မလေးရှားနိုင်ငံက ဧရာဝတီတိုင်းသား ထောက်/ပို့ဖြစ်သူ မှိုင်းမျိုးဆက်နဲ့ဆက်သွယ်မေးမြန်းချက်


လက်ရှိ မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်
နေပြီး တော်လှန်ရေးကာလတလျှောက် ထောက်/ပို့ အလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေခဲ့တဲ့ မှိုင်းမျိုးဆက်ဟာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ဖြစ်ပါတယ်။ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်NLD ပါတီကို ထောက်ခံအားပေးသူဖြစ်ခဲ့ပြီးစစ်အာဏာ ရှင်ဖြုတ်ချဖို့ တော်လှန်ရာမှာတော့ မတရားမှုကို ခေါင်းငုံ့မခံလိုတဲ့ လူငယ်တယောက်အဖြစ်ပါဝင်ခဲ့တာ​ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် ထောက်/ပို့ဆိုင်ရာ အလုပ် တွေကို ရဲရဲဝင့်ဝင့် ထိထိရောက်ရောက် လုပ်ကိုင်နေတဲ့ လပွတ္တာသားတယောက်။ သူယုံကြည်ထားတဲ့ တော်လှန်ရေးက ဘယ်လိုပုံစံလဲ။ သူလုပ်ကိုင်နေတဲ့ ထောက်/ပို့ အလုပ်တွေအရ သူ့ဆီက သိရမယ့် တော်လှန်ရေးရဲ့ လားရာဟာ ဘယ်နေရာလဲ။ သူပြောပြချင်တဲ့ ဧရာဝတီတိုင်းဆိုတာ ဘယ်လိုမျိုးလဲ။ သူနှစ်သက်မြတ်နိုးရတဲ့ အနုပညာအလုပ်တွေ အပေါ်မှာရော သူဘယ်လိုသဘောထားသလဲဆိုတာအခုအင်တာဗျူးမှာတွေ့နိုင်ပါတယ်။

၂၄၊ ဩဂုတ်လ

▪️ မေး – ဧရာဝတီတိုင်းအတွက် ထောက်ပို့လုပ်ဆောင် ရာမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ထောက်ပို့ကြလဲ။ ပြောပြပေးလို့ရမလား။

ဖြေ – ကျွန်တော်တို့ ဧရာဝတီတိုင်းအတွက်ဆိုရင် လတ်တလောမှာ ကမ်ပိန်းတွေရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်းရဲ့ ဗျူဟာ ၂၉ ကနေပြီးတော့ လစဉ် မန်ဘာလုပ်နေတဲ့ ကိစ္စလည်းရှိတယ်ပေါ့နော်။ ဧရာဝတီတိုင်းသူ တိုင်းသားတွေ ပါဝင်နိုင်အောင်လို့ တလကို အနိမ့်ဆုံး မြန်မာငွေ ၃ သောင်းကျပ်ကနေစတင်ပြီးတော့ လစဉ်မန်ဘာကြေးအဖြစ် စုတာ လုပ်နေတယ်ပေါ့။ လိုအပ်ချက်တွေကတော့ အများကြီးပေါ့ လက်နက်ခဲယမ်းတွေ မလိုဘူးဆိုရင်တောင် စားနပ်ရိက္ခာနဲ့ ယူနီဖောင်း၊ ဆေးဝါးတို့ကကျ လိုအပ်ချက်တွေဖြစ်နေတာပေါ့။ ဒီအတွက်ကို လစဉ်မန်ဘာနဲ့ ကျွန်တော်တို့ လှုပ်ရှားနေကြပါတယ်။ လစဉ်မန်ဘာကတော့ SDB ဘဏ်နဲ့ NUG ပေးကို အသုံးပြုထားတာဖြစ်လို့ လစဉ်မန်ဘာ ၃ သောင်းကျပ်ကစလို့ ဘယ်နိုင်ငံကမဆိုပါဝင်လို့ရပါတယ်။

▪️ မေး – ဘာကြောင့် ထောက်ပို့လုပ်ဖြစ်တာလဲ။

ဖြေ – ကျွန်တော်တို့ စစ်အာဏာရှင်ကိုမလိုလားဘူး ဒီစစ်အာဏာရှင်ကို တိုက်လာခဲ့တာလည်း ခေတ်အဆက်ဆက်ဖြစ်ခဲ့ပြီး၊ အခု ၂၁ ကလည်း အဆုံးသတ်တိုက်ပွဲဆိုပြီး ကြွေးကြော်ခဲ့ကြတာပဲ။ တကယ်လည်း အဆုံးသတ်တိုက်ပွဲဖြစ်ရမယ်။ စစ်အာဏာရှင် အုပ်ချုပ်တဲ့ တိုင်းပြည်တွေဟာ ဘယ်တိုင်းပြည်မှကောင်းမလာခဲ့ဘူးဆိုတာ ကျွန်တော်တို့ မြင်နေရတာပဲလေ။ ဒါကြောင့် ဒီလိုမျိုး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်တဲ့ပွဲမှာ ကျွန်တော်တို့က နိုင်ငံသားတ ယောက်အနေနဲ့ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ပါဝင်ကိုပါဝင်ရမယ် ကျွန်တော်တို့ နယ်ပယ်တွေလိုက်ပြီးတော့ ခွဲနေစရာမလိုဘူး တော်လှန်လို့ရတဲ့နေရာကနေ တော်လှန်နေဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ကြံ့ကြံ့ခံပြီး ခရီးဆက်နေတာပါ။

ကျွန်တော်တို့ ဧရာဝတီတိုင်းကတော့ တော်လှန်ရေးကာလထဲမှာ အေးချမ်းခဲ့လို့ ဒလန်ဝတီတိုင်းလို့တောင် အခေါ်ခံရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၄ နှစ်ကျော်လာချိန်မှာတော့ ဧရာဝတီတိုင်းကနေပြီးတော့ စုဖွဲ့မှုကောင်းကောင်းနဲ့ မဟာမိတ်တွေနဲ့ ထွက်လာခဲ့တယ် ဒါဟာ ဧရာဝတီတိုင်းရဲ့ အင်အားတခုလို့ ပြောလို့ရပါတယ်။ စစ်ရေးအရ စစ်ရေး ဖော်ဆောင်မှုတွေကတော့ လုံခြုံရေးနဲ့ မဟာမိတ် ဆက်ဆံရေးတွေအရ ထုတ်ဖော်ပြောလို့မရတာပဲ ရှိပါတယ်။

▪️ မေး – ဧရာဝတီတိုင်းဟာ တော်လှန်ရေးကာလ ၄ နှစ်လောက် ငြိမ်သက်နေခဲ့တော့ ဒလန်ဝတီလို့တောင် ခေါ်ကြတာတွေရှိတယ်နော်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ကျွန်တော်တို့ တော်လှန်ရေးကာလ ၄ နှစ်လောက်ခရီးမှာ ဧရာဝတီတိုင်းဟာ အရမ်းငြိမ်သက်ခဲ့တယ်။ ဧရာဝတီတိုင်းမှာ စစ်ရေးအရ ဖော်ဆောင်မှုတွေ မတွေ့ဘူးပေါ့နော်။ ဒါဟာ ကျွန်တော်တို့ ဧရာဝတီတိုင်းသူ တိုင်းသားတွေက ဒီတော်လှန်ရေးမှာ မပါဝင်နေကြတာမျိုး မဟုတ်ဘူးဗျ။ မြန်မာတနိုင်ငံလုံးက တော်လှန်ရေးနယ်မြေတွေမှာ ဧရာဝတီတိုင်းသူ တိုင်းသားတွေရှိနေတယ်လို့ ပြောလို့ရတယ်။ ကရင်မှာရှိတယ်။ ကချင်မှာရှိတယ်၊ ကရင်နီမှာလည်းရှိတယ်၊ ရခိုင်တို့ ရှမ်းတို့မှာလည်းရှိတယ်။ အညာမှာဆိုလည်း ဧရာသားတွေအများကြီးရှိနေတယ်။ ဧရာဝတီတိုင်းမှာ စစ်ရေးအရ ဖော်ဆောင်ဖို့ လှုပ်ရှားဖို့ အခွင့်မသာသေးချိန်မှာ တိုင်းထဲမှာ ငြိမ်နေတယ်ဆိုပေမယ့် ဧရာဝတီသားတွေက သွေးမအေးဘူး။ ပါဝင်လို့ရတဲ့ တော်လှန်လို့ရတဲ့ နေရာတွေကိုသွားတယ် အဲ့လိုနေရာတွေကနေ တော်လှန်နေကြတယ်။

အခုဆိုရင် အသက်ပေးလိုက်ရတဲ့ ဧရာဝတီတိုင်းသူ တိုင်းသားတွေ အများကြီးရှိတယ်။ ဒီလိုကျဆုံးသွားတဲ့အခါမှာလည်း ဆိုရှယ်မီဒီယာမှာ ဒါဧရာဝတီ တိုင်းသားပါလို့ ပေါ်လာတာရှိသလို တချို့ လုံးဝ မသိလိုက်ရပဲ ကျဆုံးသွားတဲ့သူတွေလည်း အများကြီးပါပဲ။ ဒီတော့ ဧရာဝတီတိုင်းထဲမှာ အေးနေတာနဲ့ ဧရာသားတွေ သွေးအေးနေကြတာမျိုး မဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြား သိထားဖို့တော့ လိုပါတယ်။ အခုဆို စုဖွဲ့မှုကောင်းကောင်းနဲ့ ဧရာထဲမှာ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာတာကို တွေ့နေရတာပဲလေ။

▪️ မေး- ဒါနဲ့ဆက်စပ်လို့ ဧရာရဲ့ စစ်ရေးဖော်ဆောင်မှုအကြောင်းလေး နည်းနည်းပြောပြပေးလို့ရမလား။

ဒီလိုစစ်ရေးဖော်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ ဧရာရဲ့ နယ်မြေအနေအထားက စစ်ရေးဖော်ဆောင်ဖို့ အရမ်းလွယ်ကူတဲ့နေရာမျိုးတွေ မဟုတ်ဘူး။ အခြေအနေတွေအရ အရမ်းကို သိုသိုသိပ်သိပ်နဲ့လှု ပ်ရှားရတာဖြစ်တယ်ပေါ့နော်။ စစ်ရေးလှုပ်ရှားမှုနေရာတွေမှာလည်း အရမ်းခက်ခဲတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ခြေသံလုံလုံနဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းနဲ့ လက်ရှိခရီးကို လှုပ်ရှားနေတယ်။ တိုးတက်မှု မရှိတာတော့ မဟုတ်ပါဘူး။ လက်ရှိတော်လှန်ရေး ၅ နှစ်တာခရီးမှာတော့ ဧရာဝတီတိုင်းရဲ့ စစ်ရေးလှုပ်ရှားမှု တိုးတက်မှု ခရီးမှာတော့ တကယ့်ကို အထဲမှာ စိမ့်ဝင်ပြီးတော့ လှုပ်ရှားနေကြပြီပေါ့နော်။

တဖက်မှာလည်း စကစ က ဧရာဝတီတိုင်းမှာ ကောင်းကောင်းခြေကုတ်ယူဖို့ ပြင်ဆင်နေကြတယ်။ သူတို့ဘက်ကလည်း ခြေကုတ်ယူဖို့ ပြင်ဆင်မှုတွေ ရှိနေတဲ့အခါမှာ စစ်ရေးဖော်ဆောင်ရတာဟာ ပိုပြီးတော့ ခက်ခက်ခဲခဲနဲ့ ခြေသံလုံလုံနဲ့သွားနေရတာ ဖြစ်တယ်။ ဧရာရဲ့ စစ်ရေးကို မရွေ့နေဘူးလို့ မထင်ပါနဲ့ အချိန်တခုပေးပြီး စောင့်ကြည့်ပေးစေချင်ပါတယ်။

▪️မေး – တချို့တွေက ဒလန်ဝတီလို့ နာမည်တပ်ပြီး ဧရာသားတွေကို အပြစ်ပြောတာမျိုးတွေ ရှိတယ်။ ဧရာဝတီတိုင်းသား တယောက်အနေနဲ့ ဒီအပေါ်မှာ ပြောချင်တာမျိုး ရှိမလား။

ဖြေ – ဒီမှာကျွန်တော်တို့ရဲ့ ဘုံရန်သူက စစ်ကောင်စီဖြစ်တယ်။

▪️မေး – တချို့တွေက ဒလန်ဝတီလို့ နာမည်တပ်ပြီး ဧရာသားတွေကို အပြစ်ပြောတာမျိုးတွေ ရှိတယ်။ ဧရာဝတီတိုင်းသား တယောက်အနေနဲ့ ဒီအပေါ်မှာ ပြောချင်တာမျိုး ရှိမလား။

ဖြေ – ဒီမှာကျွန်တော်တို့ရဲ့ ဘုံရန်သူက စစ်ကောင်စီဖြစ်တယ်။ ဒီတိုင်းကတော့ ကျွန်တော်တို့နဲ့မတူ ငါ့ရန်သူလို့ မသတ်မှတ်ဘူး။ ငါတို့နဲ့မပါဝင်လို့လည်း ငါ့ရန်သူလို့ မသတ်မှတ်ဘူး။ ဒါကျွန်တော်တို့ တော်လှန်ရေးရဲ့ မူပဲ။ စစ်ရေးဖော်ဆောင်မှုမှာတော့ တိုင်းတွေ တခုနဲ့ တခု ပြည်နယ်တွေ တခုနဲ့တခုကတော့ တူမှာ မဟုတ်ဘူး။ အားသာချက် အားနည်းချက်တွေဆိုတာ ရှိနေမှာပဲ။ ကျွန်တော်တို့ တိုင်းက စစ်ရေးအရ ပုံဖော်ဖို့ အရမ်းအဆင်ပြေတဲ့နယ်မြေမဟုတ်တဲအခါမှာ စကစရဲ့ ခြယ်လှယ်မှုအောက်မှာ အလူးအလှိမ့် ခံစားပြီး နေနေရတယ်။ မနေလို့ကလည်း မရဘူးဆိုတဲ့ အခြေအနေဖြစ်နေတယ်။ တခြားသော ဒေသတွေမှာဆိုရင် တော်လှန်ရေး အင်အားစုတွေ ပကဖတွေ ပလဖတွေနဲ့ စကစက အနိုင်ကျင့်နေတဲ့နေရာတွေမျာဆိုရင် အလျဉ်းသင့်ရင် သင့်သလို ထိုးစစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်လို့ရတယ် လုပ်နေတယ်။ ဒါကြောင့် ပြည်သူတွေက ငါတို့နောက်မှာ ငါတို့အားကိုးလို့ရတဲ့ အင်အားစုတွေရှိတယ်ဆိုတဲ့ အနေအထားတွေရှိတယ်။

ဧရာဝတီမှာကျ အဲ့လိုမျိုးမဟုတ်ဘူး။ လှို့ဝှက်သိုသိပ်စွာသွားနေရတဲ့အခါ ပြည်သူတွေက မသိရတဲ့အခါ ငါတို့နောက်မှ ဘာမှမရှိနေဘူးဆိုတဲ့ စိတ်က စကစ ဘာလုပ်လုပ် သည်းခံရတဲ့ အနေအထားဖြစ်လာတယ်။ ကျွန်တော်တို့ နေ့တိုင်းကြားနေရတာပဲ။ ဘယ်လောက်ရက်စက်တယ် ဘယ်လောက်ဆိုးဝါး ယုတ်မာနေတယ်။ စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်တာတွေကိုရောပေါ့။

ဒါတွေကိုလည်း ကျွန်တော်တို့ လုပ်နေတယ် စကစရဲ့ အခွင့်ရေးယူနေတာတွေကို ချိုးဖဲ့နိုင်ဖို့ ကျွန် တော်တို့ ကြိုးစားနေတယ် ဒါတွေကို ပြည်သူတွေကို သိစေချင်ပါတယ်။ ချက်ချင်းမဖြစ်လာသေးပေမယ့် ကျွန်တော်တို့ကို စောင့်ပေးကြဖို့ တော်လှန်ရေးကို အားမလျော့သွားကြဖို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့လုပ်နေတယ်။ ကျွန်တော်တို့ဆိုတာ ကျွန်တော်တို့ ဧရာဝတီသားတွေနဲ့ မဟာမိတ်စုဖွဲ့မှုတွေကလုပ်နေတယ်။ ကျွန်တော်တို့လုပ်နေတာသည် ဒီလိုမျိုး စကစရဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကိုခံနေရတဲ့ ပြည်သူတရပ်လုံး လွတ်မြောက်ဖို့ ဒီလိုဖိနှိပ်မခံရတော့ဖို့ ဖြစ်တယ်ဆိုတာလည်း တဆက် တည်းပြောချင်ပါတယ်။

▪️ မေး – ဒါကို စကားလုံးနည်းနည်းနဲ့ပြောရမယ်ဆိုရင် ဘယ်လိုပြောချင်လဲ။

ဖြေ – ဧရာဝတီတိုင်းက စစ်မှုထမ်းကိစ္စတွေ အပါအဝင် ကိစ္စတော်တော်များများမှာ စကစ ရဲ့ အုပ်စည်းမှု အားကောင်းနေတာကြောင့် စိတ်ပါပါ မပါပါ စကစ ယန္တယားမှာ ပါဝင်နေရတာတွေရှိပေမယ့် တတိုင်းလုံးက ဒလန်ဝတီဖြစ်နေတာ မဟုတ်ပါဘူး။ ဧရာဝတီသားတွေနဲ့ ဧရာဝတီတိုင်းဟာ တော်လှန်ရေးမှာ ဘယ်လိုတွေတောင် ပါဝင်ခဲ့ကြတာလဲဆိုတာကို ပြသနိုင်မယ့်အချိန်ဟာ ရောက်လာတော့မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

▪️ မေး – တော်လှန်ရေးက အရမ်းကြာနေပြီ။ တော်လှန်ရေးက အရေးနိမ့်သွားပြီး ပြီးသွားပြီလို့ပြောနေတာတွေ အပေါ်ရော ဘယ်လို အမြင်ရှိလဲ။

ဖြေ – တော်လှန်ရေးတခုကို တော်လှန်ရေးလိုမြင်ပြီးတော့ တော်လှန်ရေးလိုပဲသွားမယ်ဆိုရင် ကျွန် တော်တို့ တော်လှန်ရေးက အရမ်းရှည်ရှည်ကြာကြာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တော်လှန်ရေးဟာ အရမ်းမကြာနိုင်လောက်တော့ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ တော်လှန်ရေးက ကြာဦးမယ်လို့ ပြောနေတဲ့သူတွေကို သိစေချင်တာက တော်လှန်ရေးကို မြန်မြန်ပြီးစေချင်ရင်၊ တချို့တွေဆိုရင်လည်း တော်လှန်ရေးရော ဘာရော မဟုတ်ဘူး ဒီအခြေအနေကြီးကို ပြီးစေချင်တာပေါ့။ ဒီလိုပြီးစေချင်တယ်ဆိုရင် အားလုံးက တော်လှန်ရေးကို ပါဝင်မှရမယ်။ ဒီတော်လှန်ရေးက အာဏာရှင်ကို အမြစ်ဖြတ်မယ့် အပြီးသတ်တိုက်ပွဲဖြစ်တာကြောင့် တော်လှန်ရေးကို မပါဝင်ကြဘူး ရှောင်နေကြမယ်ဆိုရင် ထပ် ထပ်ကြာနေဦးမှာပဲ။ အခုကနိုင်ငံရေးကို မပါချင်ဘူး ရှောင်ကြတယ်ဆိုတာတောင် စကစက လာပတ်သက်နေတာပဲလေ။ ဒါကိုကြည့်ပြီးတော့ ဘယ်သူ့ကို ထောက်ပံ့ အားပေးခြင်းဟာ ဒီအခြေအနေကို အမြန်ပြီးဆုံးစေမှာလဲဆိုတာကို တွေးဖို့ပါပဲ။ ဒါကပြည်တွင်းက သူတွေကိုပဲပြောတာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒီကာလကြီး ဒီအခြေအနေကြီးကို ပြီးစေချင်တယ်ဆိုရင် တော်လှန်ရေးကို ဝိုင်းကူကြပါလို့ ပြောချင်ပါတယ်။

▪️ မေး – သူတို့တွေ ဝိုင်းကူကြရင် တကယ်မြန်မြန်ပြီးသွားမယ်လို့ ယုံကြည်လား။

ဖြေ – လက်ရှိမှာလည်း စကစကပြိုလဲနေတာပဲ။ ဘယ်လောက်ထိပြိုလဲနေလဲဆိုရင် မြေပြင်စစ်ကြောင်းတွေမှာ သူတို့ဘယ်လိုမှ အသာစီးမရတော့ဘူး။ လေယာဉ်ကိုပဲ သူတို့အားကိုးလို့ရတော့တယ်။ ဒါတွေက မြင်သာတဲ့အချက်တွေပဲ။ တချို့နေရာတွေ လက်ပြန်လွှတ်ရတယ် ဆိုတာတွေကလည်း သူတို့ပြန်တိုက်ပြီးရသွားတာ သူတို့အသာစီးရလို့ နိုင်လို့ ပြန်သိမ်းနိုင်သွားတာ တနေရာမှမရှိသေးဘူး။ နောက် ဧရာသားတွေ ခံစားနေရတဲ့ စစ်မှုထမ်း ဥပဒေ ဒီဥပဒေ စပြဌာန်းကတည်းက ဥပဒေအတိုင်းသွားနေတာ ဘာရှိလို့လည်း ထမ်းချင်လည်းထမ်း၊ မထမ်းချင်လည်းထမ်း။ ငွေထည့်ချင်လည်းထည့် မထည့်ချင်လည်းထည့် ဒီလိုပဲ ပေါ်တာဆွဲ၊ ပေါ်တင်ဆွဲတွေနဲ့ သူတို့ ဖိအားပေးပြီးလုပ်နေတာပဲ။ စကစက ဒီလောက်ပြိုလဲနေတာတောင်မှ တော်လှန်ရေးက ဘာလို့မပြီးသေးလဲဆိုရင် ပြည်သူတွေဟာ ဘယ်ဘက်မှာမှ မရပ်ဘူးဆိုတဲ့သူတွေ များနေလို့။ တဖက်ဖက်ကို ရပ်ပြီး ပါဝင်ကြမယ်ဆိုရင် တဖက်ဖက်က အားသာပြီး ပြီးဆုံးသွားမှာပဲ။ ကျွန်တော်တို့က တော်လှန်ရေးဘက်ကဖြစ်တာမို့ တော်လှန်ရေးဘက်မှာ ရပ်ပေးစေချင်တာပေါ့လေ။

▪️ မေး – ဒီနေရာမှာ တခုထည့်မေးချင်တာက တော်လှန်ရေးတာဝန်တွေနဲ့အတူ အနုပညာအလုပ် တွေ လုပ်နေတာလည်းရှိနေတော့ အဲ့အကြောင်းလေးရော ပြောပြချင်တာရှိမလား။

အနုပညာလို့ပြောရင် ကျွန်တော်က အနုပညာရှင် မဟုတ်ပါဘူး။ ဝါသနာရှင်အဆင့်မှာပဲရှိပါသေးတယ်။ အရင်ကတည်းကလည်း ကျွန်တော် ဝါသနာပါတဲ့ အနုပညာနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ ပါဝင်ခဲ့တယ်။ ရန်ပုံငွေတွေရှာခဲ့တယ်။ အခုလည်း ကျွန်တော်တို့လုပ်လို့ရတဲ့နေရာကနေ ပါဝင်ဖို့ အငြိမ့်အဖွဲ့လေးတခုကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒီထဲမှာဆိုရင် CDM တွေလည်းပါမယ်၊ အတွေ့အကြုံရှိထားတဲ့ ဝါသနာရှင် လူရွှင်တော်တွေလည်း ပါမယ်ပေါ့နော်။ ဒီအဖွဲ့ဟာ တော်လှန်ရေးအတွက် အနုပညာနဲ့ အထောက်အကူပြုနိုင်တဲ့ နေရာမှာ ကျွန်တော်တို့ ပါဝင်သွားမယ်ပေါ့နော်။ ဒီအနုပညာကိုလည်း ကောင်းကောင်းလေး လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

▪️ မေး – တနိုင်ငံလုံးအနှံ့ ပေါက်သွားခဲ့တဲ့ ဒေါင်းကတဲ့နေ့ သီချင်းအကြောင်းလေးလည်း ပြောပြပေးပါဦး။

ဖြေ – ဒေါင်းကတဲ့နေ့က ဒီနွေဦးတော်လှန်ရေးမှာဖြစ်လာတာတော့ မဟုတ်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ညီလေးတယောက်က ဒီသီချင်းကို ဖန်တီးရေးသားပေးထားတာ။ အဲ့ဒီမှာ ကျွန်တော့်ကို ကူဆိုပေးဖို့ ပြောတော့ ဆိုတဲ့သူက ၃ ယောက်ဖြစ်တယ် ရေးတဲ့သူနဲ့ဆိုတော့ ၄ ယောက်ပေါ့ ဒီလိုမျိုး ကျွန်တော်တို့ စတင်ခဲ့တယ်။ နွေဦးတော်လှန်ရေးဖြစ်လာတဲ့အခါမှာ ကျွန်တော်က ဒါကိုဝယ်ပြီး အခုဘားရှင်းနဲ့ ပြင်ဆင်ပြီး ပြန်ဆိုတယ်ပေါ့နော်။ ကျွန်တော် အနုပညာကိုလုပ်တယ်ဆိုတာဟာ ပြည်သူတွေအတွက် အကျိုးတစုံတရာ ဖြစ်ရမယ်။ ကျွန်တော်တို့ ဒီလိုရည်ရွယ်ချက်နဲ့ပဲ အနုပညာကို ပုံဖော်ပါတယ်။ ဆိုတော့ ဒေါင်းကတဲ့နေ့ဟာ ပြည်သူတွေအတွက် အနည်းဆုံး စိတ်ခွန်အားရတယ်ဆိုရင်ကို ကျွန်တော်တို့ဖန်တီးရကျိုးနပ်တယ်လို့ ပြောလို့ရပါတယ်။

▪️ မေး – ဒီသီချင်းက အောင်မြင်ခဲ့တယ်လို့ ပြောလို့ရမလား။

ဖြေ – ကျွန်တော်တို့ ၂၀၂၀ တုန်းက ဒီသီချင်းကို ဖန်တီးပြီးနောက်တနေ့မှာပဲ မုံရွာမှာ အောင်နိုင်ရေးကာကြီးထွက်တော့ ဒေါင်းကတဲ့နေ့ဆိုပြီး ပိုစတာကြီး ကပ်ပြီး သီချင်းကိုဖွင့်ပြီး အောင်နိုင်ရေးထွက်ကြတော့ ဒါကိုမြင်တဲ့အခါမှာ အရမ်းကို ကြည်နူးတယ်။ ကျွန်တော်တို့ အနုပညာ ဖန်တီးမှုဟာ ပြည်သူ့နှလုံးသားကို ကိုင်လှုပ်နိုင်တယ်။ ပြည်သူအတွက် နေရာတခုကနေ အကျိုးပြုနေတယ်ဆိုတာဟာ အဲ့ဒီပီတိက ဘယ်လိုမှ ဖော်ပြ ပြောပြလို့တောင် မရဘူး။ အခုဆိုလည်း ဒီသီချင်းနဲ့ တောထဲတောင်ထဲမှာ ခက်ခဲနေကြသူတွေက ခွန်အားဖြည့် သီချင်းအဖြစ် ဆိုကြ ကကြတယ်။ ဒေါင်းကတဲ့နေ့သီချင်းဟာ စစ်ရှောင်တွေအတွက် ဖေးမတဲ့သီချင်းဖြစ်လာတယ်။ အချင်းချင်းအားပေးကြတဲ့ သီချင်းဖြစ်လာတယ်။ အောင်ပွဲခံသီချင်းဖြစ်လာတယ်။ လွတ်မြောက်နယ်တွေက ပွဲလမ်းသဘင်တွေမှာ ဖွင့်ကြ ဆိုကြ ကကြတဲ့ သီချင်းဖြစ်လာတယ်။ ဒါဟာ ဖော်ပြလို့တောင် မတတ်တဲ့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ပီတိမျိုးကို ခံစားရစေပါတယ်။ မျက်ရည်ကျမိတဲ့အထိ ခံစားရတဲ့အထိ ဖြစ်ရတယ်။ ကျွန်တော့်အတွက်တော့ ဒါက ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တခုပဲ။

▪️ မေး – တော်လှန်ရေးအတွက် အခြားအနုပညာတွေ ဖန်တီးဖြစ်တာမျိုးရှိလား။ ဒီဖန်တီးမှုတွေအတွက်ရော ကျေနပ်မှုရှိလား။

ကျွန်တော်တို့ အနုပညာဖန်တီးတယ်ဆိုတာက စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း တော်လှန်ရေးအတွက် ထောက်ပို့လုပ်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ ကျွန်တော်တို့ချစ်တဲ့အနူပညာကို ပုံဖော်ဖန်တီးရတယ်။ ဒီလိုပုံဖော် ဖန်တီးတဲ့နေရာမှာလည်း တော်လှန်ရေးအတွက် အသုံးဝင်တာတွေလည်း ဖြစ်ရမယ်ပေါ့နော်။ ခုကာလမှာတော့ ကျွန်တော်တို့အများစုဖန်တီးဖြစ်တာက တော်လှန်သီချင်းတွေပေါ့နော်။ မြေပြင်ကတောင်းဆိုလာတာ၊ မြေပြင်က ဖြစ်စေချင်တာတွေကို ဖန်တီးတယ်ပေါ့။ ဒီနေရာမှာ ကျွန်တော်တို့က စားဝတ်နေရေး၊ တော်လှန်ရေး အလုပ်တွေကြားထဲကနေပြီးတော့မှ ရတဲ့အချိန်လေးကို အနုပညာကိုဖန်တီးဖို့ လုပ်ရတယ်။ကျွန်တော်ဆို ပင်ကိုယ်က ရင်ကြပ်ရှိတော့အချိန်လုပြီးလုပ်ရတဲ့အခါမှာ တခါတလေမှာ ကောင်းမွန်တဲ့ ရလာဒ်တွေတော့ မရတာတွေရှိတာပေါ့နော်။ ပြီးတော့ ကျွန်တော် ခုနကပြောသလိုပဲ ကျွန်တော်တို့ဟာ အနုပညာရှင်တွေမဟုတ်သေးဘူးလို့ ခံယူထားတယ်။ အနုပညာဝမ်းစာတွေမပြည့်သေးဘူး ဖြစ်တာကြောင့် ဒီလိုလိုအပ်ချက်တွေ အခက်အခဲတွေကြားကနေပဲ ဝါသနာပါရာ အနုပညာကိုလည်း လျှောက်လှမ်းနေတယ်ပေါ့နော်။