“ စစ်ဖြစ်နေတဲ့နေရာနဲ့ ကျွန်တော်တို့နဲ့ ဘယ်လောက် မှဝေးတာ မဟုတ်ဘူး။ အဲဒီကနေစစ်ရှောင်လာတာတွေ ဈေးဝယ်လာတာတွေကို အမြဲတမ်းကြမ်းကြမ်း တမ်းတမ်း စစ်ဆေးတယ် လိုင်စင်မရှိလို့ဆိုပြီး ငွေတောင်းတာတွေ၊ စစ်ရှောင်လာပါတယ်ဆို ဟိုအထောက်အထား ဒီအထောက်အထား မပါလို့ဆိုတာတွေနဲ့လည်း ငွေတောင်းတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။
၃၀၊ဇွန်
ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်၊နိဗ္ဗာန်ကျေးရွာ စခန်းမှူးဟာ အကျင့်ပျက် ချစားမှုတွေ ပြုလုပ်နေတဲ့အပြင် စစ်ရှောင်ပြည်သူတွေကိုပါ စစ်ဆေးမှုတင်းကြပ်ထားပြီးငွေကြေးကောက်ခံမှုတွေ ပြုလုပ် နေတဲ့သူဖြစ်တယ်လို့ နိဗ္ဗာန်ကျေးရွာ ဒေသခံတွေက DNA ကိုဆက်သွယ်ပြောကြားလာပါတယ်။
“စစ်ရှောင်ဖြစ်နေလို့ ခက်ခဲတာကတော့ အများကြီးပဲ။ ဧည့်စာရင်းတိုင်တော့လည်း စစ်ရှောင်မို့ ငွေပိုပေးရတယ်။ ဆိုင်ကယ်လည်း လိုင်စင်ခဏတိုင်းဖမ်းနေတော့ မစီးပဲဒီတိုင်းထားရတယ်။ ဟင်္သာတလောက်သွားတာကိုလည်း သူတို့ကိုအသိပေးနေရတယ်။ စစ်ဖြစ်လို့ ရှောင်ရတာတောင် တိုးတိုးတိတ် တိတ် နေရတယ်။ မသိရင် အပြစ်ကျူးလွန်ထားတာကျလို့” လို့ နိဗ္ဗာန်ကျေးရွာမှာ စစ်ရှောင်နေရသူ တဦးက DNA ကိုပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ DNA က စုံစမ်းကြည့်ရာမှာတော့ နိဗ္ဗာန်ကျေးရွာ ရဲစခန်းက အမှန် တကယ်ကို ဒီလိုလုပ်ရပ်တွေ လုပ်ဆောင်နေတယ် ဆိုတာကို အတည်ပြုပေးနိုင်သူတွေနဲ့ အဆက်သွယ်ရရှိခဲ့ပါတယ်။
“ စစ်ဖြစ်နေတဲ့နေရာနဲ့ ကျွန်တော်တို့နဲ့ ဘယ်လောက် မှဝေးတာ မဟုတ်ဘူး။ အဲဒီကနေစစ်ရှောင်လာတာတွေ ဈေးဝယ်လာတာတွေကို အမြဲတမ်းကြမ်းကြမ်း တမ်းတမ်း စစ်ဆေးတယ် လိုင်စင်မရှိလို့ဆိုပြီး ငွေတောင်းတာတွေ၊ စစ်ရှောင်လာပါတယ်ဆို ဟိုအထောက်အထား ဒီအထောက်အထားမပါလို့ဆိုတာတွေနဲ့လည်း ငွေတောင်းတယ်”လို့ ဒေသခံ တဦးက ဆိုပါတယ်။
အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအပေါ် အတင်းအ ကြပ် ငွေတောင်းနေသလို တဖက်မှာလည်း လောင်း ကစားဝိုင်းတွေကို တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ရဲစခန်းက ပူးပေါင်းလုပ်ဆောင်နေတာတွေကိုလည်း မြင်တွေ့နေရတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေသာ ကြပ်တည်းနေတာ လောင်းကစားဝိုင်းတွေကတော့ ပေါလို့ပဲ။ အလုပ်မရှိကြ ကြပ်တည်းကြတော့ လောင်းကစားကရမလား သွားလုပ်ကြရင်း ပိုပို ဒုက္ခရောက်နေကြရတယ်။ လောင်းကစားဝိုင်းတွေရဲ့ နောက်ဆက်တွဲ ခိုးဆိုးလုယက်တွေကလည်း ပိုပိုပေါလာတယ်။ သူတို့ကတော့ ငွေတောင်းတာကလွဲရင် ပြည်သူအတွက် ဘာမှမလုပ်ပေးဘူး”လို့ လူမှုကူညီရေး အသင်းတခုရဲ့ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ မြို့နယ်နဲ့ ခရိုင်က ရဲမှူးတွေဆီကို လောင်းကစားဝိုင်းတွေ ခွင့်ပြုထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ တိုင်စာတွေပို့ဖို့ စီစဉ်နေတာတွေ ရှိနေပြီလို့ သိရပေမယ့် DNA အနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
နိဗ္ဗာန်ကျေးရွာ ရဲစခန်းရဲ့ စခန်းမှူး နန်းဝင်းအောင်အပါအဝင် တာဝန်ကျ ရဲတွေရဲ့ လုပ်ဆောင်မှုတွေ အကြောင်းကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ DNA က သတင်းတပုဒ် တင်ဆက်ခဲ့ပါတယ်။
အဲ့ဒီသတင်းကြောင့် အခြားသော ရဲစခန်းတွေရဲ့ အကျင့်ပျက် လာဒ်စားမှုတွေအကြောင်းကို DNA ဆီကို ပေးပို့လာတဲ့ သတင်းစကားတွေလည်း ပိုမိုများပြားလာနေပါတယ်။