
“ဈေးက ထပ်တက်မယ်လို့လည်း ပြောနေကြတယ်။ စပါးပေါ်ချိန်နဲ့ ဈေး ပြန်တက်လာချိန် တိုက်ဆိုင် တော့ ပျော်တာပေါ့။ သုံးပုံတစ်ပုံလောက်တော့ အမြတ်ကျန်ကောင်းပါတယ်”လို့ရေကြည်မြို့နယ်
မှာနေထိုင်တဲ့လယ်သမားကဆက်ပြောပါတယ်။
၁၉၊စက်တင်ဘာလ။
၂၀၂၅ ခုနှစ် မိုးစပါးရိတ်သိမ်းချိန်က စတင်ပြီးဆက်တိုက်ကျဆင်းလာတဲ့ စပါးဈေးဟာ စက်တင် ဘာလလယ်လောက်မှာ တဖြေးဖြေးအတက်ဘက် ပြန်လည်ရောက်ရှိလာတယ်လို့ ဧရာဝတီတိုင်းရှိလယ်သမားတွေကပြောပါတယ်။
ဩဂုတ်လထဲမှာ စပါးရိတ်သိမ်းခဲ့သူတွေက တင်း ၁၀၀ ကို ကျပ် ၇ သိန်းလောက်အထိပဲ ရရှိခဲ့ကြတာပါ။ ဒီဈေးနှုန်းဟာ စံချိန်တင်ကျဆင်းတဲ့ ဈေးနှုန်းဖြစ်ခဲ့တာကြောင့် သွင်းအားစုစားရိတ်နဲ့ ပြန်လည်တွက် ကြည့်တဲ့အခါ လယ်သမားတွေ အရှုံးပေါ်ခဲ့ကြပါတယ်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်ကအထိ ၉ သိန်းခွဲဈေးပဲရှိတယ်။ ဒီနေ့ ၁၃ သိန်း ၊ ၁၄ သိန်းဈေးတဲ့။ အစိုဆိုပေ မယ့် နည်းနည်းတော့ အခြောက်ခံပေးရတယ်”လို့ ရေကြည်မြို့နဲ့ ငသိုင်းချောင်းမြို့အကြားက လယ် သမားတဦးက စက်တင်ဘာလ ၁၉ ရက်က ပြောပါတယ်။
စပါးရောင်းချတဲ့နေရာမှာ အစို၊ အခြောက်ဆိုပြီး ဈေးနှုန်းနှစ်မျိုးရှိပါတယ်။ စက်တင်ဘာလထဲမှာ ရိတ် သိမ်းနေကြတဲ့ စပါးတွေက အများအားဖြင့် မိုးထိတာနည်းပါးတယ်လို့ ဟင်္သာတမြို့နယ် ၊ တလုတ္ထော် တိုက်နယ်ထဲက လယ်သမားတဦးကပြောပါတယ်။
“ဆင်းသုခကတော့ ဈေးအရဆုံးလို့ပြောရမယ်။ အခုလက်ရှိပေါက်ဈေး ၁၂ သိန်းကျော်လောက်ရှိတယ်။ အရင်ရက်တွေနဲ့ဆိုရင်တော့ ဈေးကပိုလာတယ်ပြောနိုင်တယ်”လို့ သူက ဆက်ပြောပါတယ်။
ဩဂုတ်လ ထဲမှာ မိုးစပါးကိုရိတ်သိမ်းပြီး ရောင်းချခဲ့တဲ့ ကျိုက်လတ်မြို့နယ်က လယ်သမားတဦးက တော့ အရှုံးပေါ် ခဲ့တယ်လို့ ပြောပါတယ်။
မိုးစိုတဲ့စပါးတွေကို အခြောက်ခံစက်ထဲကို ပို့တဲ့အ တွက် ကုန်ကျစရိတ်က ပိုမိုသွားတဲ့အပြင် အထွက် နှုန်းကလည်း တဧကကို တင်း ၆၀ ကျော်သာ ထွက်ရှိတဲ့အတွက် ရှုံးခဲ့ရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“စပါးဈေးကလည်း ၈ သိန်းနဲ့ရောင်းလိုက်ရတာလေ”လို့ ကျိုက်လတ်မြို့နယ်ထဲက လယ်သမား ကပြောပါတယ်။
ရေကြည်မြို့နယ်က လယ်သမားတဦးကတော့ သူတို့ကွင်းမှာ အများစုက စပါးတွေ မရိတ်သေးဘူးလို့ပြောပါတယ်။
“ဈေးက ထပ်တက်မယ်လို့လည်း ပြောနေကြတယ်။ စပါးပေါ်ချိန်နဲ့ ဈေး ပြန်တက်လာချိန် တိုက်ဆိုင်
တော့ ပျော်တာပေါ့။ သုံးပုံတစ်ပုံလောက်တော့ အမြတ်ကျန်ကောင်းပါတယ်” လို့ သူကဆက်ပြောပါတယ်။