ကန်ကြီးထောင့် ၊ သဘော့ငူမှာ စစ်မှုထမ်းကြေး လစဉ်ပေးနေရလို့ ဒေသခံတွေ စီးပွားရေးကြပ်တည်း

“နှစ်ယောက် မဲပေါက်တာ ၊ နှစ်ယောက်စလုံး သေတယ်။ ရခိုင်မှာ သေတယ်လို့တော့ကြားတယ်။ အလောင်းလည်း ပြန်မရဘူး ၊ ရွာမှာ ရက်လည်တောင် လုပ်ခွင့် မပေးလို့ မလုပ်လိုက်ကြရဘူး”လို့ သဘော့ငူကျေးရွာအုပ်စုအတွင်း နေထိုင်သူ အမျိုးသမီးတဦးက DNA ကိုပြောပါတယ်

၁၊ဇူလိုင်လ။

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ၊ သဘော့ငူကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီး လစဉ်ပိုက်ဆံကောက်ခံမှုတွေ လုပ်နေတဲ့အတွက် ကျေးရွာအုပ်တွင်းမှာ နေထိုင်ကြသူတွေ စီးပွားရေး အကြပ်အတည်းတွေ့နေကြရပါတယ်။

“ပိုက်ဆံမရှိတဲ့အိမ်ကတော့လကုန်ရင်30000ရဖို့အတွတ်ပေါင်နှံပြီးရှာပေးရတာပေါ့မပေးရင်လည်းစစ်မူထမ်းမလားဆိုပြီးအတင်းပြောဆိုတယ်ကိုယ်သားသမီးမပါဖို့ပေးနေရတယ်။သူတို့ပြောနေတဲ့ စကားကို ခေါင်းငုံပြီး နာထောင်ရတာပေါ့”လို့ သဘော့ငူကျေးရွာအုပ်စုအတွင်း နေထိုင်သူ တဦးက သူတို့အခြေအနေကို ရှင်းပြပါတယ်။

သဘောငူကျေးရွာအုပ်စုဟာ ကန်ကြီးထောင့်မြို့နဲ့  ငါးမိုင်ကျော်သာ ကွာဝေးပြီး ပုသိမ်မြစ် အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ သဘော့ငူ၊ဖားစည်ကွင်း၊ကွမ်းခြံစု၊လက်ခုတ်ပင်၊ရေသိုးကုန်း၊သဘော့ချောင်း၊ငှက်ကြီးသိုက်၊တောင်ရိုးကြီး စတဲ့ကျေးရွာ ၈ ရွာပေါင်းပြီး သဘော့ငူကျေးရွာအုပ်စုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး အုတ်ချုပ်ရေးမှူး အဖြစ် ဦးကျော်တင့်ဝေက တာဝန်ယူထားတာ ဖြစ်ပါတယ်။ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်ဝေက စစ်ထွက်တယောက်လို့ သိရပြီး စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ လောက်ကမှ ရွာကို ပြန်ရောက်လာတာလို့  ဒေသခံတဦးက ပြောပါတယ်။

ဘယ်တပ်ကလည်း ဆိုတာတော့မသိဘူး ။ ဆေးပင်စင်နဲ့တော့ ထွက်တယ်လို့ပဲ ကြားမိပါတယ်”လို့ ဆိုပါတယ်။ သဘော့ငူကျေးရွာအုပ်စုအတွင်း နေထိုင်သူတွေကတော့ အုပ်ချုပ်ရေးမှူး  ဦးကျော်တင့်ဝေ နဲ့အဖွဲ့က စစ်မှု့ထမ်းကနေ ကောက်ခံရနေတဲ့ ငွေတွေကို ကိုယ်ကျိုးအတွက် သုံးနေတယ်လို့လည်း ယုံကြည်နေပါတယ်။ ဒါပေမယ့် DNA အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

“ဆိုင်ကယ်တွေဆို တစီးပြီးတစီး ပြောင်းစီးတာ၊အခုနောက်ဆုံး စီးတာဆို PCX ဆိုတဲ့ အကောင်းစားကြီး”လို့ ဦးကျော်တင့်ဝေရဲ့ အခြေအနေကို ဖားစည်ကွင်း ကူးတို့ဆိပ် အနီးတွင် နေထိုင်သူတဦးက ပြောပါတယ်။

ကျေးရွာအုပ်စုအတွင်းမှာ အစောပိုင်းကာလက စစ်မှုထမ်းဖို့အတွက် မဲနှိုက်ပြီး မဲပေါက်သူ ၂ ဦးကို စစ်ထဲသွင်းခဲ့ပြီး သိပ်မကြာခင်မှာ ရခိုင်ရှေ့မျက်နှာ ရှေ့တန်းကို ခေါ်သွားခံရပြီး တိုက်ပွဲကျသွားတယ်လို့ သိရပါတယ်။

“နှစ်ယောက် မဲပေါက်တာ ၊ နှစ်ယောက်စလုံး သေတယ်။ ရခိုင်မှာ သေတယ်လို့တော့ကြားတယ်။ အလောင်းလည်း ပြန်မရဘူး ၊ ရွာမှာ ရက်လည်တောင် လုပ်ခွင့် မပေးလို့ မလုပ်လိုက်ကြရဘူး”လို့ သဘော့ငူကျေးရွာအုပ်စုအတွင်း နေထိုင်သူ အမျိုးသမီးတဦးက DNA ကိုပြောပါတယ်။အခုလို စစ်မှုထမ်းစာရင်း အသွင်းခံရပြီး ရှေ့တန်းကို တန်းခေါ်သွားတဲ့အတွက် ရွာမှာ ရှိတဲ့လူငယ်တွေဟာလည်း စစ်မှုထမ်းမဲနှိုက်ရမှာ စိုးတဲ့အတွက် ရွာကနေ ထွက်ပြေးကုန်ကြပြီလို့လည်း ပြောပါတယ်။

အဲဒီနောက်ပိုင်းကစပြီး သဘော့ငူကျေးရွာ အုပ်စုအတွင်းမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရသည် ဖြစ်စေ ၊ မဲမနှိုက်ရသည် ဖြစ်စေ အုပ်ချုပ်ရေးမှူး အဖွဲ့က အိမ်တိုင်းကို တလမှာ နှစ်သောင်းကနေ သုံးသောင်း လစဉ်ကောက်ခံနေတယ်လို့ သိရပါတယ်။