No Vote ဆိုတဲ့ မဲမပေးဘူးဆိုတဲ့ အခွင့်အရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ရွေးကောက်ပွဲကို မယုံလို့သော်လည်းကောင်း ကိုယ်မဲပေးချင်တဲ့ ပါတီ၊ လူ မရှိလို့သော်လည်းကောင်းဖြစ်နိုင်တယ်။ ဒါကို ထုတ်ဖော်ပြောဆိုတယ်ဆိုတာ အခြေခံ လူ့အခွင့်အရေးဖြစ်တယ်။ အခု ရွေး/ကာ ဥပဒေက ဒါကို အတိအလင်းချိုးဖောက်ထားတယ်။
၆ ၊ ဩဂုတ်လ။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ လုပ်မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကို နှောက်ယှက်၊ဟန့်တား ဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေး ဥပဒေကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့မှ ပြဌာန်းခဲ့ပါတယ်။
ဒီဥပဒေပါ ပြစ်မှုတခုခုကို ကျူးလွန်ခဲ့ပြီး တစုံတဦးသေဆုံးခဲ့မယ်ဆိုရင် သေဒဏ်အထိ ချမှတ်မယ်လို့ ရေးသားထားပါတယ်။
ဒီဥပဒေတွေထဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ( ရွေး/ကာ)ဟာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပြီး ဒီဥပဒေရဲ့ သက်ရောက်မှုက ဘာတွေလဲ။ ဘာကြောင့် ဒီဥပဒေကို ပြဌာန်းတာဖြစ်မလဲ။ ဘယ်အချက်တွေကို ပြည်သူတွေ သိထားသင့်တာလဲ စတာတွေနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတဦးဖြစ်သူ ဒေါ်ဇာလီအေး ကို DNA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး – စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ(ရွေး/ကာ)ရဲ့ ထူးခြားချက်တွေက ဘာဖြစ်မလဲ။
ဖြေ – ဒီဥပဒေထဲမှာ ထူးခြားချက်ကတော့ ပုဒ်မ ၁၆ ပဲ။ အဲ့ဒီမှာ မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏ တစိတ်တဒေသ ကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသား ဖြန့်ချိခြင်းတို့ကို မည်သည့် နည်းနှင့်မျှ မပြုရလို့ ပြဌာန်းထားတယ်။ ဒီပုဒ်မဟာ အရမ်းကျယ်ပြန့်တယ်။ လိုသလိုသုံးလို့ရတဲ့ ပုဒ်မမျိုးဖြစ်တယ်။
ဒီပုဒ်မအရ ကိုယ်က ဒီရွေးကောက်ပွဲမှာ မဲသွားမထည့်ဘူးလို့ ပြောမိရင်၊ “ ဒီရွေးကောက်ပွဲမှာ ငါတော့ မဲမပေးချင်ပါဘူးဟယ်။ ဒီရွေးကောက်ပွဲကို ငါမှမယုံတာ ” လို့ပြောမိရင် အဲ့စကားနဲ့ ကျွန်မကိုဖမ်းလို့ ရတယ်။ အဲ့ဒါကိုကြားလို့ တိုင်တဲ့သူရှိရင်ကို တရားစွဲထောင်ချလို့ရတဲ့ သဘောရှိတယ်။
မေး – ဒါဆိုရင် မဲ မပေးမနေရလိုမျိုး ဥပဒေက ကန့်သတ်ထားတာမျိုးလား။
ဖြေ – အဲ့လိုတော့ မဟုတ်ဘူး။ စကားလုံးအရ ပြဌာန်းချက်အရတော့ အဲ့လိုမျိုး တိုက်ရိုက်မပါဘူး။ မဲမပေးချင်ရင် မပေးနဲ့ပေါ့ နေလို့ရတယ်ပေါ့။ ဒါပေမယ့် မဲမပေးတဲ့ သက်ရောက်မှုဟာ ဥပဒေနဲ့မဟုတ်ဘဲ တခြားကနေ သွယ်ဝိုက်ပြီးလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ – အုပ်ချုပ်ရေးမှူးတွေက တဆင့်ပေါ့။
ဒီနေရာမှာ သေချာနားလည်ထားဖို့က No Vote ဆိုတဲ့ မဲမပေးဘူးဆိုတဲ့ အခွင့်အရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ရွေးကောက်ပွဲကို မယုံလို့သော်လည်းကောင်း ကိုယ်မဲပေးချင်တဲ့ ပါတီ၊ လူ မရှိလို့သော်လည်းကောင်းဖြစ်နိုင်တယ်။ ဒါကို ထုတ်ဖော်ပြောဆိုတယ်ဆိုတာ အခြေခံ လူ့အခွင့်အရေးဖြစ်တယ်။ အခု ရွေး/ကာ ဥပဒေက ဒါကို အတိအလင်းချိုးဖောက်ထားတယ်။ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း ဆိုတဲ့ စကားလုံးတွေဟာ လိုသလို သုံးလို့ရတဲ့ အဓိပ္ပါယ်၊ စကားလုံးတွေ ဖြစ်တယ်။ ဒါက မီဒီယာတွေကိုပဲ ဦးတည်ထားတာ မဟုတ်ဘူးပေါ့နော်။
မေး – ဒီ ဥပဒေက တကယ်ရော လိုအပ်ရဲ့လား။
ဖြေ – လိုအပ်ရဲ့လားလို့ပြောရင်တော့ ဥပဒေသမား တယောက်အနေနဲ့ ဒီဥပဒေက မလိုအပ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခခံ ဥပဒေရှိတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေလည်း ပြဌာန်းထားတယ် သူလည်းပြင်ထားတာတွေရှိတယ်ဆိုတော့ ဒီဥပဒေဟာ အပိုသက်သက်ပဲဖြစ်တယ်။
ပုံမှန်အခြေအနေမှာဆိုရင်လည်း ကျွန်မတို့က ရွေးကောက်ပွဲမှာ မဲပေးချင်တဲ့သူတွေကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ မိမိအလို အလျောက် နာကျင်စေခြင်း၊ မိမိအလိုအလျောက် အပြင်းအထန်နာကျင် စေခြင်းအတွက် ဟန့်တားခြင်း ဆိုတဲ့ ပြစ်မှုတွေအတွက် သက်ဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေ ရှိပြီးသား။ ပြီးတော့ ဒီပြစ်မှုတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့မှ မဟုတ်ဘူး ဒီတိုင်းကိုမှ လူတယောက်ကို လုပ်လို့မရတဲ့ ပြစ်မှုတွေ ဖြစ်တယ်။ မပြဌာန်းလို့လည်း ဘာမှမဖြစ်ဘူး။
မေး – မပြဌာန်းလည်း ဖြစ်တဲ့ ဥပဒေကို ပြဌာန်းတယ်ဆိုတာက ဘာကြောင့်ဖြစ်နိုင်လဲ။
ဖြေ – ခြိမ်းခြောက်ဖို့ပေါ့။ ပြည်သူတွေကို အကြောက်တရားထည့်ဖို့ပေါ့။ လက်ရှိမှာ ဒါတွေကို ကျူးလွန်နေတာက သူ(မင်းအောင်လှိုင်)ပဲလေ။
မေး – ဒီလို ရွေး/ကာ ဥပဒေတွေလိုမျိုး နိုင်ငံတကာမှာရော ရှိလား။
ဖြေ – မဲပေးချင်တဲ့သူကို နှောက်ယှက်ဟန့်တာမျိုးကိုတော့ နိုင်ငံတကာမှာလည်း လက်မခံဘူးပေါ့နော် ဥပဒေတွေရှိတယ်။ ဒါပေမယ့် ပုဒ်မ ၁၆ ကတော့ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ထားတာ ဖြစ်တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅၊ ဇွန်၊ ၁၈ရက်နေ့မှစ၍ ရွေးကောက်ပွဲနှင့် စပ်ဆိုင်သည့် ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း စသော ပြင်ဆင်သည့် ဥပဒေများ ပြဌန်းခဲ့ပါသည်။ အထွေထွေရွေးကောက်ပွဲကျင်းပပြီးမှသာလျှင် ထိန်းသိမ်းထားသည့် အစိုးရ အုပ်ချုပ်ရေးအာဏာအား ရွေးကောက်ခံအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပြီးနောက် အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင် အစရှိသည့် အာဏာများအား ခွဲဝေကျင့်သုံးကာ အပြန် အလှန်ထိန်းကျောင်းရမှာဖြစ်ပါသည်။
မေး – ၂၀၀၈ အရဆိုရင် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်လို့ရလား။
ဖြေ – ၂၀၂၀ မှာလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ရရှိလာတဲ့ မဲရေတွက်မှုမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး အာဏာထိန်းတယ်ပေါ့နော်။ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်အကြီးအကဲတွေကို ဖမ်းတယ်ပေါ့နော်။ နောက်ပြီး ၆ လ တကြိမ် သက်တမ်းတိုးရာကနေ ယာယီသမ္မတ(မင်းအောင်လှိုင်) ဖြစ်လာတယ်ပေါ့။
ဆိုတော့ အခုဖြစ်နေတဲ့ ပြဿနာတွေရဲ့ အစဟာ ရွေးကောက်ပွဲမှာ မဲမသမာဘူးဆိုတာကနေ စတာဖြစ်တာကြောင့် အမှန်တကယ် ရွေးကောက်ပွဲက တဆင့်ကောင်းမွန်တဲ့ ပြောင်းလဲမှုကို လုပ်ချင်တာဆိုရင် ငါတို့ စစ်တပ်ကတော့ ဘေးထွက်နေမယ်ဟေ့ မင်းတို့တွေ ရွေးကောက်ပွဲပြန်လုပ်ကြဆိုတာမျိုး လုပ်ရမှာပေါ့။ အခုကကျ လက်ရှိမှာလည်း ယာယီသမ္မတ လုပ်နေတယ် သူပြုပြင်ပြောင်းလဲနေတာတွေ အကုန်လုံးကို ဆက်စပ်ကြည့်လိုက်ရင် သူသမ္မတရာထူးရဖို့ ရွေးကောက်ပွဲလုပ်နေတာပဲလေ။ ဒါက အများမြင်သာတဲ့ ကိစ္စပဲ။
မေး – ဆရာမ အနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိဦးမလား။
ဖြေ – ရွေးကောက်ပွဲပြုလုပ်တဲ့အခါ မဲထည့်ခြင်း ရှိ၊ မရှိ ဆိုတာ လူတဦး တယောက်ချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်ပဲဖြစ်တယ်။ မဲထည့်ဝင်ခြင်းသည် နိုင်ငံသား တဦး၏ တာဝန်လို့ မှတ်ယူလို့ရတယ်။ သို့သော်၊ မဲထည့်ရန် ဆန္ဒသည် လွတ်လပ်ရမယ်၊ လေးစားပေးရမယ် ဒါဟာ ရွေးကောက် ပွဲပြုလုပ်ကျင်းပတဲ့သူတွေ ခြွင်းချက်မရှိ လေးစားလိုက်နာရမယ့် တာဝန်ဝတ္တရား ဖြစ်တယ်။
#အင်တာဗျူး #တရားလွှတ်တော်ရှေ့နေ #ဒေါ်ဇာလီအေး #Novote #လူ့အခွင့်အရေး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH