ဖောင်ဆိပ်ကျေးရွာမှာယာယီပြုပြင်ထားတာမကြာသေးတဲ့ကမ်းပါးထပ်မံပြိုကျ


“တကယ်က သေချာလုပ်မယ်ဆိုရင် လုပ်နိုင်မှာပါ။ အခုက အရေးကြီးတာတွေကိုမလုပ်ပဲ သူတို့လာပါတယ်ဆိုတာကို အပြသဘောမျိုး လာလုပ်နေတာလို့ပဲ ထင်တယ်။ ဟင်္သာတက ခရိုင်မြို့လည်းဖြစ်တော့ လူအမြင်ကောင်းတယ်လေ။ ထပ်ပြိုနိုင်တာတွေ ရှိိသေးတယ် ကျွန်တော်တို့ဆီက ကယ်ဆယ်ရေးအဖွဲ့တွေတော့ အဆင်သင့်လုပ်ထားပါတယ်”လို့ ဒေသခံ လူမှုကူညီရေး အသင်းတခုရဲ့ဦးဆောင်သူတဦးက ရှင်းပြပါတယ်။

၁၅၊ ဩဂုတ်လ။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နားက ဖောင်ဆိပ်ကျေးရွာမှာ ယာယီကမ်းထိန်းပြုပြင်ထားတဲ့ ကမ်းပါးထပ်မံပြိုကျမူဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လက ကမ်းပါးစပြိုကျခဲ့တာဖြစ်ပြီး တာလမ်းရဲ့ တဝက် ကျော်ပြိုကျသွားခဲ့တာဖြစ်ပါတယ်။ ပြိုကျတဲ့နေရာဟာ အ.မ.က ဖောင်ဆိပ် စာသင်ကျောင်းနဲ့ အနည်း ငယ်သာ ကွာဝေးပေမယ့် ကမ်းထိန်းပြုပြင်မှုကိုတော့ အခု၂၀၂၅ – ၂၆ ခုနှစ်ဘဏ္ဍာနှစ်မှာမှ ပြုလုပ် နိုင်ခဲ့တာပါ။

ကမ်းထိန်းပြုပြင်မှုတွေပြုလုပ်ပြီး လပိုင်းအကြာ ပြီးခဲ့တဲ့ သြဂုတ်၁၁ ရက်နေ့မှာတော့ ထပ်မံပြိုကျသွားခဲ့တာဖြစ်ပါတယ်။

“မနှစ်က ကမ်းပြိုလို့ နေရာရွေ့လိုက်ရတဲ့ သူတွေလည်း အခုထိ ဒီတိုင်းပဲ။ ပြန်လည်ထူထောင်ရေး ဘာညာဘာမှမရှိဘူး။ သူတို့တွေ လာပြင်တယ်ဆိုပြီး လုပ်တော့လုပ်သေးတယ်။ အခုနှစ်မိုးမကျခင် လေးလို့ထင်တယ် သူတို့လုပ်ကြတာ။ အခုထပ်ပြိုတော့ ဖောင်တွေတော့ လာလုပ်ထားတယ် ဘယ် လောက်ခံမလဲတော့ မသိဘူးပေါ့”လို့ ဟင်္သာတမြို့နေ ဒေသခံတဦးက ဆိုပါတယ်။

ဒီကမ်းပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ ကြီးမားတဲ့အခက်အခဲမျိုးတွေတော့မရှိပေမယ့် ပိုဆိုးလာနိုင်တဲ့အခြေအနေကို ယာယီထိန်းထားရုံနဲ့ အလုပ်မဖြစ်နိုင်တာကြောင့် ကမ်းနဲ့နီးတဲ့တွေက တော့ ရွေ့ပြောင်းမှု တချို့ရှိနေပါတယ်။

ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတခရိုင်အတွင်းက အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေး လမ်းပိုင်းဟာလည်း လမ်းအလုံးစုံပြိုကျသွားခဲ့ပြီး အုန်းရှစ်ကုန်းကျေးရွာ၊ဖောင်ဆိပ်ကျေးရွာတွေမှာလည်းကမ်းပြိုကျတာတွေဖြစ်ပွားနေတာပါ။

ဒီနေရာတွေထဲက ဟင်္သာတမြို့နဲ့ နီးတဲ့ ဖောင်ဆိပ်
ကျေးရွာ ကမ်းပြိုကျမှုကိုစစ်ကောင်စီလက်အောက် ခံ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က လာရောက်ကြည့်ရှုခဲ့ပြီး အရေးပေါ် ဝါးဖောင်တွေချထားမှုနဲ့ သံမဏိရေကာတွေချထားမှုတွေကို ညွှန်ကြားမှုတွေ ပြုလုပ် ခဲ့တယ်လို့ တိုင်းအစိုးရရုံးက သတင်းထုတ်ပြန်ထားပါတယ်။

“တကယ်က သေချာလုပ်မယ်ဆိုရင် လုပ်နိုင်မှာပါ။ အခုက အရေးကြီးတာတွေကိုမလုပ်ပဲ သူတို့လာပါတယ်ဆိုတာကို အပြသဘောမျိုး လာလုပ်နေတာလို့ပဲ ထင်တယ်။ ဟင်္သာတက ခရိုင်မြို့လည်းဖြစ်တော့ လူအမြင်ကောင်းတယ်လေ။ ထပ်ပြိုနိုင်တာတွေ ရှိိသေးတယ် ကျွန်တော်တို့ဆီက ကယ်ဆယ်ရေးအဖွဲ့တွေတော့ အဆင်သင့်လုပ်ထားပါတယ်”လို့ ဒေသခံ လူမှုကူညီရေး အသင်းတခုရဲ့ဦးဆောင်သူတဦးက ရှင်းပြပါတယ်။