နိုင်ငံအနာဂါတ်ကို လူငယ်တွေ အကောင်းမြင်နေဆဲလား

ဒီနေ့(သြဂုတ်လ၁၂) မှာကျရောက်တဲ့ အပြည်ပြည်
ဆိုင်ရာလူငယ်များနေ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP)ကနေ အစီ ရင်ခံစာသစ်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

၁၂၊ဩဂုတ်လ။

အချက်အလက်တွေအရ စစ်တမ်းမှာပါဝင်ခဲ့တဲ့ လူ ငယ်ရာခိုင်နှုန်းထက်ဝက်နီးပါးက နိုင်ငံအနာဂါတ်အတွက် အကောင်းမြင်နေဆဲဖြစ်ပြီး နောင်ငါးနှစ်အတွင်း ပိုကောင်းတဲ့အခြေအနေတရပ် ဖြစ်လာမယ်လို့ ယုံကြည်နေကြပါတယ်လို့လည်း ရေးသားထားပါတယ်။

ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း(A Generation on the Move: Youth Migration and Perceptions in Myanmar)လို့ အမည်ပေးထားတဲ့ ဒီစစ်တမ်းကို မြန်မာနိုင်ငံတဝှန်းမှာရှိတဲ့ လူငယ် ၇,၀၀၀ ကျော်ကို မေးပြီး ရေးသားထုတ်ပြန်ခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံက လူငယ်တွေ အ တွက် အခက်အခဲဆုံးအချိန်ကာလတခုကို ရင်ဆိုင် နေရတာ ဖြစ်ပြီး ဒီစစ်တမ်းထဲမှာ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊စိုးရိမ်ပူပန်မှုတွေနဲ့ ရွှေ့ပြောင်းနေထိုင်မှုအကြောင်းတွေ ပါဝင်ပါတယ်။

အချက်အလက်သစ်တွေအရ နိုင်ငံအတွင်းကနေ ထွက်ခွာလိုတဲ့ လူငယ်အရေအတွက် တိုးလာနေတယ်လို့ UNDP က သတိပေးထားပါတယ်။ဒါ့အ ပြင် လူငယ် ၁၀ ဦးမှာ ၄ ဦးက ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် အခွင့်အရေးရမယ်ဆိုရင် နိုင်ငံအတွင်းကနေ ထွက်ခွာလိုနေတယ်လို့ ဖေါ်ပြထားပါတယ်။

လက်ရှိအချိန်မှာ ဧရာဝတီတိုင်းမှာနေထိုင်တဲ့ အ သက် ၃၀ အရွယ်အမျိုးသမီးတဦးကလည်း ဒီစစ် တမ်းပါ အချက်အလက်နဲ့ ပါတ်သက်ပြီးဧရာဝတီ တိုင်းမှာနေရတာ အလုပ်အကိုင်အခွင့်အလမ်း နည်းလွန်းတယ်လို့ မှတ်ချက်ပေးပါတယ်။

“အဓိက လယ်ယာစိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေကိုပဲ အဓိက လုပ်ကိုင်ကြရတာဆိုတော့ လူငယ် တိုင်းက ဒါကိုဝါသနာအရ၊ ရပ်တည်မှုအရရော လုပ်ကိုင်ချင်ကြတာ နည်းမယ်လို့ ကျွန်မထင်တယ်”
လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတမြို့ကနေ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင် နန်းအိအိခင်ကတော့ “ ထွက်ထွက်လာချင်းတုန်းကတော့ ၂နှစ်လို့ ၊ အခုက ၁ နှစ်ခွဲလောက် ရှိပြီ။နောက်ထပ် ၁ နှစ် ၊ ၂ နှစ်လောက်အထိ အိမ်ကိုပြန်နိုင်မယ် မထင်ပါဘူး” လို့ ပြောပါတယ်။

စစ်တမ်းရဲ့ အချက်အလက်အသစ်တွေအရ ဧရာဝ တီတိုင်းနဲ့ ဧရိယာချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွှေ့ပြောင်းအခြေချလိုတဲ့ လူငယ် ၆၀ ရာနှုန်းရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ဂွမြို့နယ်ကို အာရက္ခတပ်တော်က(AA)
ဝင်ရောက်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ချိန်မှာလည်း ဒေသခံ ရခိုင်လူငယ်အများစုဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကို ရွှေ့ပြောင်းအခြေချခဲ့ကြတာ တွေ့ရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ကာလကတည်းက ရခိုင် ပြည်နယ်ကနေ ရန်ကုန်မြို့ကိုရွှေ့ပြောင်းအခြေချနေတဲ့ ရခိုင်လူငယ်တဦးကို စစ်တမ်းပါ အချက်အ လက်တွေနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက် တောင်းရာမှာ သူကမဖြေချင်ဘူးလို့ ပြောပါတယ်။”
ရခိုင်က အခြေအနေကိုလည်း မသိဘူးလေ” လို့ ဆိုပါတယ်။

UNDP က ထုတ်ပြန်တဲ့ စစ်တမ်းထဲမှာ ဧရာဝတီမြစ် ဝကျွန်းပေါ်ဒေသနဲ့ပတ်သက်ပြီးအထူးပြုအချက်အ လက်တွေ မပါဝင်ခဲ့ပေမယ့် ဧရာဝတီတိုင်းက လူငယ်အများအပြားဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချဖို့ ပြင်ဆင်နေကြပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖေါ်ပြမှု မှတ်တမ်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် အခြေစို က် DNA သတင်းဌာနရဲ့ သတင်းခန်းမှတ်တမ်းတွေအရ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ စစ်သားသစ် အင်အားလိုအပ်ချက်အရ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကွက်ပြည့်နင်းနိုင်ခဲ့တဲ့ ဧရာဝတီတိုင်းက လူငယ် တွေဟာ စစ်သားသစ် စုဆောင်းခံရတဲ့ ရာနှုန်းအများဆုံး ဒေသထဲမှာ တခုအပါအဝင် ဖြစ်သလို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ စစ်ပ ညာသင်ယူရင်း စစ်အာရှင်ကို တော်လှန်နေကြတဲ့ လူငယ်တွေလည်း အများအပြား ရှိနေခဲ့ပါတယ်။

“နေရာဒေသ အသီးသီးမှာ ဧရာဝတီတိုင်းသားလူငယ်တွေ ပြန့်ကျဲပြီး တော်လှန်ရေးမှာ ပါဝင်နေကြတာ ရှိတယ်။ ဒီဘက်နောက်ပိုင်းမှာတော့ လူငယ်အများအပြားက ဧရာဝတီတိုင်းမှာ ပြန်ပြီးအခြေပြုနိုင်ဖို့ ကြိုးစားလျှက်ရှိတယ်။တော်လှန်ရေးကို အခြေပြုပြီး ပြောရမယ်ဆိုရင်တော့ သိပ်မကြာခင် ကာလမှာတော့ ဧရာဝတီတိုင်းသား လူငယ်တွေက ဧရာဝတီတိုင်းရဲ့ မြေကို ပြန်နင်းဖို့အတွက် ရောက်နေတဲ့သူတွေလည်း ရှိသလို ထပ်မံပြီးတော့လည်း အင်တိုက်အားတိုက် ရောက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ယူဆမိတယ်”လို့၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် မဲအနိုင်ရခဲ့တဲ့ လူငယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်တောင်ပိုင်းနဲ့ ဆက် စပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းက ရခိုင်ရိုးမတောင်ခြေ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တွေထဲကကျေး ရွာတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းထားတဲ့ ဧရာဝတီတိုင်းထဲက တော်လှန်ရေးလူငယ်တွေပါဝင်တဲ့ အဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့တွေက ဧရာဝတီတိုင်းကနေ စစ် ကိုင်းတိုင်းအထိ ဆက်သွယ်ထားတဲ့ အဓိက ကုန်သွယ်ရေးလမ်းမကြီးတခု ဖြစ်တဲ့ ပုသိမ်-မုံရွာကားလမ်းကို စစ်တပ်ဘက်က အသုံးမပြုနိုင်အောင်အထိ ထိန်းချုပ်ထားနိုင်သလို ၊ စစ်တပ်ဘက်ကလည်း ဆုံးရှုံးထားတဲ့ ဧရိယာတွေ ပြန်ရဖို့အတွက် လေ ကြောင်း၊ကြည်းကြောင်း အပြင် ရေကြောင်းကပါ စစ်သင်္ဘောတွေနဲ့ အားဖြည့်နေရတဲ့ အခြေအနေပါ။
UNDP ရဲ့ စစ်တမ်းပါ အချက်အလက်အသစ်တွေအရ နိုင်ငံတဝှန်းက လူငယ် ၆၈ ရာနှုန်းက လက်ရှိနိုင်ငံရေး အခြေအနေမှာ ငြိမ်းချမ်းရေးက ဖြစ်နိုင်
ချေ တခုအဖြစ် ယုံကြည်ထားကြပြီး ၃ ပုံ ၂ ပုံက အပစ်ရပ်ရေးနဲ့ ပြည်လည်သင့်မြတ်ရေးကိုအားပေး တယ်လို့ ဆိုထားပါတယ်။

ဒီစစ်တမ်းရဲ့ အချက်အလက်နဲ့ ပါတ်သက်ပြီး ငြိမ်း ချမ်းရေးဖြစ်စဉ်က ပါဝင်တဲ့ အစုအဖွဲ့တွေ ၊ သက် ဆိုင်သူတွေကြားမှာ သာတူညီမျှမှုနဲ့ တရားမျှတမှု ရရှိတဲ့အချိန်ကို ဆိုလိုတယ်လို့ ကိုမျိုးသူရကိုကိုက မှတ်ချက်ပေးပါတယ်။ ကိုမျိုးသူရကိုကိုဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ လူငယ်ရေးရာ ကော်မတီဝင်တဦးလည်းဖြစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ အထူးလှုပ်ရှားတပ်ဖွဲ့ကို ထူ ထောင်ပြီး ပါဝင်တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

“နွေဦးတော်လှန်ရေးရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ရရင် စစ် ၃ စစ် အမြစ်ပြတ်ရေးသာ ဖြစ်ပါလိမ့်မယ်။ မတူညီတဲ့ အစုအဖွဲ့တွေ ၊ ဒေသတွင်းနိုင်ငံရေး နဲ့ ရပ်တည်မှုတွေ များပြားစွာရှိနေတဲ့ နွေဦးတော်လှန် ရေးမှာ တစုတဖွဲ့က ငြိမ်းချမ်းရေးအတွက် ကိုယ်စားမပြုနိုင်ပါဘူး။ စစ်၃ စစ်အမြစ်ပြတ်ရေးကသာ တခုတည်းသော အပစ်အခတ်ရပ်စဲရေး ဖြစ်ပါလိမ့်မယ်” လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးစနစ်သစ်တခုကို အုတ်မြစ်ချနိုင်ဖို့ နေ့စဉ်နဲ့အမျှ အသက်ပေးနေကြတဲ့ တော်လှန်ရေးလူငယ်တွေရဲ့ သတင်းကို လွတ် လပ်တဲ့သတင်းမီဒီယာတွေမှာ တွေ့ရမှာဖြစ်ပါတယ်။

စစ်တမ်းရဲ့ ဖေါ်ပြချက်မှာတော့ လူငယ်များအတွက် အရေးတကြီးဆောင်ရွက်ရမှာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လူငယ်တွေအတွက် စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှ တိုင်းပြည်အတွင်းမှာ သူတို့ရဲ့ အနာဂါတ်တွေကို တည် ဆောက်နိုင်မယ်လို့ ဆိုပါတယ်။ဒါ့အပြင် တိုင်းပြည် က ထွက်ခွာသွားသူတွေနဲ့ ထိတွေ့ဆက်ဆံရေး တည်ဆောက်နိုင်မှ လူငယ်တွေဟာ တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်လိုမှာဖြစ်ပြီး အဲဒါမှ သူတို့ရဲ့ အရည်အချင်းတွေကို တိုင်းပြည်က ထိန်းသိမ်းရာ ရောက်မယ်လို့ ဆိုပါတယ်။ နောက်တချက်အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားလူငယ်တွေ ခေါင်းပုံဖြတ်ခံနေရတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးပြီး ဘေးကင်းပြီး တရားဝင်ရွှေ့ပြောင်း သွားလာခွင့်ရတဲ့ လမ်းကြောင်းတွေ တိုးချဲ့ဆောင်ရွက် ပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra ကလည်း” အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့တွင် လူငယ်များသည် အနာဂတ်သာမကဘဲ ယနေ့ခေတ် အပြောင်းအလဲ၏ မောင်းနှင်အားဖြစ်ကြောင်း ကြှနျုပျတို့ သတိပြုမိပါသည်” လို့ ပြောပါတယ်။

ဒါ့အပြင်စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင် ငံအနှံ့အပြားက လူငယ်တွေဟာ အလုပ်အကိုင်ရှားပါးခြင်း၊ စစ်မူထမ်းစုဆောင်းခြင်းအပါအဝင် စစ်တပ်ရဲ့တင်းကျပ်ဖိနှိပ်မူမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းအတွင်းမှာလည်း ဧရာဝတီ တိုင်း၊ရေကြည်မြို့နယ် ကျောက်ခဲချောင်းရွာမှာ စစ်မှုထမ်းခေါ်ယူတာတွေ ပိုပြီးတင်းတင်းကျပ် ကျပ်လုပ်လာတဲ့အတွက် မိဘတွေဟာ စစ်မှုထမ်းရမယ့် အခြေအနေကို တိမ်းရှောင်ရင်း ကျောင်းသားလူငယ်တွေပါ ကျောင်းထုတ်ပြီး မိသားစုလိုက် ရွာကနေ တိမ်းရှောင်ရတဲ့ အခြေအနေတွေရှိခဲ့ပါတယ်။

ဟင်္သာတမြို့နယ် သနွံသနော့ကျေးရွာမှာတော့ စစ်မှုထမ်းဖို့လာခေါ်တဲ့ အုပ်ချုပ်ရေးမှူးကို လူငယ် တဦးဖြစ်တဲ့ မောင်ကျော်ဇင်ဦးက ဓါးနဲ့အပိုင်းပိုင်း ခုတ်သတ်ခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရတဲ့ အမှုတခု ၂၀၂၅ ဧပြီလထဲမှာ ဖြစ်ပွားခဲ့ပါသေးတယ်။

လက်ရှိအနေအထားတွေနဲ့ဆက်စပ်လို့တော့ကရင် ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မခင် အေးဟန်ကသူ့အမြင်ကို အခုလိုပြောပြပါတယ်။

“သူ့စစ်တမ်းမှာ(ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွေ့ပြောင်းအခြေချနေထိုင်ခြင်း)လည်း ဖော်ပြထားပြီးသားလေ။ လူငယ်တွေက ဒီနိုင်ငံမှာ သူတို့ဘဝတွေအတွက် မျှော်လင့်စရာ အခွင့်အလမ်း မရှိတော့လို့ ဒီနိုင်ငံကနေထွက်ခွာဖို့ ရွေးချယ်နေကြပြီလေ။ ငြိမ်းချမ်းရေး၊ အပစ်အခက်ရပ်စဲရေး လိုတယ်ဆိုတာက စစ်တပ်အာဏာမသိမ်းခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်ကပတ်ပြီး တိုက်ပွဲဖြစ်နေတဲ့ တလျှောက်လုံး လူငယ်တွေက တောက်လျှောက် အော်ခဲ့ကြတာပါ”လို့ဆိုပါတယ်။

လူငယ်တွေ အဲဒီလို တောင်းဆိုခဲ့ပေမယ့်လည်း လက်ရှိအခြေအနေက စစ်အာဏာ တကျော့ပြန်သိမ်းလိုက်ပြီး ဒီမိုကရေစီကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။လက်ရှိအချိန်မှာ လူငယ်တွေ အတွက် အပစ်အခတ်ရပ်တဲ့နေ့ဆိုတာ အာဏာရှင်နဲ့သူ့အပေါင်း အပါတွေ လက်နက်ချတဲ့နေ့လို့ မခင်အေးဟန်က မှတ်ချက်ပေးပါတယ်။

အစီရင်ခံစာအရ လူငယ်တွေရဲ့ နိုင်ငံနဲ့ အိမ်အပေါ် ခင်တွယ်မှုကို တွေ့ရတယ်လို့လည်း ရေးထားပါတယ်။ လူငယ်တွေဟာ အခွင့်အရေးရရင် မြန်မာပြည်ကနေ ရွှေ့ပြောင်းအခြေချချင်တယ်ဆိုပေမယ့် ၉၀ ရာခိုင်နှုန်းနီးပါးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ ကောင်းမွန်လာမယ်ဆိုရင် အိမ်ပြန်ကြမယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် ဧရာဝတီတိုင်း မြောင်းမြမြို့ကနေ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့အချေချနေတဲ့ ကိုသော်ကတော့”ဘယ်အချိန်ပြန်ရမလဲဆိုရင် ပြောဖို့က အခုအနေအထားရ တော် တော်ခက်တယ်။ တော်လှန်ရေးက အခုအနေအထားကနေ အကုန်စုစုစည်းစည်း လုပ်နိုင်တဲ့ အနေအထားကို မပြောင်းနိုင်သေးဘူးဆိုတော့ ကြာဦးမယ့်ပုံစံပဲ။ အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်။ ဒီထက်လည်း ပိုကြာနိုင်တယ်။ တခြားအင်အားစုတွေပြောသလို စစ်တပ်နဲ့ ဆွေးနွေးဘာညာ ဆိုတာကလည်း လက်ရှိက ဖြစ်နိုင်တဲ့ အနေအထားမဟုတ်ဘူး။ ပြောရရင် နောက် လေးငါးနှစ်လောက်အထိက ပြန်ဖို့ကမဖြစ်နိုင်သေးတဲ့ အနေအထား”လို့ ပြောပါတယ်။

ကိုယ်နေဟန်က ပိန်ပိန်သွယ်သွယ်ပေမယ့် မေးရိုးပေါ်ပေါ်၊ အားကောင်းပြီး စူးရှတဲ့ မျက်လုံးတွေရှိပြီး တော်လှန်းရေးစစ်သမီးတဦးဖြစ်တဲ့ မခင်အေးဟန်ကတော့
“လူ့သဘာဝက ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ် ။ ကိုယ့်နေရပ်လေးကို ငြိမ်းချမ်းရင် ပြန်လာချင်ကြတယ်ဆိုတာ သဘာဝပါ။ အဲဒီအတွက် လူငယ်တွေအားလုံးက ကြိုးစားနေပါတယ်”လို့ သတင်းစကားပေးပါတယ်။