ယူကရိန်းရဲ့ လုံခြုံရေးအာမခံချက်အတွက် အဓိကဆွေးနွေးခဲ့တယ်လို့ သမ္မတ ဇေလန်းစကီးပြော

“အမေရိကန်အနေနဲ့ ကူညီပေးနေတဲ့ နိုင်ငံတွေနဲ့အတူ ပါဝင်မှာဖြစ်သလို
ယူကရိန်းရဲ့ လုံခြုံရေးအာမခံချက်အတွက် ပူးပေါင်းမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြဖို့ အရေးကြီးပါတယ်”လို့ ဇေလန်းစကီးက ဆိုပါတယ်။

၁၉ ၊ ဩဂုတ်လ။

ဒီကနေ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ ယူကရိန်းနဲ့ ရုရှားအကြား ငြိမ်းချမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ယူကရိန်းကို လုံခြုံရေးအာမခံချက် ပေးနိုင်ရေးအတွက် အဓိကဆွေးနွေးခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇေလန်းစကီးက ပြောပါတယ်။
အဲဒီ့အတွက် အမေရိကန်ကလည်း ကူညီဆောင်ရွက်မယ်လို့ သမ္မတ ထရမ့်က မှတ်ချက်ပြုထားပါတယ်။

“အမေရိကန်အနေနဲ့ ကူညီပေးနေတဲ့ နိုင်ငံတွေနဲ့အတူ ပါဝင်မှာဖြစ်သလို
ယူကရိန်းရဲ့ လုံခြုံရေးအာမခံချက်အတွက် ပူးပေါင်းမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြဖို့ အရေးကြီးပါတယ်”လို့ ဇေလန်းစကီးက ဆိုပါတယ်။

ဒါ့အပြင် အဆိုပါလုံခြုံရေးအာမခံချက် ကိစ္စဟာ လာမယ့် ၁၀ရက်အတွင်း အလုပ်ဖြစ်မယ်လို့ ဇေလန်းစကီးက ပြောပေမယ့် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အလှမ်းဝေးနေသေးပေမယ့် ဒီကနေ့ သမ္မတထရမ့်နဲ့ တွေ့ဆုံဟာ ကောင်းပါတယ်လို့ ဆွေးနွေးပွဲအပြီး သတင်းရှင်းလင်းပွဲမှာ သူက ပြောခဲ့ပါတယ်။
ဒီကနေ့အစည်းအဝေးမှာ ယူကရိန်းနဲ့အတူ နေတိုး၊ ဥရောပသမဂ္ဂ၊ ဗြိတိန် ၊ ပြင်သစ်၊ ဂျာမနီ၊ ဖင်လန်နဲ့ အီတလီက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

သမ္မတထရမ့်ဟာ ဩဂုတ်လ ၁၅ရက်နေ့က ရုရှားသမ္မတ ပူတင်နဲ့ အလက်စကာမှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပေမယ့် ဘာသဘောတူညီချက်မှမရခဲ့ပါဘူး။ အဲဒီ့နောက် ဒီကနေ့ အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတနဲ့အတူ ဥရောပခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံပြီး ထပ်မံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

သမ္မတ ဇေလန်းစကီးဘက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။

Ref – BBC/ Reuters