ဧရာဝတီသား သားအဖ လေးဦး ထားဝယ်မှာ လက်နက်ကြီးထိမှန် သေဆုံး


“ဧရာဝတီတိုင်းဘက်ကလို့ပဲသိရတယ်၊ သူတို့က ဒီမှာ ဝါးတွေဘာတွေခုတ်စားတာ၊ ဒဏ်ရာရတဲ့တယောက်လည်း စိုးရိမ်ရတယ်၊ လက်တဖက်ပြတ်ပြီး ဒဏ်ရာတော်တော်ရထားတယ်တဲ့” လို့လည်း မရမ်းချောင်းရွာခံက ပြောပါတယ်။

၉၊ ဇူလိုင်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်မှာ သားအဖလေးဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝ ယ်ခရိုင် ပြန်ကြားရေးဌာန ထုတ်ပြန်ထားပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ဧရာဝတီ တိုင်းကနေ လာရောက်အလုပ်လုပ်နေသူတွေလို့ သိရပါတယ်။

မနေ့ ဇူလိုင်လ ၈ ရက်၊ ညနေ ၅ နာရီလောက်မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၂၈၂ ကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် ကော့လှိုင်ရွာနဲ့ မရမ်းချောင်းရွာကြားရှိ ဥယျာဥ်ခြံတခုအတွင်း ကျရောက်ပေါက်ကွဲပြီး အခုလို ထိမှန်သေဆုံးသွားခဲ့တာပါ။

“တိုက်ပွဲမရှိဘူး၊ ဒီအတိုင်းပဲ လျှောက်ပစ်တာ၊ လက် နက်ကြီး နှစ်လုံးပစ်တယ်၊ တလုံးတော့မကွဲဘူး၊ အိမ်နားကျတဲ့ တလုံးက ကွဲတာ၊ အိမ်ဘေးကိုတောင်ကျတာ၊ လူစုံနေတဲ့အချိန်နဲ့လည်း တိုက်သွားတာ” လို့ မရမ်းချောင်းရွာခံတဦးက DNA ကို ပြောပါတယ်။

အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဥယျာဥ်ခြံထဲက တဲအိမ်မှာရှိနေတဲ့ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးအေးခိုင်နဲ့ အသက် ၁၁ နှစ်၊ ၂ နှစ်ခွဲ၊ ၁ နှစ် အသီးသီးရှိကြတဲ့ သားသမီး သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်ဝင်းပပကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူ့ကိုတော့ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်ဌာနချုပ်ရဲ့ဆေးရုံမှာ ဆေးရုံတင်ထားတယ်လို့လည်းဆိုပါတယ်။

အခုလို သေဆုံးဒဏ်ရာရသူ မိသားစုဝင်တွေဟာ ဧရာဝတီတိုင်းထဲကလို့သာ သိရပြီး နေရပ်လိပ်စာအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“ဧရာဝတီတိုင်းဘက်ကလို့ပဲသိရတယ်၊ သူတို့က ဒီမှာ ဝါးတွေဘာတွေခုတ်စားတာ၊ ဒဏ်ရာရတဲ့တယောက်လည်း စိုးရိမ်ရတယ်၊ လက်တဖက်ပြတ်ပြီး ဒဏ်ရာတော်တော်ရထားတယ်တဲ့” လို့လည်း မရမ်းချောင်းရွာခံက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ကော့လှိုင်ရွာက ဒေသခံတွေကပဲ သင်္ဂြုဟ်ဖို့ စီစဥ်ဆောင်ရွက်ပေးနေပြီး သင်္ဂြိုဟ်လိုက်ပြီလားဆိုတာကိုတော့ မသိရသေးပါဘူး။

KNU ဘက်ကတော့ ကလေးငယ်များပါ သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေမှာတော့ သေဆုံးသွားတဲ့အထဲပါတဲ့ အသက် ၁ နှစ်ခန့်ရှိ ကလေးငယ်ဟာ လက် နက်ကြီးထိမှန်လို့ ခန္ဓာကိုယ် နှစ်ပိုင်းပါ ပြတ်ထွက်သွားခဲ့ပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ခလရ ၂၈၂ အပါအဝင် ရေဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတွေကနေ နှစ်ဖက်တိုက်ပွဲမရှိပေမယ့်လည်း အနီးအနားတဝိုက်ကို လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။