တကမ္ဘာလုံးမှာ ကလေးငယ်ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာ

၂၀၂၃ ခုနှစ်အတွင်း ကာကွယ်ဆေးမှ မထိုးရတဲ့ ကလေးငယ်ပေါင်း ၁၆သန်းရှိခဲ့ပြီး အများစုကတော့ အာဖရိကတောင်ပိုင်းနဲ့ တောင်အာရှနိုင်ငံတွေက ဖြစ်ပါတယ်။

၂၆ ၊ ဇွန်လ ။

ကမ္ဘာလုံးဆိုင်ရာလေ့လာမှုအသစ်တခုအရ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါအမျိုးမျိုးကနေ ကလေးငယ်တွေကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်ဟာ နှစ် ၂၀ အတွင်းမှာ တိုးတက်မှုနှုန်း ရပ်တန့်သွားပြီး နိုင်ငံတချို့မှာတော့ နောက်ပြန်ဆုတ်သွားတဲ့အထိဖြစ်လာကြောင်း ဖော်ပြထားပါတယ်။

Covid-19 ကပ်ရောဂါက ဒီအခြေအနေကို ပိုဆိုးသွားစေပြီး ကလေးငယ်သန်းချီဟာ ဝက်သက်၊ တီဘီ၊ ပိုလီယို စတဲ့ရောဂါတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်မဲ့နေပါတယ်။

ကာကွယ်ဆေးထိုးနှံရေး စီမံကိန်းတွေအတွက် နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံရတာနဲ့ ကာကွယ်ဆေးထိုးဖို့ မလိုဘူးဆိုတဲ့ ယူဆချက် ၊ ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး မယုံကြည်မှု စတဲ့အခြေအနေတွေကြောင့် အန္တရာယ်ပိုများလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးခဲ့ကြပါတယ်။

ဒါ့အပြင်ကလေးအားလုံးအတွက် တန်းတူ ကာကွယ်ဆေးဝန်ဆောင်မှုရရှိရေး အထောက်အပံ့ပြုဖို့ကိုလည်း သုတေသီတွေက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ ကလေးငယ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ဟာ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

၁၉၇၄ခုနှစ်ကစလို့ ကလေးငယ်ပေါင်း ၄ ဘီလီယံကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး သန်း ၁၅၀ကျော် ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

၁၉၇၄ ကနေ ၂၀၂၃ အထိ ထိုးတက်မှုရာခိုင်နှုန်း နှစ်ဆတိုးလာခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းကစပြီး တိုးတက်မှု ရပ်တန့်နေခဲ့ပါတယ်။ The Lancet ဆေးပညာဂျာနယ်က ထုတ်ပြန်တဲ့ စစ်တမ်းတစောင်အရ နိုင်ငံပေါင်း ၁၀၀ နီးပါးမှာလည်း ဝက်သက်ရောဂါအတွက် ကာကွယ်ဆေးထိုးတာတွေ လျော့ကျလာနေတယ်လို့ ဖော်ပြထားပါတယ်။

ကိုဗစ် လော့ဒေါင်းကာလတွေကြောင့်လည်း ကလေးငယ်တွေ ကာကွယ်ဆေးထိုးရမယ့် အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ရတာကြောင့်လည်း အခြေအနေပိုဆိုးလာခဲ့တာပါ။

၂၀၂၃ ခုနှစ်အတွင်း ဘာကာကွယ်ဆေးမှ မထိုးရတဲ့ ကလေးငယ်ပေါင်း ၁၆သန်းရှိခဲ့ပြီး အများစုကတော့ အာဖရိကတောင်ပိုင်းနဲ့ တောင်အာရှနိုင်ငံတွေက ဖြစ်ပါတယ်။

Ref – BBC
#ကလေးငယ် #ကာကွယ်ဆေး #ကျဆင်း
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH