ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့အနီးက တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၁၆ မှာ တာဝန်ကျနေတဲ့ ရဲဘော်သုံးဦးဟာ ဟင်္သာတခရိုင်အခြေစိုက် ရိုးမဧရာ တော်လှန်ရေးတပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာပါတယ်။
“ဇွန်လ နောက်ဆုံးပတ်မှာ ကျွန်တော်တို့ အဖွဲ့နဲ့ ချိတ်ဆက်ပြီး ရောက်လာတာ။ကောင်းကောင်းမွန်မွန်ထားပြီး စောင့်ကြည့်လေ့လာနေပါတယ်။ သူတို့ကတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စကစကို ပြန်တိုက်မယ်လို့ သဘောထား ပေးပါတယ်”လို့ ရိုးမဧရာအဖွဲ့ တာဝန်ရှိသူက DNA ကို ပြောပါတယ်။
ရိုးမဧရာအဖွဲ့ဆီကို အလင်းဝင်ရောက်လာကြသူတွေဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရဲဘော်သစ် စုဆောင်းခံခဲ့ရသူတွေ ဖြစ်ပြီး ရဲဘော်စည်သူအောင်(၊တပ်ရင်း ၃၆၃)၊ ရဲဘော်ဖြိုးဝေဦး (တပ်ရင်း ၅၉၅)၊ရဲဘော်နန္ဒ(တပ်ရင်း၅၉၅)တို့ ဖြစ်ကြပါတယ်။
“သူတို့က လက်နက်အတူ ထွက်ပြေးလာတာ၊ဒါပေမယ့် လမ်းခရီး အခက်အခဲကြောင့် တပါတည်းတော့ ယူမလာနိုင်ကြဘူး”လို့ ရိုးမဧရာတာဝန်ရှိသူက ပြောပါတယ်။ ကပစ ၁၆ ကထွက်ပြေးခဲ့ချိန်မှာ MA 3 အမျိုးအစား သေနတ် ၃ လက်နဲ့ အတူ ၅.၅၆ မမ အမျိုးအစား ကျည်ဆံတွေနဲ့အတူ တခြားဆက်စပ် ပစ္စည်းတချို့ပါ ယူဆောင်လာခဲ့ပြီး စိတ်ချလုံခြုံတဲ့ နေရာတွေမှာ ဖွက်ထားခဲ့တယ်လို့ သိရပါတယ်။
ကပစ(၁၆)ဟာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ်ထဲက ဥသျှစ်ပင်မြို့အနီး မသုန်ကျေးရွာအနားမှာ ရှိတာပါ။ အဓိက အားဖြင့် အက်ဆစ်အမျိုးမျိုး နဲ့ ယမ်းချက်တဲ့ စက်ရုံတခုဖြစ်ပါတယ်။ ယမ်းကို အဓိကထား ချက်တဲ့ စက်ရုံတခု ဖြစ်တဲ့ ဥသျှစ်ပင် ကမြိုင်ရွာမှာ ရှိတဲ့ ကပစ(၅)နဲ့လည်း တဆက်တည်း တည်ရှိနေတာ ဖြစ်ပါတယ်။