုအချိန်ထိ စစ်မှုထမ်းပါသွားသူနဲ အဆက်အသွယ် မရသေးပါဘူး။
၂၆၊ စက်တင်ဘာလ။
ဧရာဝတီတိုင်းထဲက ဟင်္သာတ နဲ့ အင်္ဂပူမြို့နယ်တွေမှာ ရပ်ကွက်ထဲ ရန်ဖြစ်သူတွေကို အုပ်ချုပ်ရေး အဖွဲ့က လူတွေက ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ရှေ့တန်းပို့နေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေပါတယ်။
“မိသားစုရန်ဖြစ်တာတောင်မှ ယောက်ကျားလေးတွေကို စစ်မှုထမ်းဖို့ ပို့ပစ်လိုက်တာ။ ပိုက်ဆံနဲ့ ပြန်ရွေးရတယ်။ မြို့နယ်ထွေအုပ်ရုံးကို ပို့တာပေါ့။ အဲ့ကနေ စစ်တပ်ကို ပို့တာမျိုးလို့ ပြောတယ်။ အုပ်ကြီးတွေကတော့ ရန်မဖြစ်ရဲအောင်လို့တော့ ပြောတာပဲ။ကျွန်တော်ကတော့ ငွေညှစ်တာပဲ ထင်ပါတယ်။ ငွေပေးနိုင်ရင် လွတ်မယ်၊ မပေးနိုင်ရင် သူတို့စစ်သားရမယ်လေ ” လို့ ဟင်္သာတမြို့ပေါ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
နိဗ္ဗာန်ကျေးရွာအုပ်စုက ဒေသခံတွေကလည်း ခုလိုမျိုး အရပ်ထဲမှာ ရန်ဖြစ်သူတွေ စစ်မှုထမ်းစာရင်းထဲ ပါသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာ အခုနောက်ပိုင်းမှာ ကြုံတွေ့နေရပြီး ငွေကြေးတောင့်တင်းသူတွေနဲ့ ဒေသတွင်း အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိသူတွေသာ ပြန်လည် လွတ်မြောက် လာကြတယ်လို့ ဆိုကြပါတယ်။
“ကျွန်တော် သိသလောက်ဆိုရင် ဟင်္သာတထဲက ကိစ္စကတော့ ပိုသေချာသိတာပေါ့နော်။ ကျွန်တော်တို့ဘက်ဆို သုံးခုရှိပြီ နှစ်ခုက ပြန်လွတ်တယ်။ သူ့လူနဲ့သူပြန်လိုက်ကြတယ်။ဘယ်လောက်ကုန်လဲ မသိပေမယ့် ပြန်လွတ်လာကြတော့ အသံမထွက်ဘူးပေါ့။ မလွတ်တဲ့သူကျတော့လည်း သတင်းထွက်သွားရင် ပြဿနာဖြစ်မှာ စိုးတာလည်း ပါမှာပေါ့။ နောက် ရေကြည်ဘက်မှာလည်း ကြားတယ်။ အင်္ဂပူ နောက် ချောင်းသာဘက်မှာလည်း ရှိတယ်ကြားတယ် ” လို့ ဟင်္သာတမြို့နယ်ထဲက ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက အင်္ဂပူမြို့နယ် ၊ မှတ်တိုင်ကျေးရွာအုပ်စု ၊ လယ်တီကျေးရွာမှာ ကျေးရွာရာအိမ်မှူးနဲ့ စကားများရန်ဖြစ်တဲ့သူကို စစ်မှုထမ်းထည့်လိုက်တဲ့ကိစ္စမှာလည်း ယခုအချိန်ထိ စစ်မှုထမ်းပါသွားသူနဲ အဆက်အသွယ် မရသေးပါဘူး။
ဒီနှစ်ဆန်းပိုင်းကစပြီး လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်းနဲ့ ပုသိမ် – မုံရွာ လမ်းမကြီးနားမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ ဂွ – ငသိုင်းချောင်းလမ်းပေါ်က အမြှောက်တပ် ၃၄၄ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။