အုန်းတံမြက်စည်းလုပ်ငန်း ကုန်ကြမ်း ရှားပါးလာ

“အဓိကကျတဲ့ ကုန်ကြမ်းက ရှားလာတယ်။ သယ်ယူစရိတ်တွေက မြင့်လာတယ်။ ပြီးတော့ ရခိုင်ရိုးမထဲက ဝါး ထုတ်တဲ့ အခါမှာလည်း စစ်တပ်က စစ်ကြောင်းတွေထိုးနေတော့ အဓိကကျတဲ့ ကုန်ကြမ်းက ပြတ်လာတယ်။

၇၊ဇူလိုင်လ။

ဧရာဝတီတိုင်း အတွင်း က ပုသိမ် ၊သာပေါင်း၊ ငပုတော မြို့နယ်တွေက ထုတ်လုပ်ပြီး နိုင်ငံအဝှမ်း ကို ဖြန့်ချိရောင်းချနေတဲ့ အုန်းတံမြက်စည်း လုပ်ငန်းမှာ ကုန်ကြမ်းပစ္စည်း ရှားပါးလာတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဧရာဝတီတိုင်းအတွင်း  တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ရိုးမ တောင်ခြေဧရိယာတွေနဲ့ မြို့ပေါ်ဆက်သွယ်ရေး လမ်းတွေကို စစ်တပ်က  လုံခြုံရေး တင်းကြပ်ထားတာကြောင့် အုန်းတံမြက်စည်း လုပ်ငန်းမှာ အဓိကကျတဲ့ အုံးတံ နဲ့ ဝါး ကုန်ကြမ်းပစ္စည်းတွေ  ထုတ်လုပ်သယ်ဆောင်ရာမှာ အခက်အခဲ ဖြစ်နေရတာပါ။

“အဓိကကျတဲ့ ကုန်ကြမ်းက ရှားလာတယ်။ သယ်ယူစရိတ်တွေက မြင့်လာတယ်။ ပြီးတော့ ရခိုင်ရိုးမထဲက ဝါး ထုတ်တဲ့ အခါမှာလည်း စစ်တပ်က စစ်ကြောင်းတွေထိုးနေတော့ အဓိကကျတဲ့ ကုန်ကြမ်းက ပြတ်လာတယ်။ အခြား ကုန်ဈေးနှုန်းတွေကလည်း တက်လာတော့ တံပြက်စည်း ကုန်ချောဈေးကလည်း တက်လာတာပေါ့” လို့ အုန်းတံမြက်စည်း ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦးက  DNA  ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ပင်လယ်ကမ်း‌ခြေဒေသက အုန်းတောတွေ ၊ ရခိုင်ရိုးမ အနီးရှိ ဝါးထွက်တဲ့  သာပေါင်း ၊ ငပုတော ၊ ပုသိမ် မြို့နယ်တွေက  ဝါးတောတွေ နဲ့  ရွှေမြင်တင် ဝါးယား ချောင်းဒေသက ဝါးတောတွေ ပြုန်းတီး လာတာကြောင့်လည်း အဓိကုန ကြမ်းဖြစ်တဲ့ အုန်းတံ နဲ့ ထီးရိုးဝါးတွေ ရှားပါးလာပါတယ်။

အုန်းတံမြက်စည်း ထုတ်လုပ်ရာ မှာ ကုန်ကြမ်း အဖြစ်ပါဝင်တဲ့ ၊ထီးရိုးဝါး အုန်းတံ ၊ကော်ကြိုး နဲ့ဆိုး(ရော်ဘာ)ပြားတွေကို  အသုံးပြုကြရာမှာ  အုန်းတံနဲ့ ထီးရိုးဝါးတို့က အဓိက အကျဆုံး ကုန်ကြမ်းပစ္စည်းတွေ ဖြစ်ပါတယ်။

အုန်းတံမြက်စည်း လုပ်ငန်းဟာ ဒေသတွင်း ထွက်ကုန်တွေနဲ့ ထုတ်လုပ်တာဖြစ်ပြီး အုန်းတံမြက်စည်း လက်လှဲအတို ၊ စည်ပင်သာယာသုံး  နဲ့  အချောအရှည် ခေါင်းအကွပ်ပါဆိုပြီး အမျိုးအစား ၃မျိုး ထုတ်လုပ်ပါတယ်။

ကုန်ကြမ်းပစ္စည်း ပြတ်လပ်လာတာကြောင့် လက်လှဲအတို တချောင်း ကို ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် ၊ စည်ပင်သာယာသုံး  တချောင်းကို ၁၀၀၀ ကျပ်ကနေ ၂၀၀၀ ကျပ် ၊ အချောအရှည်ခေါင်း အကွပ်ပါတချောင်းကို ၁၅၀၀ ကျပ်ကနေ  ၃၀၀၀ ကျပ် အထိ ရောင်းဈေးမြင့်သွားပါတယ်။

“ ရိုးရာလက်မှုပညာ လုပ်ငန်းပါ။ အရင်းအနှီး မြုပ်နိုင်ရင်တော့ အကျိုး ပိုဖြစ်တယ်။ ဒါပေမယ့် အခြေခံအကျဆုံး ဖြစ်တဲ့ အုန်းတံနဲ့ ထီးရိုးဝါး ကိုသိုလှောင်ဖို့ဆိုတာ ဂိုထောင်လိုမျိုး၊ နေရာခြံဝင်းလိုမျိုးကအစ လိုအပ်တယ်။ အဲ့ဒီလို  အရင်းအနှီးမျိုးက မတတ်နိုင်ဘူး။ စစ်တပ် အာဏာသိမ်းပြီး ကတည်းက အရပ်ရပ် ကုန်ဈေး နှုန်းတွေ ကတက် ၊ လုပ်ငန်း အခွန်တွေ ဘာတွေကလည်း အမျိုးမျိုးကောက်ဆိုတော့ ကြပ်တည်းတယ်”လို့ အသက် ၄၅ နှစ်အရွယ် အုန်းတံမြက်စည်း ရက်လုပ်သူ အမျိုးသမီး တဦးကရှင်းပြပါတယ်။

ကုန်ကြမ်း ပစ္စည်းတွေရှားပါးလာပြီး  အထွေထွေ ဝန်ဆောင်မှု စရိတ်တွေ မြင့် တက်လာတာကြောင့် တနိုင်တပိုင် လုပ်ကိုင်သူများ အနေနဲ့ ယခင်က ကုန်ကြမ်း မှာယူ သို‌လှောင်ပြီး ကိုယ်တိုင် ထုတ်လုပ်ရောင်းချခဲ့ကြပေမယ့် ယခု အခါ မှာတော့ ကုန်ကြမ်း ကုန်ချော သိုလှောင်ရောင်းချတဲ့ ဒိုင်တွေ ကနေ ကုန်ကြမ်းယူ ကုန်ချော ပေး လက်ခစား စနစ် နဲ့ လုပ်ကိုင်ရတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။

အုန်းတံမြက်စည်း လုပ်ရာမှာ အုန်းတံသင်၊ ထီးရိုးဝါးဖြတ်ပြီး အခြောက်လှန်း တံမြက်စည်း ခေါင်းရက်ဆိုကာ လုပ်ငန်းအဆင့်ဆင့် ရှိပြီး လုပ်ငန်းကျွမ်းကျင်သူ နှစ်ဦးလုပ်ပါက တနေ့ကို အုန်းတံမြက်စည်း အချောအရှည် အချောင်း ၅၀ ပြီးစီးရင် လုပ်အားခ(လက်ခ) တသောင်းရှစ်ထောင်ကျပ် ရရှိပါတယ်။

အုန်းတံမြက်စည်းကို ပုသိမ်မြို့ ရှိ ရာမညရပ်ကွက်ကအ များဆုံးထုတ်လုပ်ပြီး ပုသိမ်မြို့အပြင် သာပေါင်း နဲ့  ငပုတော မြို့နယ် အတွင်းက ကျေးလက်ဒေသ အချို့ကလည်း ထုတ်လုပ်သလို  ဧရာဝတီတိုင်း အတွင်း ဈေးကွက်ကို ပုသိမ်မြို့ အုန်းတံမြက်စည်း ရောင်းဝယ်ရေးဒိုင်တွေက ရောင်းချပါတယ်။ မြန်မာပြည်အနှံ့ကိုတော့ ရန်ကုန်ဈေးကွက်ကို ပေးပို့ပြီး တဆင့် ရောင်းချကြပါတယ်။