ဧရာဝတီတိုင်းမှာ အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက် ၃ ရာခိုင်နူန်းပိုများသလို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ လူဦးရေ ပိရမစ်မှာလည်း အသက် ၆၀ ကျော်လူတွေထဲမှာလည်း အမျိုးသမီးတွေဟာ သိသိသာသာကို ပိုမိုများပြားနေတယ်ဆိုတာကို တွေ့ရပါတယ်။
၂၅၊ ဇူလိုင်လ။
“ မနက် ၃ နာရီခွဲဆိုထရပြီ။ ချက်ပြုတ်ပြီး ၆ နာရီဆို မြက်ကောက်သွားပေါ့။ ညနေကျတော့တခါ စိုက်ပျိုးရေးခြံတွေထဲ အလုပ်ရှိရင်သွားပေါ့။ နေ့စားဆိုတော့ ၁ သောင်းရတယ် ” လို့ အသက် ၆၀ ရှိပြီ ဖြစ်တဲ့ ဒေါ်သန်းနွဲ့က ပြောပါတယ်။
တနေ့ဝင်ငွေ ကျပ်တသောင်းရဖို့ မနက် ၃ နာရီခွဲကနေ ည ၇ နာရီအထိ သူမရဲ့ တနေ့တာ အလုပ်ချိန်တွေ အကြောင်းကို ရှင်းပြနေတာပါ။
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ဒေါင့်ကြီးတိုက်နယ်၊ သဲကုန်းကျေးရွာထဲက သာသာထိုးထိုး ယိမ်းယိုင်နေတဲ့ ၁၂ တောင်ပတ်လည် တဲအိမ်လေးတလုံးထဲမှာ ဒေါ်သန်းနွဲ့ရယ် ၊ အသက် ၉၇ နှစ်အရွယ် မိခင်ဖြစ်သူရယ်၊ အသက် ၈၈ နှစ်အရွယ် အဒေါ်ဖြစ်သူရယ် နေထိုင်ကြပါတယ်။
ငယ်ရွယ်စဉ်က ထိခိုက်မိခဲ့တဲ့ ဒဏ်ကြောင့် ခါးနာရောဂါရှိနေတဲ့ မိခင်နဲ့ စိတ်ကျန်းမာရေး ချို့တဲ့နေသူ အဒေါ်တို့ကို စောင့်ရှောက်နိုင်ဖို့ ရသမျှအလုပ်တွေကို လုပ်ကိုင်နေရတယ်လို့ ဒေါ်သန်းနွဲ့က ပြောပါတယ်။
“ခုက အလုပ်ရှိနေချိန်ဆိုတော့ တော်သေးတာပေါ့။ အလုပ်မရှိတော့တဲ့ ကာလတွေကျရင် တော်တော်ခက်ခဲတာ။ ရပ်ရွာက ကျွေးရတဲ့နေ့တွေလည်း ရှိတယ် ” လို့ ဆိုပါတယ်။
လူသုံးယောက်စာ အတွက် တရက်ကို ငွေတသောင်းနဲ့ ဘယ်လိုသုံးလဲလို့ မေးကြည့်တဲ့အခါမှာ “ အမှန်တိုင်းပြောရရင် ငါးလေးရရင် ငါးဟင်းလေး ပါတယ်ပေါ့။ ပုံမှန်ကတော့ ငပိရည် အတို့မြုပ်ပေါ့ကွယ်။ လူကြီးတွေဆိုတော့ ဆန်လေးတော့ ကောင်းကောင်းစားရတယ်ပေါ့ ” လို့ ဖြေပါတယ်။
သဲကုန်းရွာ ဇာတိချက်ကြွေတွေ ဖြစ်ကြတဲ့ မိခင်ဖြစ်သူနဲ့ ဒေါ်သန်းနွဲ့တို့ဟာ သူတို့ရဲ့ တဘဝစာကို သဲကုန်းရွာမှာပဲ ရှင်သန်ဖြတ်သန်းခဲ့ကြတာပါ။လယ်ယာ လက်ငုတ်လက်ရင်း မရှိကြတဲ့အတွက် ဘောက်လုပ်ကြရပြီး ဝင်ငွေအတည်တကျ မရှိသလို ဆင်းရဲလွန်းတာကြောင့် ဒေါ်သန်းနွဲဟာ ငယ်စဉ်က ဒုတိယတန်းအထိပဲ ပညာသင်ကြားခွင့် ရခဲ့ပါတယ်။
ဒါအပြင် လက်ရှိအချိန်ထိ အိမ်ထောင်မရှိဘဲ အပျိုကြီးဘဝနဲ့ မိခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူတွေကို စောင့်ရှောက်ခွင့် ရတာဟာ ကံကောင်းခြင်းလို့ပဲ သူမက မှတ်ယူထားပါတယ်။
“ဒီအရွယ်ထိ အမေနဲ့နေရတယ်။ပြုစုခွင့်ရတယ် ဒါကောင်းတာပေါ့။ ကျန်တဲ့ နှစ်ယောက်ဆို သူတို့မိသားစုနဲ့ သူတို့တောင် မလည်ကြဘူးလေ ” လို့ ဒေါ်သန်းနွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ မိုးယိုနေတဲ့အိမ်ခေါင်မိုးကို ပြင်ဆင်ပေးတာမျိုး အပါအဝင် လိုအပ်တဲ့ စားသောက်နေထိုင်မှုတွေအတွက် ဇလွန်မြို့နယ် သွေးလှူရှင်များအသင်းက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိနေပေမယ့် ဒီလိုအကူညီမျိုးကို ခုမှ ပထမ ဦးဆုံးရဖူးတာလို့ ဒေါ်သန်းနွဲ့က ပြောပါတယ်။
ကိုယ်တိုင်လည်း အသက် ၆၀ နားနီးလာပြီမို့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလို နေရာမျိုးတွေကို စုံစမ်းကြည့်ဖူးလားလို့ မေးကြည့်တဲ့အခါမှာ ကိုယ့်မြေ ကိုယ့်ရေမှာပဲ ပျော်ပါတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းမှာပါတဲ့ အချက်အလက်တွေအရ ဧရာဝတီတိုင်းမှာ လူဦးရေ ၆ သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို စာရင်းဟာ ၃ သိန်း ၅ သောင်းကျော်ရှိပါတယ်။
ဧရာဝတီတိုင်းမှာရှိကြတဲ့ အမျိုးသမီး သက်ကြီးရွယ်အို အများစုဟာ တော်ရုံတန်ရုံ ဝေးဝေးလံလံ ခရီးသွားကြတာမျိုးမရှိဘဲ ရွာနဲ့ အိမ်ကို ချစ်မြတ်နိုးတွယ်တာ တတ်ကြသူတွေ ဖြစ်တယ်လို့ ဧရာဝတီတိုင်းမှာ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ မခင်(အမည်လွှဲ)က မှတ်ချက်ပြုပါတယ်။
“ ဒီမှာက အဘိုးကြီး အဘွားကြီးတွေ ဖြစ်သွားရင် စောင့်ရှောက်မယ့်သူ မရှိရင် ရပ်ရွာက စောင့်ရှောက်ပေးကြတော့ တော်ရုံဘယ်မှသွားစရာမလိုဘူး။ မသွားကြဘူးပေါ့။ ရေကြည်ရာ မြက်နုရာသွားကြတဲ့သူတွေ တခါတလေ ရွာပြန်ကြရင်လည်း ခဏခဏ မပြန်လာလို့ ဝိုင်းပြောတာမျိုး အဲ့လို ကိုယ့်ဒေသနဲ့ ကိုယ့်ရွာသားတွေကို ချစ်ခင်ကြတာ ” လို့ မခင်က ပြောပါတယ်။
ဒီလိုဖြစ်ရတာဟာ တဖက်မှာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာတွေကြောင့်လည်း ပါသလို လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတာကြောင့်လည်း ပါတယ်လို့ သူမက ဆက်ပြောပါတယ်။
ဧရာဝတီတိုင်းဟာ ဟိုးယခင်ကတည်းကနေ ခုအချိန်ထိ အမျိုးသားတွေက အမျိုးသမီးတွေထက် ပညာသင်ကြားခွင့် ပိုမိုမြင့်မားသလို အခြားဒေသတွေကို သွားရောက်အလုပ်လုပ်ကိုင်နူန်းမှာလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အခွင့်အရေးပိုရတဲ့ အနေအထားပါ။
“ အဓိက ပညာရေးမှာလည်း အမျိုးသားတွေကသာတယ်။ ခရီးသွားဖို့မှာလည်း ရေလမ်းကြောင်း ကုန်းလမ်းကြောင်းရောက သွားလာဖို့ ခက်ခဲတော့ အမျိုးသားတွေကိုပဲ သွားခိုင်းကြတာများတယ်။ အမျိုးသမီးတွေက လှေတို့ ကားတို့မြင်ရင်ကို မူးတယ်ဆိုပြီးဖြစ်နေတော့ အိမ်ကိုထိန်းသိမ်းပေါ့ဒါက ဓလေ့လိုဖြစ်နေတာ ” လို့ ဟင်္သာတမြို့နယ်မှာနေထိုင်တဲ့ လူမှုကူညီရေး တက်ကြွလှုပ်ရှားသူ ကိုစိုး (အမည်လွှဲ)က ရှင်းပြပါတယ်။
ဧရာဝတီတိုင်းမှာ အသက် ၅၀ နဲ့အထက်တွေရဲ့ ပညာရေးကို စိစစ်ထားရာမှာ မူလတန်းအဆင့်ထိ အမျိုးသမီးတွေ ကျောင်းတက်မှုနူန်းဟာ ၃ သိန်းနီးပါးရှိခဲ့ပြီး အမျိုးသားတွေကတော့ ၂ သိန်း ၄ သောင်းကျော်သာရှိခဲ့ပါတယ်။
ဒါပေမယ့် အလယ်တန်းအဆင့်ရောက်တဲ့အခါမှာတော့ အမျိုးသားတွေဟာ ၇ သောင်းကျော်နဲ့ အမျိုးသမီးတွေထက် ထက်ဝက်နီးပါး ပိုများတဲ့ အရေအတွက်နဲ့ အလယ်တန်းကို တက်ရောက်ခဲ့ကြရပြီး အထက်တန်းအဆင့်မှာလည်း လူဦးရေ ၂ သောင်းကျော်နဲ့ အမျိုးသမီးရဲ့ ထက်ဝက်ကျော်ပိုပြီး တက်ရောက်နိုင်ခဲ့ကြပါတယ်။
“ ပညာရေး ရရှိမှုကွာဟချက်ဟာ ကျေးလက်တွေမှာ အမျိုးသမီးတွေကို ပိုတွေ့နေရတာနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ ဘယ်လိုအမျိုးသမီးတွေ များနေတာလဲဆိုတာက အဲ့ဒီအမျိုးသမီးတွေ ပညာရေးကို ဘယ်လိုရရှိခဲ့ကြတာလဲဆိုတာကို တွက်လို့ရပါတယ် ” လို့ မခင်က ဆိုပါတယ်။
ဒါကြောင့် ဧရာဝတီတိုင်းမှာ အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက် ၃ ရာခိုင်နူန်းပိုများသလို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ လူဦးရေ ပိရမစ်မှာလည်း အသက် ၆၀ ကျော်လူတွေထဲမှာလည်း အမျိုးသမီးတွေဟာ သိသိသာသာကို ပိုမိုများပြားနေတယ်ဆိုတာကို တွေ့ရပါတယ်။
အသက် ၄၀ အောက်စာရင်းမှာ အမျိုးသား၊ အမျိုးသမီး ကွာခြားချက် သိပ်မရှိပေမယ့် အသက် ၄၀ အထက်ကစပြီး အမျိုးသမီးဦးရေ ပိုများလာတာကို တွေ့ရပြီး အသက် ၆၀ ကျော်အရွယ်မှာတော့ သိသိသာသာကို ကွာခြားသွားခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာဟာ အမျိုးသားတွေဟာ အရက်ကြောင့် စောစောစီးစီး ကွယ်လွန်သွားကြတာမျိုးတွေရှိသလို ရေကြည်ရာမြက်နုရာမှာ အခြေချနေထိုင်ဖို့ ပြောင်းရွေ့သွားကြတာတွေကြောင့် ဖြစ်တယ်လို့ ကိုစိုးက မှတ်ချက်ပြုပါတယ်
ဧရာဝတီတိုင်းအတွင်းက အမျိုးသမီးအချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ DNA သတင်းဌာနရဲ့ သတင်းခန်း အချက်အလက်တွေအရ ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်ကြရတဲ့ သားသမီးတွေရဲ့ ရင်သွေးတွေကို ထိန်းကျောင်းရင်း ရွာမှာပဲ အိမ်စောင့်ကျန်ခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေ ၊ စစ်မှုထမ်းရှောင်နေကြရတဲ့ သားတွေအတွက် ရရာအလုပ်ရှာဖွေလုပ်ကိုင်ပြီး ထောက်ပံ့နေရသူတွေ၊ အမျိုးသား နဲ့ သားသမီးတွေက ရေကြည်ရာ မြက်နုရာမှာ အလုပ်လုပ်ကိုင်ကြတဲ့အခါ အိမ်စောင့်ကျန်ခဲ့ရသူတွေရဲ့ အခက်အခဲတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုများပြားလာနေပါတယ်။
“ အခုဆိုပိုဆိုးပေါ့။ ရွာတွေသွားလိုက်ရင် ယောက်ကျားတွေ သိပ်မတွေ့ရဘူး။ လူငယ်တွေက တခြားမှာ အလုပ်သွားလုပ်ကြ။ ကျန်ခဲ့တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေချည်းပဲ။ အဲ့မှာဆိုလည်း အမျိုးသမီးတွေကများတယ်။ ဒီတိုင်းအမြင်နဲ့တင်ကို သိနိုင်တယ် ” လို့ မခင်က ပြောပါတယ်။
ဒေါ်သန်းနွဲ့ကတော့ သဲကုန်းတဝိုက် အလုပ်လိုက်လုပ်တာကလွဲရင် ဘယ်ဒေသကိုမှ မရောက်ဖူးသလို ဘယ်ကိုမှလည်း မသွားရဲဘူးလို့ ဆိုပါတယ်။
“ ဒီမှာမွေး၊ ဒီမှာကြီး ဒီမှာပဲ ကိုယ့်သင်္ချိုင်းရှိတယ်လို့ တွေးထားတယ်။ အမေတို့ကိုလည်း ကုနိုင်ရင်ကုမယ် မကုနိုင်တော့လည်း မတတ်နိုင်ဘူး ကံပေါ့ ” လို့ ဒေါ်သန်းနွဲ့က ပြောပါတယ်။
ဧရာဝတီတိုင်းထဲက သက်ကြီးရွယ်အို ၃ သိန်းကျော်မှာ အခုလိုမျိုး ကံကိုပုံချထားပြီး ရှိရင်စားမယ်၊ မရှိရင် မစားဘူး။ ဆေးကုဖို့ရှိရင်ကုမယ်၊ မရှိရင် မကုဘူးဆိုတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတွေ ဘယ်လောက်ရှိနေလဲ ဆိုတာကတော့ လက်ရှိအချိန်မှာ စာရင်းကောက်ဖို့ မလွယ်ကူနိုင်ပါဘူး။
အရင်လို သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးမယ့် ရပ်ရွာထဲက လူငယ်တွေဟာလည်း အထွေထွေကြပ်တည်းမှုတွေအပြင် စစ်မှုထမ်း ဥပဒေတွေကြောင့် ကိုယ့်ဒေသမှာ ကိုယ်မနေနိုင်တော့ချိန်မှာ သူတို့ဘယ်လို ရပ်တည်ရှင်သန်ကြမှာပါလဲ။
ဒေါ်သန်းနွဲ့ကတော့ သူနဲ့ သူ့မိခင်၊ သူ့အဒေါ်တွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်တာမျိုးတွေ မရှိတဲ့အခါမှာ “ ငတ်လို့သေတယ်ဆိုတာတော့ ကြီးကြီးတို့ အရင်က မကြားဖူးဘူးပေါ့။ ခုကတော့ ငတ်လို့ သေတော့လည်း သေရုံပေါ့ ”လို့ ပြောပါတယ်။