ထောက်ခံစာပါမှ ငသိုင်းချောင်းမှာ ဈေးဝယ်ပါ ၊ ထောက်ခံစာ အလကား မရပါ

“ကုန်စိမ်းဘာညာ၊ အသီးအနှံတွေ ပါလာလို့ ဒါလေးစားချင်တယ်ဆိုရင် ပေးထားခဲ့ရသေးတာ” လို့လည်း ရေနံ့သာ ရွာခံက ပြောပါတယ်။

၂၃၊ ဇွန်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ နေထိုင်သူတွေဟာ

ငါးသိုင်းချောင်းမြို့ပေါ်ကို  စျေးတက်ဝယ်ဖို့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ ထောက်ခံစာယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဘယ်လောက်ပဲဝယ်ရမယ်ဆိုတာက စစ်တပ်က သတ်မှတ်တာ၊ သူတို့ဂိတ်တွေကို ဖြတ်သွားရတယ်၊ အုပ်ကြီးထောက်ခံစာနဲ့သွားဝယ်၊ ပြန်လာရင်သူတို့သတ်မှတ်ထားတဲ့အတိုင်းပဲ ဝယ်လာရတယ်” လို့ ရေနံ့သာရွာခံတဦးက DNA ကို ပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေနဲ့ အနီးတဝိုက်မှာရှိတဲ့ ရေကြည်မြို့နယ်ထဲက ဂွ-ငါးသိုင်းချောင်းကားလမ်းတဝိုက်နဲ့ ပုသိမ်-မုံရွာကားလမ်းတဝိုက် ကျေးရွာတွေက ဒေသခံတွေ စျေးဝယ်ဖို့ အခုလို ထောက်ခံစာပြုလုပ်နေရတာပါ။

ထောက်ခံစာတွေမှာလည်း မိသားစုဝင်အရေအတွက်အပေါ်မူတည်ပြီး ဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းပမာဏာကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“ဥပမာ ဆန်ဆိုရင် ၃ ပြည်၊ ဆီ ၅၀ သားပေါ့၊ နောက် ကုန်စိမ်း၊ သားငါး၊ မုန့်ပေါ့ စသဖြင့်၊ သူတို့စစ်လို့ မိသားစုနဲ့ဝယ်လာတာနဲ့ များနေတယ်လို့ သူတို့ထင်ရင် ပြဿနာရှာတယ်၊ ကိုယ့်မိသားစုက လူများရင် ထောက်ခံစာနှစ်စောင်လုပ်ပေါ့” လို့လည်း ရေနံ့သာရွာခံက ပြောပါတယ်။

အခုလို စျေးဝယ်ခွင့်ထောက်ခံစာတွေကို ငါးသိုင်းချောင်းမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတာဖြစ်ပြီး ပိုဝယ်လာတဲ့ ပစ္စည်းတွေကိုလည်း သိမ်းယူတယ်လို့ ဆိုပါတယ်။

“ကုန်စိမ်းဘာညာ၊ အသီးအနှံတွေ ပါလာလို့ ဒါလေးစားချင်တယ်ဆိုရင် ပေးထားခဲ့ရသေးတာ” လို့လည်း ရေနံ့သာ ရွာခံက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်ကနေ အခုလို ကန့်သတ်မှုတွေလုပ်လာတာဖြစ်ပြီး ဒေသခံတွေကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေဘက် ရိက္ခာဖြတ်တောက်ချင်လို့ အခုလိုပြုလုပ်လာတာလို့ ယူဆကြပါတယ်။

ထောက်ခံစာပြုလုပ်ရာမှာလည်း အုပ်ချုပ်ရေးမှူးတွေထံ ငွေကျပ် သုံးထောင်ကနေ ငါးထောင်အထိ ပေးနေရပြီး ထောက်ခံစာတခုကို တခါပဲ အသုံးပြုခွင့်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အုပ်ကြီးက မတောင်းဘူးဗျ၊ အဆင်ပြေသလိုပဲပေးရတယ်ဆိုပြန်တော့ 3000/5000 အများဆုံးပေါ့ဗျာ၊1000 ပေးလို့မှမကောင်းတာ” လို့လည်း ပုသိမ်-မုံရွာကားလမ်း အနောက်ဘက်ခြမ်း ကျေးရွာတခုက ဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ သာပေါင်းမြို့နယ်ထဲရှိ ကျေးရွာတချို့က ဒေသခံတွေလည်း မြို့ပေါ်တက်ပြီး စက်သုံးဆီနဲ့ စျေးဝယ်ယူဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး ထောက်ခံစာပြုလုပ်နေရတယ်လို့ သိရပါတယ်။