ဧရာဝတီကွမ်းသီးစိမ်း အရင့်နဲ့ အခြောက် အဝယ်လိုက်ပြီး ဈေးကောင်းရ


ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်လတွေတုန်းက ကွမ်းသီးအစိမ်း ၊ အနု ၊ အရည်တည်တွေ တရုတ်ဝယ်လက် ရှိလာလို့ သိမ်းကျုံးခူးရောင်းကြတော့ အစိမ်းအရင့် သီးတွေ လိုသလောက် ဝယ်မရဖြစ်ပြီး အလုအယ က် အဝယ်လိုက်လာတာပါ။

၂၀၊ဩဂုတ်လ။

ဧရာဝတီတိုင်းမှာ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ ၊ပုသိမ်၊ ဝါးခယ်မ ၊ကျုံမငေး ၊ညောင်တုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ မြို့တွေရဲ့ ကွမ်းသီးဈေးကွက်တွေကနေ တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေအထိ တင်ပို့ရောင်းချတဲ့ ကွမ်းသီးအရင့်အစိမ်းနဲ့ အခြောက်တွေ ဝယ်လိုအားကောင်းနေပြီး ဈေးကောင်းရနေပါတယ်။

ကွမ်းသီးအစိမ်းအရင့် အလုံးတရာကို ဒိုင်သွင်းဈေး ၂၆,၀၀၀ ကျပ် လက်လီပြန်ရောင်းဈေး အလုံးတရာကို ၃၅,၀၀၀ ကျပ် ဈေးအထိနဲ့ ကွမ်းသီးခြောက် တပိဿကို ၃၅,၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေထက် ၃ ပုံ ၁ ပုံ ကျော် ဈေးတက်လာတာပါ။

“ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်လတွေတုန်းက ကွမ်းသီးအစိမ်း ၊ အနု ၊ အရည်တည်တွေ တရုတ်ဝယ်လက် ရှိလာလို့ သိမ်းကျုံးခူးရောင်းကြတော့ အစိမ်းအရင့်သီးတွေ လိုသလောက် ဝယ်မရဖြစ်ပြီး အလု အယက် အဝယ်လိုက်လာတာပါ၊ အစိမ်းအရင့် သီးတွေထက် အမှည့်အဝါသီး အခြောက်တွေက ပိုအဝယ်သွက် အရောင်းသွက်တယ်“လို့ မြောင်းမြမြို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက DNA ကိုပြောပါတယ်။

ယခုကွမ်းသီးအရင့်အစိမ်း အဝိုင်းသီးတွေရဲ့လက်ရှိ ရောင်းဝယ် ဈေးနှုန်းတွေဟာ ဩဂုတ်လရဲ့ အဖွင့် ဈေးနှုန်းသာဖြစ်ပြီး ဝယ်လိုအားကို မလိုက်နိုင်ခဲ့ရင် ဈေးနှုန်းနောက်ထပ် နှစ်ဆထပ်တက်နိုင်တယ်လို့ သူ(ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်) က သုံးသ ပ်ပါတယ်။

မတ်လကနေ ဇူလိုင်လကုန်အထိ ကွမ်းသီးအစိမ်း၊ အနု ၊ အရည်တည်တွေဖြစ်တဲ့ ဒေသအခေါ် ဥဘဲချွန်၊ ကပ်ချွန်း၊ မျှောချွန်း ပုံစံ အလေးချိန် ၁၉ ဂရမ် နဲ့ ၃၈ ဂရမ် အကြားရှိ ကွမ်းသီးတွေကို သိမ်းကျုံး ခူးဆွတ်ရောင်းချခဲ့ကြတာကြောင့် လက်ရှိအရောင်း အဝယ် ဖြစ်နေတာက ပြည်ပဝယ်လိုအားမရှိတဲ့ ကွမ်းသီးအဝိုင်း အဝါအရင့်သီးတွေဖြစ်ပါတယ်။

“ကွမ်းသီးရော၊ကွမ်းရွက်ရော၊ဆေးတွေရော ဈေးတက်ကုန်တာပါ။ ကွမ်းရွက်ဈေးနဲ့ဆေးက ဈေးပြန်ကျတတ်ပေမယ့် ကွမ်းသီးဈေးက တက်ပြီးရင် ပြန်မကျတော့ဘူး၊ အရင်က ကွမ်းယာကို ၂၀၀ ကျပ် ၄ ယာနဲ့ ရောင်းနေတာကနေ ခု ၅၀၀ကျပ်ကို ၃ ယာနဲ့ ရောင်းရတော့ ဝယ်စားသူနည်းသွားတယ်။ အရင်လို ရောင်းမကောင်းဘူး” လို့ ပုသိမ်အဝေးပြေးဂိတ်အနီး ကွမ်းယာရောင်းချသူကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ကွမ်းသီးပင် စိုက်ပျိုး ဧက ၂၁၈၆၂ ဧက ရှိပြီး၊ မြောင်းမြခရိုင်အတွင်းမှာ ၃၅၆၉ ဧက နဲ့ ဖျာပုံခရိုင်အတွင်းမှာ ၁၁၉၈ ဧက ရှိတယ်လို့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။ မြောင်းခရိုင်ထွက် ကွမ်းသီးတွေကို ကြိုက် နှစ်သက်သူများတာကြောင့် ဝယ်လိုအားများပြီး မြောင်းမြမြို့ကွမ်းသီးဈေးကွက်က အကြီးဆုံးဖြစ် ကာ ဇူလိုင်လအတွင်း ရန်ကုန်ဈေးကွက်ကို ၃၀ ပိသာဝင်အိတ် ၃၀၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ အပူပေးပေါင်းတင် အခြောက်ခံပြီးတဲ့ ကွမ်းသီးတွေကို အိန္ဒိယနဲ့တရုတ်နိုင်ငံက သရေ စာ ထုတ်လုပ်တဲ့ နေရာမှာ ထည့်သွင်းအသုံးပြုဖို့ ဝယ်ယူကြပေမယ့် မြန်မာနိုင်ငံမှာတော့ ကွမ်းယာအဖြစ် စားကြရာမှာ ထည့်သွင်း စားသုံးကြပါတယ်။