“တောနင်းတုန်း စောင့်ပစ်တာခံလိုက်ရတယ်လို့ ထင်တာပဲ။ လက်နက်ကြီးပစ်သံတွေမကြားရတာကလည်း သူ့ (စကစ) လူတွေတောထဲမှာ တောနင်းနေလို့ မပစ်တာလို့ထင်ရတာပဲ” လို့ အမြောက်တပ် ၃၄၄ အနီးမှာ နေထိုင်သူက ပြောပါတယ်။
၉၊ဇူလိုင်လ။
ရေကြည်မြို့နယ် ၊ အမြောက်တပ် ၃၄၄ ထဲကနေ ဒဏ်ရာရရှိနေတဲ့ စစ်သားတွေကို ဇူလိုင်လ ၈ ရက် ညနေပိုင်းက ဂွ – ငသိုင်းချောင်းလမ်းပိုင်းအတိုင်း ငသိုင်းချောင်းမြို့ကို အိမ်စီးကားတွေနဲ့ ခေါ်လာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ သုံးနာရီလောက်က ပတ်တီးတွေစီးထားတဲ့ ဒဏ်ရာရနေတဲ့စစ်သားတွေကို သယ်သွားတာ ။ ဂျစ်ကားလို ကားအသေးလေးနဲ့” လို့ ငသိုင်းချောင်းမြို့မှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။ ကားပေါ်မှာတော့ ဒဏ်ရာရထားပြီး ပတ်တီးစီးထားတဲ့ စစ်သား ၆ ယောက်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အမြောက်တပ် ၃၄၄ အနီးအနားမှာ ဒီရက်ပိုင်းတိုက်ပွဲဖြစ်ပွားတာတွေ မရှိတဲ့အပြင် လက်နက်ကြီးပစ် ခတ်တဲ့အသံတွေကိုလည်း မကြားရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာရစစ် သားတွေကိုတော့ ဒေသခံတွေက မြင်တွေ့လိုက်ရပါတယ်။
“တောနင်းတုန်း စောင့်ပစ်တာခံလိုက်ရတယ်လို့ ထင်တာပဲ။ လက်နက်ကြီးပစ်သံတွေမကြားရတာကလည်း သူ့ (စကစ) လူတွေတောထဲမှာ တောနင်းနေလို့ မပစ်တာလို့ထင်ရတာပဲ” လို့ အမြောက်တပ် ၃၄၄ အနီးမှာ နေထိုင်သူက ပြောပါတယ်။
စစ်ကောင်စီဟာ ဇူလိုင်လ ၄ ရက် ညနေပိုင်းက အမြောက်တပ် ၃၄၄ ထဲကို စစ်ကူအင်အား ၂၀၀ ကျော် ဖြည့်ဆည်းခဲ့ပါတယ်။ အမြောက်တပ် ၃၄၄ ထဲက အမြောက်အချို့ကို ကျုံပျော်မြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ၃၆ ဆီကို ရွှေ့ပြောင်းခဲ့ပြီးနောက် အခုလိုမျိုးစစ်ကူတွေ မကြာခဏဖြည့်ဆည်းခဲ့တာပါ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အနောက်ဘက်ပိုင်းမှာ တိုက်ပွဲသံတွေ မကြားရပေမယ့် ရေကြည်မြို့ နယ်အပိုင် အမြောက်တပ် ၃၄၄ မြောက်ပိုင်းနဲ့ လေးမျက်နှာမြို့နယ် အနောက်ပိုင်းမှာတော့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။
ဇူလိုင်လပထမအပတ်ထဲမှာ လေးမျက်နှာမြို့နယ်အတွင်းက ပန်းတောကြီးကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲကျပြီး သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို အင်္ဂပူမြို့နယ်ထဲက ရခိုင်ကုန်းဒေသမှာ သဂြိုလ်ပါတယ်။