“စစ်ပွဲက အနားရောက်နေပြီ။ ရွေးကောက်ပွဲ ကိုမျှော်နေသေးတယ်။ အုပ်ချုပ်ရေး အဖွဲ့ထဲဝင်လုပ်တာ ပါတီအတွက်လည်း မဟုတ်ဘူး၊ တပ်အတွက်လည်း မဟုတ်ဘူး။ ကလေကချေတွေ ရွာလူကြီးတက်လုပ်ရင် ရွာနာမှာစိုးလို့လုပ်တာ ခုလိုဖြုတ်ပစ်မယ် အသံကြားရတော့ ဝမ်းသာတယ်”
ဇွန်. ၂၆
ဧရာဝတီတိုင်း စစ်ကောင်စီရုံးစိုက်တဲ့ ပုသိမ်မြို့နဲ့ မြို့နယ်အတွင်းက ရပ်ကွက်ကျေး ရွာ အုပ်ချုပ်ရေးမှူးအများစု ကို ဒီလ( ဇွန်လ)ကုန်မှာဖယ်ရှားမယ် လို့ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ နီးစပ်သူ အကြားက သတင်းထွက်ပေါ်နေပါ တယ်။
“ဖြုတ်မှာ ကတော့ သေချာတယ်။ အများစုကို ဖြုတ်မှာ ၊ အကုန်နီးပါးပဲ။ ရက်တော့ အတိအကျမသိဘူး။ ခုလူတွေက အထက်က ညွှန်ကြားချက်ကို အကောင်အထည်ဖေါ်နိုင်တာ သိပ်မရှိဘူး။ အုပ်ကြီးတွေ က ရပ်ကွက်ထဲမှာ ငွေညှစ်တဲ့ အလုပ်ကိုပဲ လုပ်နေတာလို့” ခရိုင်ထွေအုပ် ဝန်ထမ်းတဦးက ပြောပါတယ်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ အထက်ကညွှန်ကြားချက်ကို အကောင်အထည်ဖေါ် လုပ်ဆောင်မှု အားနည်းနေတာ တွေကြောင့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ မဲအောင်နိုင်ရေး အတွက် စိုးရိမ်မကင်း ဖြစ်နေပြီး ပါတီအောင် နိုင်ရေး အတွက် စိတ်ချရတဲ့သူတွေနဲ့ လူပြောင်းခန့်ဖို့ စီစဉ်နေတာလို့ ပုသိမ်ခရိုင် ထွေ/အုပ်ဝန်ထမ်းက ပြောပါတယ်။
ပုသိမ်မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက် ကျေးရာအုပ်စု ၇၅ အုပ်စု ရှိတဲ့ အနက် အမှတ် ၆ ရပ်ကွက် နဲ့ အမှတ် ၁၀ ရပ်ကွက် က အုပ်ချုပ်ရေးမှူး ၂ ဦးသာ ကျန်ခဲ့မှာဖြစ်တယ်လို့ သူကမှတ်ချက်ပေးပါတယ်။
လက်ရှိ အဖြုတ် ခံရမယ့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ ကြံ့ခိုင်ရေး ပါတီဝင် အများစုနဲ့ မဘသအဖွဲ့ဝင် တပ်ထောက်ခံသူတွေ ဖြစ်ကြပြီး သူတို့ရဲ့ နေရာမှာ၊ တပ်ထွက် နဲ့ ပျူစောထီးတွေကို အစားထိုး ခန့်ထားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖါယ်ရှားမယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဒီလိုအစီအစဉ်ဟာ ထွေအုပ်ဦးစီး ဌာနက လုပ်စားဖို့ အကွက်ဖန်တာ၊ အုပ်ချုပ်ရေးမှူး ရာထူးတနေရာအတွက် ကျပ်သိန်း ငါးဆယ်ကနေ ကျပ်သိန်းတရာ အတွင်းလာဘ်ထိုးရတယ်လို့ ရပ်ကြေးအုပ်ချုပ်ရေးမှူးတဦးက မှတ်ချက်ပေးပါတယ်။
“စစ်ပွဲက အနားရောက်နေပြီ။ ရွေးကောက်ပွဲ ကိုမျှော်နေသေးတယ်။ အုပ်ချုပ်ရေး အဖွဲ့ထဲဝင်လုပ်တာ ပါတီအတွက်လည်း မဟုတ်ဘူး၊ တပ်အတွက်လည်း မဟုတ်ဘူး။ ကလေကချေတွေ ရွာလူကြီးတက်လုပ်ရင် ရွာနာမှာစိုးလို့လုပ်တာ ခုလိုဖြုတ်ပစ်မယ် အသံကြားရတော့ ဝမ်းသာတယ်” လို့ သူက ပြောပါတယ်။
ပုသိမ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ နဲ့ ဧပြီလတုန်းက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ အချို့ဟာ စစ်သားသစ် စုဆောင်းရာမှာ NLD ပါတီ ထောက်ခံသူတွေ ပါဝင်မလာဖို့နဲ့ ရွေးကောက်ပွဲအတွက် အနီထောက်ခံသူ နဲ့ အစိမ်းထောက်ခံသူတွေ စာရင်းပြုစုတာတွေ ရှိတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိပါဘူး။
၂၀၂၃ ခုနှစ်တုန်းကလည်း NLD ပါတီဝန်းရံသူ အချို့ ပါဝင်တဲ့ ရပ်ကျေးအုပ်ချုပ် ရေး အဖွဲ့ကို စစ်ကောင်စီက ဖယ်ရှားခဲ့ပြီး ကြံ့ခိုင်ပါတီဝင်တွေ နဲ့ တပ်ထောက်ခံသူတွေ ပါဝင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အစားထိုး ခန့်ခဲ့ပါတယ်။
ပုံစာ-ပုသိမ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းတခု