
“ ဧရာထဲက စစ်ရှောင်သတင်းတွေ မထွက်လာနိုင်ဘူးဆိုတာက အကြောင်းရင်းအများကြီးရှိပါတယ်။ စစ်ရှောင်တွေကို ကူညီနေတယ်လို့ သတင်းထွက်လာရင် ပုံတွေတက်လာရင် အဲ့ဒီစစ်ရှောင်တွေနဲ့အတူ ကျွန်တော်တို့တွေ(တော်လှန်ရေး အင်အားစုတွေ) ရှိနေတယ်လို့ ယူဆပြီး စစ်ကောင်စီက ဗုံးကြဲတာတွေ လုပ်တတ်တယ်၊ လုပ်ခဲ့တာတွေရှိတယ် ”
၈၊ စက်တင်ဘာ။
စစ်ရှောင်အရေးကိစ္စနဲ့ ပတ်သက်လို့ ကိုယ်စီလုပ်နိုင်တဲ့ အတိုင်းအတာထက်ပိုပြီး လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး “For Our People” အဖြစ် အဖွဲ့တွေ စုစည်းခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့ တာဝန်ခံဖြစ်သူ ယောနသံက DNA ကိုပြောပါတယ်။
“ အရင်ကတော့ AYU (ဧရာဝတီလူငယ်များ သမဂ္ဂ)က ဧရာဝတီတိုင်းက စစ်ရှာင်တွေအတွက်ပဲ လုပ်တယ်ပေါ့လေ၊ ဒီထဲမှာ ပါတဲ့ ANYLD တိုဆိုရင်လည်း လူမျိုးစုဒေသတွေမှာ ဆောင်ရွက်တယ်။ အခုတော့ ညီမတို လုပ်နိုင်မယ့် အတိုင်းအတာထက် ပိုလုပ်ဆောင်ဖို လိုအပ်တာကြောင့်ရော လုပ်နိုင်တဲ့အခြေအနေတခုကို ရောက်လာတာဖြစ်လို့ တရားဝင် ထုတ်ပြန်ကြေညာရတာဖြစ်ပါတယ် ” လို့ သူက ဆိုပါတယ်။
For Our People ဟာ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ပြည်သူ့ညီညွတ်ရေး တပ်ဦးတည်ရှိရာ ဒေသတွေက စစ်ရှောင်တွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေး ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ထဲမှာ ပြည်သူ့ညီညွတ်ရေးတပ်ဦး လူထုကူညီရေး လုပ်ငန်းဌာန၊ ဧရာဝတီလူငယ်များ သမဂ္ဂ(AYU)၊ ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ (PSU)၊ လူမျိုးပေါင်းစုံ ဒီမိုကရက်တစ် လူငယ်အဖွဲ့ချုပ် (ANYLD) တို့ပါဝင်ပါတယ်။
“ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေကို ကူညီဖို့ဆိုရင် တော်လှန်ရေးတပ်တွေကလွဲပြီး မရှိပါဘူး။ ကျွန်တော်တို့ နဲ့ချိတ်ဆက်နေတဲ့ အဖွဲ့တွေကနေရော စစ်ဘေးရှောင်ကူညီရေး လုပ်နေကြတာဆိုတော့ ကျွန်တော်တို့ရဲ့ လူထုကူညီရေး လုပ်ငန်းဌာနနဲ့ ပေါင်းပြီးလုပ်ကြတာပါ ”လို့ ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF)ရဲ့ ဥက္ကဌဖြစ်သူ ကိုခန့်သော်က ပြောပါတယ်။
ဒီအဖွဲ့တွေထဲက အဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တော်လှန်သူတွေအဖြစ် ဒီဒေသတွေမှာ ရှိနေကြတာကြောင့် ဧရာဝတီတိုင်းလိုမျိုး စစ်ရှောင်သတင်းတွေကို မသိရတဲ့ ဒေသမျိုးတွေက စစ်ရှောင်သတင်းတွေကို သိနိုင်ကြတာကြောင့် ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်တယ်လို့ ကိုခန့်သော်က ဆက်ပြောပါတယ်။
“ ဧရာထဲက စစ်ရှောင်သတင်းတွေ မထွက်လာနိုင်ဘူးဆိုတာက အကြောင်းရင်းအများကြီးရှိပါတယ်။ စစ်ရှောင်တွေကို ကူညီနေတယ်လို့ သတင်းထွက်လာရင် ပုံတွေတက်လာရင် အဲ့ဒီစစ်ရှောင်တွေနဲ့အတူ ကျွန်တော်တို့တွေ(တော်လှန်ရေး အင်အားစုတွေ) ရှိနေတယ်လို့ ယူဆပြီး စစ်ကောင်စီက ဗုံးကြဲတာတွေ လုပ်တတ်တယ်၊ လုပ်ခဲ့တာတွေရှိတယ် ” လို့ သူက ဆိုပါတယ်။
For Our People ဟာ ဒီလို အကူညီတွေပေးဖို့ စတင်တော့မှာဖြစ်တဲ့ အကြောင်းကို စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
For Our People မှာပါဝင်တဲ့ အဖွဲ့တွေအနေနဲ့ စစ်ရှောင်တွေအတွက် ပြုလုပ်မယ့် ကမ်ပိန်းတွေကို For Our People အနေနဲ့သာ ပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့တွေရဲ့ ရံပုံငွေရှာဖွေခြင်းတွေနဲ့ ပေါင်းစပ်သွားဖို့တော့ မရှိသေးဘူးလို့ သိရပါတယ်။