ရဲဘော်သုံးကျိပ်ဆိုတာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ နယ်ချဲ့အင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ဦးစွာတည်ထောင်ခဲ့သူများ ဖြစ်ပါတယ်။ဖက်ဆစ်ဂျပန်ကို မောင်းထုတ်ရာမှာလည်း ဦးဆောင်တော်လှန်ခဲ့သူများဖြစ်ပါတယ်။
၁၀၊ဇူလိုင်လ။
ရဲဘော်သုံးကျိပ်ထဲက ဧရာဝတီမြစ်ဝကျွန်းပေါ်သားတဦးနဲ့ မိတ်ဆက်ပေးပါရစေ။
ဗိုလ်ဗလ ကို ၁၇ မတ်၁၉၁၇မှာ မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာမှာ ဦးကျော်ဟန်၊ ဒေါ်သိန်း တို့မှ ဖွားမြင်ပြီးဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်။ အမည်ရင်းမှာ ကိုသန်းရင် ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး နောက် သခင်ထွန်းလွင် ဖြစ်လာခဲ့ပါတယ်။လပွတ္တာအစိုးရအထက် တန်းကျောင်းမှာ သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
၁၉၃၈ ခုနှစ်မှာ မြောင်းမြစီရင်စု တို့ဗမာ အစည်းအ ရုံးသို့ ဝင်ရောက်ခဲ့ပါတယ်။ ၁၉၃၈ သာယာဝတီ တို့ဗမာ အစည်းအရုံး ညီလာခံတွင် မြောင်းမြခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ထိုညီလာခံမှာ သခင်ထွန်းလွင်ဟာ တို့ဗမာအစည်းအရုံးဌာနချုပ်အလုပ်အမှုဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။
ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်တဲ့ စတုတ္ထအသုတ် မြန်မာမျိုးချစ်လူငယ်များနဲ့အတူ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်မှာ ကိုရီယုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၂ ဇူလိုင် ၁၉၄၁ မှာ ရှန်ဟိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ ၂၄ ဇူလိုင် ၁၉၄၁ ခုနှစ်မှာ ရှန်ဟိုင်းမှ လေယာဉ်ပျံဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါစကီး မြို့အနီးရှိ ရေတပ်စခန်း သို့ရောက်ရှိခဲ့ပါတယ်။ ဟိုင်နန်ကျွန်းနှဲ့တိုင်ဝမ်ကျွန်းတို့မှာ စစ်ပညာများ သင်ကြားခဲ့ပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ထားဝယ်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလမှာ ဗိုလ်ဗလ ဦးစီးတဲ့ တပ်ရင်း(၇)ဟာ ရှေ့တန်း စစ်ဦးစီးဌာန ချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိပြီး တိုင်း(၆) နှင့် တိုင်း(၇) ဒေသအတွင်း ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ခဲ့ပါတယ်။
၁၉၅၈ ခုနှစ်မှာ တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲမှာသန့်ရှင်းဖဆပလ အမတ်လောင်း အဖြစ် ချောက်မြို့ မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။
၁၉၇၄ ခုနှစ်မှာ လွတ်လပ်ရေး ခရီးတစ်ထောက် စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်ဧပြီလ ၁၁ရက်နေ့ ကြေးမုံသတင်းစာမှာ “ရဲဘော် သုံးကျိပ် ၃၄ နှစ် ခရီး” ဆောင်းပါးကို ရေးသားခဲ့ပါတယ်။
ဗိုလ်မှူးဗလဟာ မန္တလေး ပန်းချီကျောင်းအုပ်ဟောင်းနဲ့ မြို့ပိုင် ဦးမောင်မောင် ကြီး၊ ဒေါ်စိမ်းမြတို့ရဲ့ သမီး ဒေါ်ခင်ခင်ပြုံးနှင့် ၁၉၄၂-ခုနှစ်တွင် လက် ထပ်၍ သမီးခြောက်ယောက်ထွန်းကားခဲ့ပါတယ်။ဗိုလ်မှူးဗလဟာအသက်(၈၂) နှစ် အရွယ် ၁၉၉၈-ခုနှစ် နိုဝင်ဘာလ(၁)ရက်၊ တနင်္ဂနွေနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဗိုလ်ဗလဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် မော်ကွန်းဝင် တံဆိပ်၊နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်ဆုတံဆိပ်တို့
ရရှိခဲ့ပါတယ်။
#မော်လမြိုင်ကျွန်း #ရဲဘော်သုံးကျိပ် #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH