၁၁၊ဩဂုတ်လ။
(၁)
ရှေးသရောအခါ ဘေးကျောနာတုန်းက ကျွန်ပ်အာဖျံကွီးသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးထွက်ခဲ့၏။
ထိုအချိန်က ရန်ကုန်မှဧရာဝတီတိုင်းသို့ မော်တော် ကားဖြင့် ခရီးသွားရာတွင် ဧရာဝတီမြစ်ကို စက္ကော့အရပ်၌ ဇက်ဖြင့်ကူးရ၏။ကားလမ်းမှာလည်း ယခုလိုမကောင်းသေးသဖြင့်ချိုင့်ခွက် များအတွင်းသို့ မကြာခဏကျကာ ခရီးသည်များ ဘေးကျောနာရ၏။ကတ္တရာများ မပီဝိုးတဝါးဖြစ်နေသော လမ်းပေါ်တွင် ဖုံများမှာလည်း အလူးလူးထနေ၏။
မဟာရန်ကုန်နှင့် ဧရာဝတီနယ်စပ် ပန်တိုင်ဟူသော အရပ်တွင် စစ်ဆေးရေးဂိတ်တခုရှိ၏။ ထိုနေရာအရောက်တွင် ကားပေါ်ရှိ ခရီးသည်အားလုံး အောက် သို့ဆင်းကာ လမ်းလျှောက်ရသည်။ မှတ်ပုံတင် ထုတ်ပြရသည်။ ထိုနေရာတွင် တံတွေးမထွေးရ။လေမလည်ရ။ချောင်းမဆိုးရ။အနှီသို့သော ဒုက္ခများကြားမှပင် ကျွန်ုပ်သည် မွေးရပ်ဌာနေ ဧရာဝတီမြေသို့ တနှစ်တခါမပြစ်မခွာသွားဖြစ်ခဲ့သည်။
(၂)
နှစ်အနည်းငယ် ကြာသော်အခါ ကျွန်ုပ်တို့ဧရာဝတီသည် လမ်းပန်းဆက်သွယ်ရေး ကောင်းလာ၏။ ဧရာဝတီမြစ်ကူး ဗိုလ်မြတ်ထွန်းတံတား ပေါ်လာ၏။ ပုသိမ်၊ဟင်္သာတ၊မြောင်းမြ၊လပွတ္တာကအစ မြန်အောင်၊အင်္ဂပူ၊ငါးသိုင်းချောင်း၊ဇလွန်ကား လိုင်းတွေစုံနေ၏။ ထိုအချိန်က အဝေးပြေးကားများမှာ လေအေးစက်မပါသည့် ကိုရီးယားလုပ် ဟွန်ဒိုင်းကားအစုတ်များဖြစ်၏။
သက္ကယ်သောင်ဆိုသည့် ပင်လယ်အရပ်ကလာသည့် ချာတိတ်လေးသည် တခါမျှ မသောက်ဘူးသော ဘီယာကို တမြမြချကာ ကားပေါ်ထိုးအန်၏။ကျုံပျော်ကလာသော ထိုကလေး၏ အုပ်ထိန်းသူသည်လည်း တဝီဝီပြေးနေသော ကားကိုမရပ်ခိုင်းဘဲ ကားခြေကျော်ပေါက်က ရှုရှုပေါက်ချ၏။
အနှီကဲ့သို့ လွတ်လပ်စွာ မော်တော်ကားစီးသူ အပေါင်းသည် ဧရာဝတီ ရန်ကုန်နယ်စပ်ရှိ ပန်တိုင်ဂိတ်အရောက်တွင်မူ အပိုးကျိုးရပြန်၏။ အန်မချရ။ရူရူမပေါက်ရ။
ကျွန်ုပ်ကား ထိုသို့အနေအစားမတတ်သူများကို ဂရုမစိုက်သည်ကြောင့် ကားစပယ်ယာလေး ဂိတ်တဲအတွင်းသို့ ဝင်သွားသည်ကိုသာ ဂရုပြုမိသည်။
စပယ်ယာလက်ကြားတွင် ဖွတ်ကလိဒင်းဂါးပြားပါ၏။ထိုဒင်းဂါးပြားပေးပြီးသည့် သကာလ ကျွန်ုပ်တို့၏ မော်တော်ယာဉ်သည် ပန်တိုင်မှ ပန်းတိုင်ဖြစ်သည့် ဒဂုံဧရာအဝေးပြေးဂိတ်သို့ အဆောတလျင် ရောက်ရတော်မူ၏။ ခရီးဖြောင့်ခွင့်ပေးတော်မူသော ပန်တိုင်ရှိ ရိုးသားကြိုးစား ဧရာဝတီသားများကိုပင် ကျေးဇူးတင်ရ၏။
(၃)
ဒီမိုကရေစီအစိုးရလက်ထက်၌မူ ထိုပန်တိုင်အရပ်၌ စစ်ဆေးရေးဆိုသူများ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြ၏။ခရီးသွားလာ မိတ်သဟာများမှာလည်း သွားလမ်းသာ၍ လာလမ်းဖြောင့်ကြရ၏။
သို့တစေကာမူ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးသည့်နောက်တွင်မူ ထိုပန်တိုင်ဂိတ်ကြီးပြန်ပေါ် လာ၏။ရိုးသားကြိုးစား ဧရာဝတီသားများကို အားကျသော မဟာရန်ကုန်သားများသည်လည်း
ထိုပန်တိုင်အရပ် ရန်ကုန်ဘက်ခြမ်း၌ ဂိတ်တခုထပ်ဖွင့်၏။ ဗိုလ်မြတ်ထွန်းတံတား အတက်အဆင်းတွင်လည်း ဂိတ်များရှိ၏။ဒါးကတံတား၊မအူပင်တံတား၊ခတ္တိယတံတား၊ငသိုင်းချောင်းတံတား၊ မြို့ကွင်းတံတား စသည့်ဂိတ်များဖြင့် ဖွံ့ဖြိုးဝေစည် ဧရာဝတီဖြစ်လာ၏။
တခါသော် ဧရာဝတီတိုင်းဘက်သို့ ခရီးနှင်သော ကျွန်ုပ်သည် တရုတ်လုပ် လေအေးစက်တပ် ဘတ်စ်ကားကြီးပေါ်တွင် ဇိမ်ကျစွာငိုက်မြည်းနေခိုက် စပယ်ယာ၏ “ရှေ့မှာစစ်ဆေးရေးဂိတ်ရှိတယ် တံတွေးမထွေးရ၊ဖုန်းမပြောရ၊မှတ်ပုံတင် တွေထုတ်ထားပါ’ဟူသည့်ငှက်ဆိုးထိုးသံကြောင့် လန့်နိုးခဲ့ရ၏။
စစ်ဆေးသူများ ကားပေါ်သို့တက်လာသော အခါကျွန်ုပ်တို့ခရီးသည်များသည် မှတ်ပုံတင်များကို လက်ကကိုင်ကာ လေထဲမြောက်ထားရ၏။ကျွန်ုပ်၏ဘေးနားတွင် ထိုင်နေသည့်လူငယ် ကလေးမှာကား မှတ်ပုံတင်ကတ်ကို မကိုင်ဘဲစာ ရွက်တရွက်ကို ကိုင်ထား၏။စစ်ဆေးသူက ထိုသူငယ်အား “ဘာစာရွက်လဲ “ဟုမေးရာသူငယ်က
“ထောက်ခံစာပါ ဟုဆို၏။စစ်ဆေးသူက မရဘူး မှတ်ပုံတင်မပါလျင် ကားပေါ်ကဆင်း”ဟုဆိုကာ
သူငယ်အားခေါ်ချသွား၏။
ကွမ်းတရာညက်ခန့်အကြာမှ ထိုသူငယ်ကားပေါ်ပြန်လာ၏။ အရာရာ စပ်စုတတ်သော ကျွန်ုပ်သည် ထိုသူငယ်အား ဖြစ်ကြောင်းကုန်စင်မေးမြန်းရာ ထိုသူငယ်သည် မြန်အောင်အရပ်မှ ရန်ကုန်ရွှေမြို့တော်တွင်လာရောက်အလုပ်လုပ်နေသည့် မောင်ချက်ဖောင်းမည်၏။သူသည် ရန်ကုန်တွင် အလုပ်လုပ် ကိုင်နေစဉ် မှတ်ပုံတင်ပျောက်ဆုံးသွားရာ ရဲစခန်းထောက်ခံစာယူ၍ မှတ်ပုံတင်ပြန်လုပ်ရန်မွေးရပ်မြေသို့ပြန်ခဲ့ခြင်းဖြစ်၏။ မှတ်ပုံတင်ပျောက်ဆုံး ကြောင်းထောက်ခံစာ ပါသော်လည်း မှတ်ပုံတင်မပါသည့် မောင်ချက်ဖောင်းသည် အနှီဂိတ်၌ ငွေတသောင်းကျပ် ထွက်သွားခဲ့၏။
တခါသော် ကျွန်ုပ်နှင့်အိတ်ပရက်ကား အတူစီးလာသော ရှင်ဂွမ်းဂွိအမည်ရှိ အညာသူမလေးသည် အညာမှ ဧရာဝတီတိုင်းသို့ သနပ်ခါးလာရောက်ရောင်းချပြီး ရောင်းရန်ကျန်သော သနပ်ခါးတုံးများကို ကျွပ်ကျွပ်အိတ် အမည်းကြီးဖြင့် ထည့်ကာ ရန်ကုန်သို့ သယ်လာ၏။စစ်ဆေးရေးဂိတ်သို့ အရောက်တွင် သူ့အိတ်ကို မသင်္ကာသဖြင့် ဖွင့်ကြည့် ရာ သနပ်ခါးတုံးများ တွေ့ရ၏။စစ်ဆေးသူက “နင့်မှာမျောစာပါလား”ဟုမေးရာကောင်မလေးက *ဟင့်အင်း”ဟုဖြေ၏။ဥပဒေနဲ့မညီဘူး သစ်တောထွက်ပစ္စည်းတွေဟု ဆိုကာသိမ်းမည် လုပ်သဖြင့် မျက်ရည်ရွဲလဲနှင့် တောင်ပန်ကာ ငွေတသောင်းကျပ် ပေးလိုက်ရ၏။
တခါသော် မြောင်းမြဘက်က ရန်ကုန်တက်လာသည့် မိန်းကလေးတဦးသည် စစ်ဆေးရေးဂိတ်၌
မှတ်ပုံတင် မေ့ကျန်ခဲ့သဖြင့် သူ၏နိုင်ငံကူးလက်မှတ်ကို ထုတ်ပြရာ “ဪ နင်ကနိုင်ငံခြား
တောင်သွားမှာ ဆိုတော့ ပေးသုံသောင်း”ဟူသည့် စကားကိုသာ ကျွန်ုပ်ကြားလိုက်ရ၏။
တခါသော် ပန်တိုင်ဂိတ်၌ စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းအတိုင်း မှတ်ပုံတင်များကိုင်ကာ မင်းတို့
လက်တွေ လေထဲမှာ မြှောက်ထားစဉ် လူငယ်တဦးသည် ဖုန်းတွင်နားကြပ်တပ်ကာ သီချင်းနားထောင် နေသဖြင့် မှတ်ပုံတင်မထုတ်မိဖြစ်၏။
စစ်ဆေးသူက တောင်းသောအခါမှ ထုတ်ပြ၏။စစ်ဆေးသူသည် သူ့ကိုပမာမခန့်လုပ်သည်ဆိုကာ ထိုလူငယ်၏ ဖုန်းကိုယူစစ်၏။ထို့နောက် တွေ့ပြီဟုဆိုကာ လူငယ်ကို ကားပေါ်ကဆင်းခိုင်း၏။ကျွန်ုပ်နှင့်ကားပေါ်ပါသူများမှာ ဘာတွေများ တွေ့သွားလို့လဲဟု တွေးကာလူငယ်အတွက် စိတ်ပူရ၏။၁၅မိနစ်အခန့် အကြာလူငယ်မှာ ပြုံးဖြီးဖြီးနှင့် ကားပေါ်ပြန်တက်လာ၏။ဖုန်းထဲမှာ vpn တွေ့လို့ဒဏ်ငွေ သုံးသောင်း ပေးခဲ့ရသတတ်ဟူလို။
ကျွန်ုပ်သည်ကားစီးရင်း တွေးမိသည်။အနှီနှီသောမြို့တိုင်း လမ်းတိုင်းရှိ စစ်ဆေးရေးဂိတ် အသီးသီးသည် ပြည်သူလူထု လုံခြုံရေးအတွက် စစ်ဆေးနေသည်လား ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လား ဟူ၍ဖြစ်၏။ယခုမူ ထုတ်ပြန်လိုက်သော ဥပဒေပုဒ်ထီး၊ပုဒ်မများသည် ၎င်းတို့၏စီးပွားရှာရာ ဥပဒေသများ ဖြစ်နေရသည်ကား ကျွန်ုပ်သည်ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဥပဒေတွေ နောက်ထပ်မတိုးလိုက်ပါနဲ့ တို့တတွေ ကြောက်တတ်တဲ့ အမျိုးမို့ သူ့အမေ……ဟူသော လေးချိုး ကြီးကိုသာ ပြန်လည်သတိရ ဖြစ်ချေသည်တမုံ့။