ကျွန်တော်တို့ပါတီက အစိုးရဖွဲ့နိုင်လို့ရှိရင် ခုဖြစ်နေတာတွေကို ထိန်းချုပ်ဖို့ရော၊ ခုလိုတွေ ထပ်မဖြစ်ဖို့ရော ကတိပေးတယ်ဆိုတာတွေ ပြန်ရှင်းပြကြတယ် ” လို့ ပါတီအောင်နိုင်ရေး အဖွဲ့ထဲမှာပါဝင်နေသူ တဦးက DNA ကိုပြောပါတယ်။
၂၇၊ဇွန်လ
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်ထဲမှာ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နယ်မြေကွင်းဆင်းမှုတွေပြုလုပ်နေပြီး ကောင်းမွန်သော အရွေ့ဖြစ်လာနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးစားမယ်ဆိုတဲ့ ကတိကဝတ်တွေ ပေးနေပါတယ်။
“ အခုဖြစ်နေတာတွေနဲ့ပတ်သက်လို့(စစ်ပွဲတွေအကြောင်း) ပါတီထဲကလူတွေက မေးတာ၊မြန်းတာတွေရှိတယ်။ ပါတီဘက်ကလည်း ဒီလိုမျိုးတွေထပ်မဖြစ်ဖို့ ရွေးကောက်ပွဲမှာ နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ပါတီက အစိုးရဖွဲ့နိုင်လို့ရှိရင် ခုဖြစ်နေတာတွေကို ထိန်းချုပ်ဖို့ရော၊ ခုလိုတွေ ထပ်မဖြစ်ဖို့ရော ကတိပေးတယ်ဆိုတာတွေ ပြန်ရှင်းပြကြတယ် ” လို့ ပါတီအောင်နိုင်ရေး အဖွဲ့ထဲမှာပါဝင်နေသူ တဦးက DNA ကိုပြောပါတယ်။
ဖျာပုံခရိုင်ရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဟာ ဒီနှစ်ဆန်းပိုင်းကတည်းက ကျေးရွာတွေကိုဆင်းပြီး ပါတီဝင် တွေ့ဆုံပွဲတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကစပြီး ဒီလိုမျိုး နယ်မြေဆင်းတာတွေကို ခပ်စိပ်စိပ် လုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရဲ့ ပါတီကော်မတီဝင်တဦးဖြစ်သူ ဒေါ်မေသန်းဦးကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သူတို့ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက် ဖော်ပြထားပါတယ်။
“ အဓိကအားဖြင့် ပါတီရဲ့ရေတိုရည်မှန်းချက်ပန်းတိုင်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးပေါ့ ဘာအတွက် နိုင်ချင်ရတာလဲဆိုတာရယ် အရွေ့တစ်ခုသွားချင်လို့ အဲဒီအရွေ့ဆိုတာကလဲ နောက်ပြန်မလှည့်တဲ့ ခြေလှမ်းတွေဖြစ်ဖို့လိုပါတယ် ကျမတို့အားလုဲးပြိုင်တူတွန်းလျှင် သေချာပေါက်ရွေ့မှာပါ ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။
ဒါအပြင် သူတို့ရဲ့ နယ်မြေကွင်းဆင်းမှုတွေမှာ ကြံ့ခိုင်ရေးပါတီကို ဆန့်ကျင်ခဲ့တဲ့သူတွေပါ တက်ရောက်ကြပြီး ပါတီအောင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေရှိခဲ့တယ်လို့လည်း ရေးသားထားတာတွေ တွေ့ရပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ ဖျာပုံခရိုင် ပါတီအောင်နိုင်ရေး အဖွဲ့ဝင်ကတော့ လက်ရှိသွားလာရာ လမ်းတလျှောက်က ခြုံရှင်းတာ၊ လမ်းတချို့ခင်းတာ၊ ရေတွင်း၊ရေကန်တွေကို ရှင်းလင်းပေးတာတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဒေါ်မေသန်းဦးရဲ့ လူမှုကွန်ရက်မှာလည်း သူတို့ဆောင်ရွက်ပေးနေမှုတွေကို မြင်တွေ့ရပါတယ်။
ဘိုကလေးမြို့က လူမှုကူညီရေးအဖွဲ့တခုရဲ့ ခေါင်းဆောင်ဖြစ်သူက “ စည်းရုံးရေးဆင်းတာဘာညာတော့ မသိဘူး။ ဒါပေမယ့် ခြုံတွေလိုက်ရှင်းနေတာတော့တွေ့တယ်။ သူတို့က စည်ပင်တို့ မီးသတ်တို့နဲ့ အတူတူလုပ်တာဖြစ်မယ် သူတို့(ကြံ့ခိုင်ရေးပါတီ)ချည်းပဲလုပ်တာတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တော့ တွေ့လည်းမတွေ့ဖူးဘူး ” လို့ ဆိုပါတယ်။
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားပြင်ဆင်နေပြီး စစ်တပ်ရဲ့လက်အောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ပါတီအောင်နိုင်ရေးအတွက် စတင်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။